၁၃ အောက်တိုဘာ 

 

ရခိုင်ပြည်နယ်သည် ဗုဒ္ဓသာသနာထွန်းကားခဲ့သော နယ်မြေတစ်ခုဖြစ်ပြီး ရခိုင်ဘုရင်အဆက်ဆက် နန်းတည် နေထိုင်ခဲ့သော ဒေသတစ်ခုလည်းဖြစ်သည်။ ခေတ်လေးခေတ်မှ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သာယာလှပ သည့် ပင်လယ်ကမ်းခြေများလည်းရှိသဖြင့် ခရီးသွားဧည့်သည်များ လာရောက်ကြသည့် နေရာတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ခြမ်းတွင်တည်ရှိပြီး ရန်ကုန်မှ စစ်တွေသို့လေယာဉ်၊ ရေယာဉ်၊ ကား များဖြင့် သွားနိုင်သည်။

 

ရန်ကုန်မှ စစ်တွေသို့ လေယာဉ်ဖြင့်တစ်နာရီကြာစီးရပြီး စစ်တွေမြို့ရှိ ဘုရားများ၊အထင်ကရ နေရာများ ဖူးမြော် သွားရောက်နိုင်သည်။ စစ်တွေမြို့ ရဲနွယ်စုရပ်ရှိ လောကာနန္ဒာစေတီသည် ရွှေတိဂုံပုံတူ တည်ထားပြီး အတွင်း တွင် မဟာဝိဇယစေတီကဲ့သို့ လိုဏ်ပါသည့် စေတီဖြစ်သည်။ စေတီပရိဝုဏ်သည်၇ ဒသမ ၂၉ ဧက ကျယ်ဝန်းပြီး ရင်ပြင်တော်သည် ပတ်လည်အကျယ် ၅၉၄ ပေရှိသည်။လောကာနန္ဒာစေတီတွင် ကြီးမားခံ့ညားသော မုခ်ဦး လေးခုနှင့် အရန်စေတီရှစ်ဆူလည်းရှိသည်။ မုခ်ဦးများသည် ရှေးဟောင်းလက်ရာနှင့်အလွန်တူပြီး စေတီ အတွင်းနံရံများပေါ်တွင် ထွင်းထုထားသည့် ရုပ်ြွကလက်ရာများသည်လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။

 

လောကာနန္ဒာစေတီ၏ ပရိဝုဏ်အတွင်းတည်ရှိသော စကြာမုနိရှေးဟောင်းဘုရားကိုလည်း ဖူးမြော်နိုင်သည်။ စကြာမုနိဘုရားကြီးကို တတိယဓညဝတီခေတ်မင်းဆက် ၁၄ ဆက်မြောက် သူရိယကုလမင်းက တည်ထား ပူဇော်ခဲ့သည်။ရခိုင်ပြည်နယ်တွင် အကြီးဆုံးကြေးသွန်းဘုရားကြီးဖြစ်သော အတုလမာရဇိန် ပြည်လုံးချမ်း သာဘုရားကြီးသည် ဦးဥတ္တမလမ်းနှင့်စက်ရုံလမ်းထောင့်တွင် တည်ရှိသည်။၎င်းဘုရားကြီးကို ကြေးချိန် ၅၄၂၆ ပိဿာဖြင့်သွန်းလောင်းပူဇော်ထားသည်။ ဉာဏ်တော်ကိုးတောင် တစ်မိုက်ရှိပြီး ခြောက်တောင်ခန့်မြင့်သော ပလ္လင်တော်တွင် စံပယ်တော်မူနေသည်။

 

