၁၃ အောက်တိုဘာ

 

တိုင်းရင်းသားပေါင်းစုံ စုပေါင်းမှီတင်းနေထိုင်လျက်ရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေရာဒေသ အလိုက် တိုင်းရင်းသားရိုးရာပွဲတော်များ အချိန်အခါအလိုက် မိမိတို့၏ ဓလေ့ထုံးတမ်းများနှင့်အညီ ဆင်ယင် ကျင်းပလေ့ရှိကြသည်။ မြန်မာတိုင်းရင်းသားညီနောင်များထဲတွင် ခိုလုံလီရှောတိုင်းရင်းသားများသည် ရှမ်းပြည် နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ မြို့ပြ၊ ကျေးလက်ဒေသများတွင် အများဆုံးနေထိုင်ပြီး မူဆယ်၊ကွတ်ခိုင်၊ လားရှိုး၊ မန္တလေး၊ မိုးကုတ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်၊ ကချင်ပြည်နယ်မြစ်ကြီးနား၊ မန်စီမြို့နယ် (မန့်ဝိန်းကြီး) စသည့်ဒေသများတွင် ပျံ့နှံ့နေထိုင်ကြကြောင်း မှတ်တမ်းများအရ သိရသည်။ ယဉ်ကျေးမှု ဗဟိုရုံးကိုနမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားပြီး ရိုးရာဓလေ့ပွဲများကို ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ဆင်ယင် ကျင်းပလေ့ရှိကြသည်။

 

ရိုးရာဓလေ့ပွဲများတွင် နှစ်သစ်ကူးပွဲသည်လူသိထင်ရှားပြီး စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြသည်။ နှစ်သစ်ကူးပွဲကို နှစ်စဉ်ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်မြို့နယ်လုံးစုပေါင်းကျင်းပပြီး မိမိတို့နေထိုင်ရာ ကျေးရွာဒေသအလိုက် တစ်နယ်လုံးက ရှေးရိုးအစဉ်အလာအတိုင်း ကျင်းပကြသည်။ ပွဲတော်ရက်တွင် အမျိုးသားများက ဂျင်ပေါက်ကစားခြင်း၊ နှစ်သစ်မင်္ဂလာရိုးရာကျေးလက်တေးများသီဆိုခြင်း၊ သုံးကြိုးမယ်ဒလင်၊ ဝါးပလွေများတီးမှုတ်ကာ စုပေါင်းဝိုင်းဖွဲ့ကခုန်ခြင်း၊ လူပျို၊ အပျိုများကချစ်ရေးဆိုသီချင်းကို အပြန်အလှန်သီဆို ချစ်ရေးဆိုခြင်း၊ မိမိတို့၏ မြို့နယ်အတွင်းရှိ အခြားသောတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကိုဖိတ်ကြား၍ သီဆိုတီးမှုတ်ကပြပြီးကောက်သစ်စားပွဲကို လက်ရေတစ်ပြင်တည်း စားသောက်ကာ နှစ်သစ်ကူးပွဲကို ဆင်ယင်ကျင်းပလေ့ရှိကြသည်။

 

ယဉ်ကျေးမှုအဖွဲ့မှ လူငယ်လူရွယ် အမျိုးသားအမျိုးသမီးများက ရပ်မိရပ်ဖများ၏ အိမ်သို့သွား၍ နှစ်သစ် မင်္ဂလာသီချင်း သီဆိုဆုတောင်းပေးကြသည်။အိမ်ရှင်မိသားစုက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ရပ်ကျိုးရွာကျိုးနှင့် ယဉ်ကျေးမှု လုပ်ငန်းများတွင် သုံးစွဲရန် အလှူငွေများထည့်ဝင်ကြသည်။ နှစ်သစ်ကူးကောက်သစ်စားပွဲတော်ကို မိသားစုအလိုက်၊ ကျေးရွာအလိုက် ဆင်ယင်ကျင်းပကြပြီး အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိကြသော မိသားစုများမိမိတို့၏နေအိမ်သို့ပြန်လာပြီး မျိုးနွယ်စု စုံညီစုပေါင်းကျင်းပကြသော အမြတ်တနိုး တန်ဖိုးထားကြ သည့်  ပွဲတော်ဖြစ်သည်။ 
စုပေါင်းကျင်းပသည့်အခါ လူကြီး၊ လူငယ်လူရွယ် အမျိုးသား အမျိုးသမီးများက ရိုးရာဝတ်စုံကိုဝတ်ဆင်ကြပြီး စုပေါင်းဝိုင်းဖွဲ့ကကြသော အကမှာခြေကိုထိုး၍ အမျိုးမျိုးပြောင်းလဲကာ သုံးကြိုးမယ်ဒလင် တီးခတ်သူ၏ တီးလုံးနှင့် ကိုက်ညီလိုက်ဖက်သော ကကွက်ကို ကကြရသည်။ ဤအကသည် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ထားရှိတတ်ခြင်း၊ ကိုယ်ကာယကျန်းမာမှုအတွက် အကျိုးရှိခြင်း၊ ပျော်ရွှင်ကြည်နူးမှုဖြစ်ပေါ်စေခြင်း၊ တစ်ဦးနှင့် တစ်ဦးခင်မင်ရင်းနှီးမှုကိုရရှိခြင်း၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသော စိတ်ဓာတ်ထားရှိတတ်ခြင်း ကြောင့် ထင်ရှားသော အကဖြစ်သည်နှင့်အညီ အများစိတ်ဝင်စားသည့် အကလည်းဖြစ်သည်။ ခိုလုံလီရှောတိုင်းရင်း သားတို့၏ ရိုးရာနှစ်သစ်ကူးကောက်သစ်စားပွဲတော်၏ ဂုဏ်ရှိန်ကို မြှင့်တင်ပေးသော ဤရိုးရာအကကိုပါ ဝင်ဆင်နွှဲကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမမည်သူမဆို ပါဝင်ကပြနိုင်ကြပြီး ပျော်ရွှင်ဖွယ် ကောင်းသော ခိုလုံလီရှောတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူး ကောက်သစ်စားပွဲတော်ကို အခါအခွင့်သင့်ပါက ပါဝင်ဆင်နွှဲကြ ရန် ရေးသားတင်ပြလိုက်ရပါသည်။ 

 

ဉာဏ်မင်း(နမ့်ခမ်း)