ကျောက်ထု ၂၉ အောက်တိုဘာ
ချင်းပြည်နယ် ကန်ပက်လက်မြို့ ယဉ်ကျေးမှုကော်မတီက အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်ထိ ပြည်သူ့ဆေးရုံလမ်းတွင် ချင်းးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသသည်။
ထိုသို့ခင်းကျင်းပြသရာတွင် ကန်ပက်လက်မြို့နယ်ရှိ ချင်းတိုင်းရင်းသားများဖြစ်ကြသည့် မွင်း လူမျိုး နွယ်စု၊ ဒိုင်လူမျိုးနွယ်စု၊ အု(ပ်) ပူး လူမျိုးနွယ်စု တို့၏ အသုံးအဆောင်များကို ခင်းကျင်းပြသရာ ရှေးဟောင်း အမွေအနှစ် အဝတ်အထည်များ၊ ဆွီ/ဆန့် ဟု ခေါ်ဆိုသည့် ဆင်မြန်းဖွယ် အထည်များ၊ အော့/ဘာ့ ခေါ် ခဲမဖြူ ဓားများ ဓား၊ ပလိုင်း၊ လေး၊ မြား စသည်တို့နှင့် တူရိယာ ကြေးမောင်းများ စသည်ဖြင့် ပစ္စည်းအမျိုး ၂၅ မျိုးခန့် ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါ ပစ္စည်းများကို ခင်းကျင်းပြသရာ ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင် လေ့လာရေးခရီးသွား ရောက်ကြသူ ပြည်တွင်းပြည်ပ ခရီးသွားများ နှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည့် အပြင် အမှတ်တရအဖြစ် ဝယ်ယူသွားကြသည်လည်းရှိကြောင်း ပြခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နတ်မတောင်သို့ ခရီးသည်များတက်ရောက်၍ သဘာဝပတ်ဝန်းကျင်ကိုလေ့လာကြလျက်ရှိရာ ကန်ပက်လက်မြို့မှ နတ်မတောင် ပေါ်သို့ တက်ရောက်နိုင်ရန် ကား၊ ဆိုင်ကယ်များဖြင့်လည်းကောင်း၊ ခြေလျင်ခရီးဖြင့်လည်းကောင်း တက်ရောက် နိုင်ကြကြောင်းနှင့် ကန်ပက်လက်မြို့နယ်သို့ မကွေးတိုင်းဒေသကြီး ပခုက္ကူ- ပေါက်- ကျောက်ထု- ဆော- ကန်ပက်လက်ခရီးစဉ်ဖြင့် သွားရောက်နိုင်ကြကြောင်း သိရသည်။
ကျော်သန်းဆွေ