စစ်တွေ  ၁၃  ဇန်နဝါရီ 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ် ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ယနေ့အခမ်းအနားသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောင်မြင်သော ပြောင်းလဲမှုတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်များစွာတွင် သတင်းအချက်ဖြန့်ဝေသောစနစ်ကို သတင်းပို့သည့်အခါ အခက်အခဲများစွာဖြင့် လုပ်ဆောင်ခဲ့ရပါကြောင်း၊ ထိုအခက်အခဲများကို ယနေ့ဖြန့်ဝေသည့် Mobile Tablet မှတစ်ဆင့် အောင်မြင်ကျော်လွှားပြီး လျင်မြန်စွာလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ Mobile Tablet မှတစ်ဆင့် ဝန်ထမ်းများအတွက် အသိပညာဖြန့်ဝေခြင်းများ၊ ပြောင်လဲသည့် ခေတ်နှင့်အညီ အသိပညာများ၊ ကုထုံးများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သင်ကြားခြင်းကိုလည်း လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ယခုရရှိသည့် Mobile Tablet များကို တန်ဖိုးရှိရှိစနစ်တကျ ကိုင်တွယ်အသုံးပြုပြီး ပြည်သူများကို အကျိုပြုနိုင်အောင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။ 

 

_DSC0

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယခင်ထက်ပိုမိုပြီးထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်စေရန်နှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ၏ ကုသရေးအရည်အသွေး၊ လုပ်ငန်း စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်နိုင်စေရန်အတွက် Mobile Tablet များကို အသုံးပြုပြီးအားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ၊ဘဏ္ဍာ) ဒေါ်အေးအေးစိန်က Mobile Tablet များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်က Mobile Tablet အား ပြည်နယ်ဝန်ကြီးချုပ် အတွက်ပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းကြည်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ လက်ထောက် ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)များ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၂)များသို့  Mobile Tablet များကိုပေးအပ်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာ စိုးညီညီထွန်းက ပြည်သူ့ကျန်းမာရေးအကျိုးပြု Mobile Tablet အကြောင်း မိတ်ဆက်ပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က Mobile Tablet များ ဖြန့်ဝေပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet ၉၄၂၂ လုံးဖြန့် ဝေပေးခဲ့ပြီး ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့် တိုက်နယ်ဆရာဝန် (၅၂)ဦးနှင့် အခြေခံကျန်းမာရေးဝန် ထမ်းများစုစုပေါင်း ၁၇၁၂ ဦးအတွက် Mobile Tablet များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)

 

e _DSC0222