စစ်တွေမြို့တွင် ထင်ရှားသော စေတီတစ်ဆူဖြစ်သော လက်ဝဲသလုံးတော်ဓာတ်စေတီသည် ကန်တော်ကြီး ကန်အနောက်ဘက်အာကျပ်တော်တောင်ကုန်းပေါ်တွင် တည်ရှိပြီး ဉာဏ်တော် ၁၈ တောင်၊ လုံးပတ် ၂၇ တောင်ရှိသည်။ ရခိုင်ဘုရင် သူရိယစက္ကမင်း၏ဓာတ်တော် ၂၄၇ ဆူကို ဌာပနာတည်ထားခဲ့သော စေတီတော် များတွင် တစ်ဆူအပါအဝင်ဖြစ်သည်။စစ်တွေမြို့၏ အလှဆုံးနေရာတစ်ခုဖြစ်သည့် ဗျူးပွိုင့်ကမ်းခြေသို့ သွားနိုင်သည်။ဗျူးပွိုင့်ကမ်းခြေသည် စစ်တွေမြို့ တောင်ဘက်စွန်းတွင်ရှိပြီး ကစ္ဆပနဒီမြစ် (ကုလားတန်မြစ်) နှင့်ဘင်္ဂလားပင်လယ်အော်တို့ ဆုံတွေ့ သော ကမ်းခြေတစ်ခုဖြစ်သည်။ ပင်လယ်နှင့် မြစ်တစ်စင်းဆုံရာ ပွိုင့်ကမ်းခြေတွင် ငါးပေခန့်ရှည်သည့် ရှေးဟောင်းအမြှောက်တစ်လက်နှင့်၁၈ ပေနီးပါးမြင့်သည့် ကြည့်မျှော်စင်တစ်ခုတို့လည်း ရှိသည်။ ကမ်းခြေ မျှော်စင်မှ လေးချမ်းတောင်ဟုခေါ်သော မီးပြတိုက်ဟောင်းကိုလည်း တွေ့ရသည်။ 

 

ပင်လယ်ကမ်း ခြေတွင်ကမ်းခြေတစ်လျှောက် ရှုမဆုံးနိုင်သောသဘာဝအလှများကို ကြည့်ရှုခံစား အပန်းဖြေနိုင် သည်။ ဆက်၍ စစ်တွေမြို့မှတစ်ဆင့်မြောက်ဦးမြို့ကို သွားနိုင်သည်။မြောက်ဦးမြို့သည် စစ်တွေမြို့အရှေ့မြောက်ဘက် မိုင် ၅၀၊ ကစ္ဆပနဒီမြစ်မှအရှေ့ဘက် ၆ ဒသမ ၈ မိုင်ကွာဝေးပြီးကစ္ဆပနဒီမြစ်နှင့် လေးမြို့မြစ်တို့ဆုံရာအနီးတွင်တည်ရှိသည်။ ရခိုင်ရာဇဝင်သမိုင်းအရ ခေတ်လေးခေတ်၊ မြစ်လေးမြစ်ဟု အဆိုရှိသည်။ခေတ် လေးခေတ်သည် ဓညဝတီ၊ ဝေသာလီ၊လေးမြို့နှင့် မြောက်ဦးခေတ်တို့ဖြစ်ကြပြီးမြစ်လေးမြစ်သည် နတ်မြစ်၊ မယူမြစ်၊ကုလားတန်(ကစ္ဆပနဒီ)မြစ်နှင့် လေးမြို့မြစ်တို့ဖြစ်ကြသည်။

 

ဓညဝတီမြို့ဟောင်းကို ကျောက်တော်မြို့မှ အရှေ့ဘက် ခြောက်မိုင်၊ မြောက်ဦးမြို့မြောက်ဘက် ၁၈ မိုင်အကွာ မဟာမုနိဘုရားကြီးအနီးတွင် ဓညဝတီနန်းတော်ဟောင်းကို တွေ့နိုင်ပါသည်။ ဓညဝတီမြို့သည် အေဒီ၃၂၇ ထိ မြို့တော်အဖြစ်ရှိခဲ့ပြီး သူရိယကေတုမင်းလက်ထက်တွင် ဝေသာလီသို့ပြောင်းရွှေ့ခဲ့သည်။ဝေသာလီမြို့ဟောင်း(အေဒီ ၃၂၇-၇၇၆)ကို မြောက်ဦးမြို့မှ အနောက်မြောက်ဘက်ငါးမိုင်အကွာ စစ်တွေ-မြောက်ဦးကားလမ်းအနီး တွေ့နိုင်သည်။ ဝေသာလီနန်းတော်ကြီး၏မြောက်ဘက်တွင် ဝေသာလီဘုရားကြီးရှိ သည်။ ကြီးမားသောကျောက်တုံးကြီးဖြင့်ထုဆစ်ထားပြီး ဉာဏ်တော် ၁၇ ပေခန့်ရှိသည်။

