၂၉ စက်တင်ဘာ 

 

အညာဒေသတွင် သုံးရက်လုံး နေပူနေသော်လည်း ကျွန်တော်တို့ပြန်လာမှ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့အတက်တွင် မိုးအုံ့စပြုနေသည်။ ကောင်းကင်ကို ကြည့်လိုက်တော့ တိမ်မည်းညိုများ စုနေသည်။ လေက တိုက်နေသည်။ ဟားခါးမြို့ အပြန်လမ်းတွင် ကျွန်တော်စီးလာသော ကားလေးက တောင်ပေါ်သို့ အရှိန်ပြင်းစွာ ပြေးတက်နေသည်။ ကလေး-ဟားခါးလမ်းခွဲသို့ ရောက်လာသည်။ ဟားခါးသို့ ၇၇မိုင် ၁ ဖာလုံဝေး ကြောင်း လမ်းညွှန်အမှတ်အသားက ပြနေသည်။ ကားရှင်းသော တနင်္ဂနွေနေ့ ကတ္တရာ လမ်းကောင်း၍ ကားကခရီးတွင်သည်။ 

 

လမ်းဘေးတစ်ဖက်တစ်ချက်တွင် အင်ပင်၊ ယမနေနှင့် သစ်မျိုးစုံပေါက်ရောက်၍ စိမ်းလန်းစိုပြည်သည်။ ချင်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတွေ့ရသည်။ လေနုအေးက ကားအတွင်းသို့ တိုးဝင်လာသည်။ မိုးရွာမည့် လက္ခဏာ။ သိပ်မကြာလိုက် မိုးရေစက်တို့ ကားမှန်ကို ထိမှန်လာသည်။ မိုးသဲသဲမဲမဲရွာ ပေပြီ။ တောင်ကြားထဲမှ မြူငွေ့များဝဲပျံတက်လာသည်။ ရှေ့မှာ မြင်ကွင်းကျဉ်းလာသည်။ သုံးလံလေးလံအဝေးကိုပင် လူလုံးမကွဲဖြစ်လာသည်။ ကားကိုမီးထိုးမောင်းသည်။ မိုးသံလေသံကြောင့် ဘာမျှမကြားရ။ ကျောက်သယ်  Skat   အမျိုးအစား အဖြူရောင်ကားတစ်စီး ဘွားခနဲတွေ့လိုက်ရသည်။ ဟွန်းတီးသတိပေးရသည်။ မြေပြန့် လွင်ပြင်နှင့်မတူသော အခြေအနေကို တောင်ပေါ်သားတို့ ကြုံရသည်။ တောင်ပေါ်သားတို့အတွက်တော့ မထူးဆန်းလှ။ တောင်ကမ်းပါးယံပေါ်မှရွှံ့များက အရည်ပျော်စီးဆင်းလာသည်။ ကတ္တရာလမ်းမကို ဖုံးလွှမ်း အကျည်းတန်စေသည်။ အတော်ကြာမှ လမ်းဘေးတွင် ဆိုင်ကယ်နှင့် မိုးကာ အင်္ကျီဝတ်ဆင်ထားသော လူသုံးဦးကို တွေ့လိုက်ရသည်။ အိတ်ထဲသို့ တခုခုထည့်နေကြသည်။ ဂန့်ဂေါမြို့မှ တောထဲတွင် မှိုလာရှာသူ များ ဖြစ်ပါသည်။ တချို့မှိုများက အဝါရောင်တွေ့ရသည်။ ဝယ်စားဖူးပါသည်။ အရသာက တစ်မျိုးကောင်းသည်။
ကားလေးက ဘုံဇုံးကျေးရွာရောက်လာသည်။ ဘုံဇုံးဘေးနားရှိချောင်းက သနပ်ခါးတုံး အခဲအား အရည်ဖျော်ထားသကဲ့သို့ ဝါထိန်နေသည်။ ရွှံ့များ ပျော်ဝင်နေသည်မှာ သေချာသည်။ ကျောက်သယ်ကားများ၊ ဆိုင်ကယ်များကို ရံဖန်ရံခါတွေ့ရသည်။ လမ်းမဘေးတွင် ကျောက်ထုခွဲရသော လမ်းလုပ်သားများ၊ ချော်ကျောက်မည်းများအား အစုအပုံလိုက် တွေ့ရသည်။ လမ်းသုတ်ရွာသို့ ရောက်လာသည်။ မိုးရွာနေ၍ လမ်းမ၌လူမရှိ။ လမ်းသုတ်က ရွာကြီးထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များရှိသည်။ မော်တော်ကားများ အများဆုံးနားလေ့ရှိသည်။ ဟားခါးမြို့နှင့် ဂန့်ဂေါမြို့တစ်ဝက်ခန့် အကွာအဝေးရှိသည်။

