ဗန်းမော်  ၁၃ ဇန်နဝါရီ 

 

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ယနေ့ နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ်ကမ်းနံဘေး၌ ဆီဘောက်ဆာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ နှစ်ဦးမီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

23

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအုပ်စု၊ ဘုံဘိုင်ရပ် (ဒေသအခေါ်)ရှိ ဧရာဝတီမြစ်ကမ်းနံဘေးတွင် ရပ်တန့်ထားသည့် ပုဂ္ပလိကပိုင် ဆီတွဲရေယာဉ်ပေါ်မှတစ်ဆင့် မြစ်ကမ်းပါးပေါ် ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်သို့ ဆီဖြည့်တင်းနေစဉ် ဆီဖြည့်သည့် ပိုက်ဂေါက်နှင့် ဆီဘောက်ဆာ နှုတ်ခမ်းဝတို့ ပွတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

258

 

မီးလောင်ကျွမ်းမှုကြောင့် ဓနုဖြူမြို့နယ် ကျုံကဆင်းကျေးရွာနေ အောင်သန်းထိုက် (ခ) အာကာ (၂၃)နှစ်၊ ဗန်းမော်မြို့ ဟန်းတဲရပ်ကွက်နေ နိုင်လင်းထွန်း (၂၃)နှစ်နှင့် ထွန်းထွန်းဝင်း (နေရပ်လိပ်စာစိစစ်ဆဲ) တို့သုံးဦးမှာ အခင်းဖြစ်သည့် နေရာတွင် သေဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အုန်းချောကျေးရွာနေ သက်နောင်ဦး (၂၃)နှစ်နှင့် မြင်းခြံမြို့နေ ဟိန်းဇော် (၁၈)နှစ်တို့နှစ်ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)