 

ဝေသာလီဘုရားကြီး ကုန်းတော်တွင် စတူပါများ၊ နတ်ရုပ်များကို မြင်နိုင်သည်။ စတူပါဟူသည် ဝေသာလီ ခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ကျောက်စေတီငယ်တစ်မျိုးဖြစ်ပြီးဒီဇိုင်းအမျိုးမျိုးဖြင့် လုပ်ကြသည်။ ဝေသာ လီမြို့၏ အနောက်ဘက် အပြင်မြို့ရိုးတွင်မြို့တန်းခါးဘုရားရှိပြီး တောင်ဘက်တွင် သင်းကျစ်တော်ဓာတ်ဘုရား ရှိသည်။လေးမြို့ခေတ်၏ မြို့တော်လောင်းကြက်မြို့ဟောင်း (အေဒီ ၁၂၅၁-၁၄၀၆) သည် မြောက်ဦးမြို့မှ မလှမ်းမကမ်းတောင်တန်းအနီးလေးမြို့မြစ်ကမ်းဘေးတွင် တည်ရှိသည်။မြစ်ကမ်းအနီးရှိ မြို့ဟောင်းနေရာအချို့သည်မြစ်ရေတိုက်စားခံရသည်ဟု သိရသည်။လောင်းကြက်မြို့ဟောင်း နောက်ဆုံးမင်းဆက်မင်းစောမွန်လက်ထက်တွင် မြောက်ဦးမြို့သို့ပြောင်းရွှေ့ခဲ့သည်။

 

မြောက်ဦးမြို့ဟောင်းကို မင်းစောမွန်ကအေဒီ ၁၄၃၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။နှစ်ပေါင်း ၃၅၀ ကျော်တိုင် ရခိုင်မင်းပေါင်း၄၉ ဆက် စိုးစံခဲ့သဖြင့် သမိုင်းဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်တို့၏ နောက်ဆုံးရှေးဟောင်းမြို့တော်ဖြစ်သည်။ မြောက်ဦးဒေသတွင် ဘုရား၊စေတီ၊ ပုထိုး၊ ပိဋကတ်တိုက်၊ သိမ် အစရှိသည့်ရှေးဟောင်းအဆောက်အအုံ ၃၇၅ ခုရှိသည်ဟုရှေးဟောင်းသုတေသနဦးစီးဌာန၏ စာရင်းအရ သိရသည်။ ၎င်းတို့အနက် သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာပုထိုးတော်၊မာန်ငါးပါးစေတီများ၊ မဟာမုနိဘုရားကြီး၊ဗန္ဓုလကျောင်းနှင့် စန္ဒမုနိရုပ်ပွားတော်တို့သည် အလွန်ထင်ရှားသည်။

 