 

ကျွန်တော်တို့ကားလေးက သီနှမ်းရွာကို ကျော်လာခဲ့သည်။ မြူနှင်းထုပို၍ သိပ်သည်း လာပြန်သည်။ တောင်ပေါ်မှ သဘာဝရေတံခွန် ဖြူဖြူဖွေးဖွေးတွေ့ရသည်။ တောင်ကျရေများက တောင်ဆင်ခြေလျှောမှ တစ်ဆင့် လျှိုအောက်ရှိ ချောင်းများဆီသို့ စီးဆင်းသွားသည်။ မိုးကာဖျင်အပြာစ အလုပ်သမား တဲအိမ်လေး များတွေ့ရသည်။ ရွာဗန်းရွာနားရောက် မိုးကရပ်သွားသည်။ တချို့နေရာက မြူခိုး၊ မြူငွေ့များ ဝဲပျံရွေ့လျားလျက် တချို့နေရာတွင် ဝန်းကျင်က ကြည်လင်နေပြန်သည်။ ယခင်ကလို မြေပြိုကျတာ မရှိတော့၊ မြေထိန်း နံရံများက ကာကွယ်ထားသည်။ ယခင်က ဟားခါးမှ ဂန့်ဂေါမြို့သို့ ရှစ်နာရီကြာသွားရ သည်ထိ ခက်ခဲသည်။ ယခုတော့ မန္တလေးမြို့မှ နံနက် ၆ နာရီကျော် ထွက်လာလျှင် (ထမင်း စား၊ ဆီထည့်၊ နားချိန်မပါ) ၁၃ နာရီနှင့် ဟားခါးမြို့သို့ ရောက်သည်အထိ လမ်းခရီးက ဖြောင့်ဖြူးသည်။ ယခင်က ဟားခါးမြို့မှ ကလေး မြို့ထိသာ လမ်းပေါက်သဖြင့် သွားလာရေး ခက်ခဲခဲ့သည်။

 

ယခုအခါ နိုင်ငံတော်အစိုးရ အဆက်ဆက်၏ ကျေးဇူးကြောင့် ချင်းပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးခဲ့သဖြင့် အချိန်မရွေးသွားလာနိုင်သည်။ အလားတူပင် ဟားခါးမြို့မှ ကလေးမြို့သို့ လည်း ရာသီမရွေး သွားလာနိုင်သည်။ နိုင်ငံတော်အစိုးရမှ နှစ်အလိုက် မြေပြိုကျနိုင် သောနေရာများအား မြေထိန်းနံရံများ ပြုလုပ်ပေးခြင်း၊ ကွန်ကရစ်ရေမြောင်းများ ဖောက်လုပ် ပေးခြင်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ ဆောင်ရွက်ရန် ဘတ်ဂျက်ရန်ပုံငွေများ ချထားပေးသည်။ ချင်းပြည်နယ် လမ်းဦးစီးဌာနမှလည်း တောင်ပြိုမှုဖြစ်ပေါ်ပါက ချက်ချင်းဖယ်ရှားနိုင်အောင် ဆောင်ရွက်ခြင်း၊ ကြိုတင် ကာကွယ်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ခြင်းတို့ကြောင့် ယခုနှစ်မိုးတွင်း ကာလတွင် လမ်းပိတ်ဆို့မှု များမရှိသလောက် လျော့ကျသွားတာ တွေ့ရပေသည်။ ယခင်က မိုးရွာလိုက်သည်နှင့် တောင်ပြိုကျလေ့ရှိသည်။ ယခုနှစ်တွင် မြန်မာပြည်တခြားဒေသများတွင် သဘာဝဘေးမိုးများ၍ ရေဘေးကြုံတွေ့နေရ သော်လည်း ချင်းပြည်နယ်လမ်းမှာ ကြံ့ကြံ့ခံနိုင် စွမ်းရှိနေတော့သည်။ ယခုအခါ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများအား ချက်ချင်းဆောင်ရွက်နိုင် သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ် သည်။

 