သျှစ်သောင်း ပုထိုးတော်ကြီးသည် မြောက်ဦးမြို့၏မြောက်ဘက် တစ်မိုင်အကွာ ရခိုင်ရိုးမတောင်တန်း၏ အနောက်တောင်ဘက် ဖိုးခေါင်တောင်ခြေ၌ တည်ရှိပြီးဘုရင်မင်းဗာကြီးက ၁၅၃၅ ခုနှစ်တွင်တည်ထားခဲ့သည်။ ဘုရင်မင်းဗာသည်သျှစ်သောင်းပုထိုးတော်အတွင်း ရှစ်သောင်းသောဓာတ်တော်မွေတော်များနှင့် ဉာဏ်တော်နှစ် တောင်တစ်မိုက်ရှိသည့် ရွှေဆင်းတု၊ငွေဆင်းတု၊ ရတနာကိုးပါးဆင်းတု ၁၀၈ ဆူစီကို ဌာပနာထည့် သွင်းခဲ့သည်။ပုထိုးတော်ကြီးတွင် တည်ထားသည့် ဘုရားဆင်းတုတော်ပေါင်း ရှစ်သောင်းရှိသဖြင့် သျှစ်သောင်း ပုထိုးတော်ကြီးဟု အမည်တွင်သည်။ ၎င်းပုထိုးတော်ကြီးကို ရန်အောင်ဇေယျသိမ်တော်ကြီးဟုလည်း ခေါ်ကြ သည်။

 

သျှစ်သောင်းပုထိုးတော်ကြီး၏ အောက်ခံလိုဏ်ပေါ်တွင် ပင်မစေတီကြီးတစ်ဆူနှင့်အတူအရန်စေတီ ၂၆ ဆူကို ဖူးမြော်ရသည်။ ပင်မစေတီသည် ကြီးမားသော ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်ပြီး စေတီအားလုံးကို ဝေသာလီ ခေတ် စေတီလုံးများဟန် ဓာတ်လုံးစေတီများအဖြစ် တည်ထားသည်။ ဓာတ်တော်တိုက်ကိုကုဗပုံ သဏ္ဌာန်ပြု လုပ်ထားပြီး ပုထိုးတော်ကြီးကို ကြီးမားသော သဲကျောက်တုံးများဖြင့် သပ်စီပေါင်းမိုးများပြုလုပ်ကာ ဝင်္ကပါလိုဏ် ငါးထပ်ဆောက်လုပ်ထားသည်။ ပုထိုးတော်ကြီး၏အပြင်နံရံအတွင်း ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်၂၈ ဆူကို မုခ်ကပ် ၂၈ ခုဖြင့် ကျောချင်းကပ်ပူဇော်ထားသည်။ ရုပ်တုများကြားအလင်းရောင်ကို အတွင်းနံရံပေါ် ကျရောက် စေရန် စီစဉ်ထားသည်။ လိုဏ်ဂူတော်နံရံတွင်ဘုရားရှင်၏ ဖြစ်စဉ်တော်များ၊ ဇာတ်နိပါတ်များနှင့် ရခိုင်ရာဇဝင် များမှ ဇာတ်ရုပ်များကိုရုပ်လုံးရုပ်ြွကများဖြင့် သရုပ်ဖော်ထုလုပ်ထားသည်။
ပုထိုးတော်ကြီး၏ အနောက်၊ တောင်၊မြောက်သုံးဘက်လုံးတွင် မဟာရံတံတိုင်းများပိတ်ထားပြီး အရှေ့ဘက်ရှိ တောင်ခြေရင်းမှသာ ဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိသည်။အရှေ့ဘက်ဝင်ပေါက်သို့ ဘုရား၏တောင်ဘက်ပေ ၂၀ဝ၀ ခန့်အကွာ တောင်ခြေရင်းရှိ မုခ်ဦးမှဝင်၍ တောင်ခြေရင်းတစ်လျှောက် ဆောက်လုပ်ထားသော စောင်း တန်းအတိုင်းသွားရသည်။ ပုထိုးတော်ကြီးနှင့် တောင်ဘက်စောင်းတန်းအကြား ရင်ပြင်တွင် နေထွက် ဘုရား၊ နေဝင်ဘုရားနှင့် စေတီငယ်များကိုတွေ့ရသည်။

 

အံတော်သိမ်ပုထိုးတော်သည် သျှစ်သောင်းပုထိုးတော်၏ အနောက်မြောက်ဘက် ၈၆ ပေအကွာ တည်ရှိသည်။ ၁၅၂၁ ခုနှစ်တွင်မင်းစောမွန်ကတည်ခဲ့ပြီး ၁၅၉၆ ခုနှစ်တွင်မင်းရာဇာကြီးက ပြန်လည်ပြုပြင်ကာ ဆံတော် ဓာတ်ကို ဌာပနာခဲ့သဖြင့် အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့သည်။ ပုထိုးတော်ကို သဲကျောက်များဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော်ပေ ၄၀ ရှိသည်။ ပုထိုးတော်သည် ရှစ်မြှောက်ပုံ(အဋ္ဌဂံပုံ) ဖြစ်သည်။ ပုထိုး တော်ကြီး အထက်တွင် စေတီကြီးတစ်ဆူကို စေတီငယ်ရှစ်ဆူကဝန်းရံတည်ထားသည်။ လိုဏ်ပတ်လမ်း နှစ်ခုရှိပြီး အလယ်ဗဟိုတွင် ဆင်းတုတော်ရှစ်ဆူကိုကျောက်ဆစ်လက်ရာ ကနုတ်ပန်းများဖြင့် လွန်စွာတင့် တယ်သော ရာဇပလ္လင်ရှစ်ခန်းနှင့်အတူ ဖူးမြော်နိုင်သည်။ လိုဏ်ပတ်လမ်းများတွင် ရုပ်ပွားတော်များ ကိန်းဝပ် တော်မူနေပြီးအလင်းရောင်ရရှိစေရန် အလင်းပေါက်များဖောက်ထားသည်။

 

ပုထိုးတော်၏ အရှေ့ဘက်တွင် အာရုံခံတန်ဆောင်းရှိပြီး ကျောက်များဖြင့်တည်ဆောက်ထားသည်။ မြောက်၊ တောင်နှင့်အရှေ့ဘက်တွင် ဝင်ပေါက်များရှိသည်။ပုထိုးတော်မုခ်ဝဘေး တစ်ဖက်တစ်ချက်တွင်ရပ်တော်မူ ရုပ်ပွားတော်များရှိသည်။ တချို့သော ဆင်းတု တော်များသည် ဈာန်ကသိုဏ်းဟန်ထုဆစ်ထားသည်။ ပုထိုးတော် တစ်ခုလုံးတွင်ဆင်းတုတော်ငယ်ပေါင်း ၁၇၅ ဆူရှိသည်။ပရိဝုဏ်အတွင်းတွင်လည်း ဂူကျောင်းအပါအဝင် စေတီ ၁၆ ဆူက ပုထိုးတော်ကြီးအားအနောက်၊ တောင်နှင့်မြောက်ဘက်တို့မှ ဝန်းရံထားသည်။ အံတော်သိမ်ပုထိုးတော်သည် ထည်ဝါခံ့ညားပြီး လက်ရာ မြောက် သော ပုထိုးတော်တစ်ခုဖြစ်သည်။ အံတော်သိမ်အနီးတွင် သျှစ်သောင်းပုထိုး၊ ထုက္ကန်သိမ်၊ ရတနာပုံ စေတီ၊ လောင်ပွန်းမြောက်၊ အနော်မာဘုရားနှင့် ပိဋကတ်တိုက်တို့ တည်ရှိသည်။ထုက္ကန်သိမ်ပုထိုးတော်သည် သျှစ်သောင်းပုထိုးတော်၏ အနောက်ဘက်ပေ ၃၀ဝ အကွာတွင် တည်ရှိသည်။ အရှေ့နှင့် အနောက် ၁၃၇ပေ၊ တောင်နှင့် မြောက် ပေ ၁၁၀ ရှိပြီး ပေ၂၀ ခန့်မြင့်သော တောင်ကုန်းထက်တွင် ကျောက်တုံး များဖြင့် တည်ထားသည်။

 

စိုးစိုးနိုင်(ကြေးမုံ)