ဟားခါးမြို့ အပြန်လမ်းမပေါ်တွင် ကျောက်ထုခွဲနေသော အလုပ်သမားအုပ်စုများ တွေ့ရသည်။ ဒေသခံများအပြင် ဂန့်ဂေါ၊ ကလေး၊ မိတ္ထီလာအပါအဝင် နယ်ပေါင်းစုံပါဝင်ကြသည်။ ဂန့်ဂေါမြို့နယ် နတ်ချောင်း ရွာမှ ကိုကျော်ထွန်းဆိုသူက နွေ၊ ဆောင်းရာသီ တွင် ကြိုးစားလုပ်ပါက တစ်လလျှင် ကျောက် ကျင်း ၆ဝ ခန့်ပြီးစီးကြောင်း၊ စားသောက်ပြီး ငါးသိန်းခန့်ရရှိကြောင်း၊ မိုးရာသီတွင် အလုပ်မတွင်သဖြင့် သုံးသိန်း ငါးသောင်းခန့် အမြတ်ကျန်ရှိကြောင်း ရှင်းပြသည်။ အလုပ်သမားတဲအနီးတွင် တောင်ပေါ်ဈေး လာရောင်းသော ဒေသအခေါ်(ခွေးဘီးလူး)ကားHi Jack ကားအဖြူကိုလည်း တွေ့ရသည်။ ကားပေါ်တွင် အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီထုပ်၊ အားလူး၊ ကုလားပဲ အစုံပါရှိသည်။ ရွာသားများ၊ လမ်း အလုပ်သမားများ အချင်းချင်းဝယ်ယူအားပေး ကြသည်။

 

၁၂ မိုင်ကိုအရောက်တွင် ကလေးမြို့မှ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူကိုလည်း တွေ့ရ ပြန်သည်။ မြေပြန့်မှ တောင်ပေါ်သို့ ဈေး လာရောင်းသကဲ့သို့ မြေပြန့်မှ လမ်းခင်း ကျောက်အား အရွယ်စုံကျောက်ထုရင်း ဈေးကွက်ဖြစ် ဝမ်းစာရှာကြသူများကိုလည်း တွေ့ရသည်။ ချင်းပြည်နယ်လမ်းလုပ်ငန်းက သွေးချင်းမြေပြန့် သားတို့အား အလုပ်အကိုင် ရှာဖွေပေးသကဲ့သို့ ဈေးဝယ်ရန်ဝေးသော လမ်းပေါ်ရှိ မြေပြန့်သားတို့အားလည်း ဟင်းလျာများ ရရှိစေသည်။ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ ကိုဇော်ထွန်းက ၁၂ မိုင်ရှိ မတူပီသား နွေဘိထန်နှင့်မေရီလင်း ဇနီးမောင်နှံအိမ်တွင် အိပ်သည်။ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြပေသည်။ နွေဘိထန်က နွားနောက်မွေးသည်။ အခြားနွားနောက်များကို အဖိုးအခဖြင့် ကျောင်းပေးသည်။ တစ်နှစ် လျှင် နွားနောက်တစ်ကောင်ကို ပိုင်ရှင်ကပေး သည်။ ပိုင်ရှင်က ဆန်တစ်အိတ်၊ ဆီ တစ်ပိဿာ၊ ဆားပုံမှန်ပေးသည်။ တောင်ပေါ် သားတို့အတွက် အစားအစာ မြေပြန့်သားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများက လမ်းမကြီး ပေါ် မှီတည်၍ အပြန်အလှန် အကျိုးပြုနေကြ သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားတို့ကား တောင်ပေါ်၊ မြေပြန့်၊ ပင်လယ်၊ မြစ်ဝကျွန်းပေါ် မည်သို့ကွဲပြား ခြားနားစေကာမူ ရေကိုသား၍ အကြားမထင် သကဲ့သို့ ခွဲခြားမရ အပြန်အလှန် အကျိုးပြု နေရကြောင်း အတွေးစိတ်ကူးဖြစ်လာမိသည်။

 

ညနေ ၆နာရီပင် မထိုးသေး။ အမြင့်ပေ ၆၁၂ဝ ရှိ ဟားခါးမြို့သို့ ပြန်ရောက်ခဲ့သည်။ မြူနှင်းအချို့က တောင်အောက်တွင် တိမ်ဆုပ် တိမ်ခဲလိုက် ဂွမ်းပုံကြီးနှယ် မြင်နေရသည်။ ကျွန်တော့်ဦးခေါင်းထက်တွင် မြူမှုန်ထုများက ဝဲပျံနေဆဲရှိနေသည်။ မြေပြန့်နှင့်တောင်တန်း ဒေသကား ပထဝီအနေအထားအရ ကွာခြား သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ အချိန်နှင့်အကွာအဝေးကား ကြုံ့သွားသည်မှာ သေချာသည်။ အနာဂတ်ကာလတွင် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာ တော့မည်မှာ အသေအချာပင်ဖြစ်သည်။ 
မင်းလပြည့်(ဟားခါး)