ဉာဏ်မင်း(နမ့်ခမ်း)

 

ဓာတ်ပုံ-သန်းဇော်ဝင်း၊ နမ့်ဝေမွန်ဖြိုး

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးနွယ်စုပေါင်း ၁၃၅ မျိုး မှီတင်းနေထိုင်လျက်ရှိသည်။ တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းများနှင့်အညီ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများရှိကြသည်။ ယုံကြည် ကိုးကွယ်မှုများ၊ ဘာသာစကားများ မတူကွဲပြား ခြားနားမှု ရှိကြသော်လည်း တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသောစိတ်၊ အမျိုးဘာသာ၊ သာသနာ စောင့်ထိန်းလိုသောစိတ်၊ စာပေယဉ်ကျေးမှုကို တန်ဖိုးထားကြသောစိတ်များမှာ တူညီကြသည်။ တိုင်းရင်းသားလူမျိုးများတွင် ကရင်တိုင်းရင်းသားများ၏ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်မှာ အလွန်ထင်ရှား လူသိများသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သည် ကရင်တိုင်းရင်းသား လူမျိုးများ၏ အထွတ်အမြတ်ထားကြသော အကြီးအကျယ်ဆုံးပွဲတော်ဖြစ်သည်။

 

နေ့ရက်အတည်မပြုခင်က ကျင်းပခဲ့ကြသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့များ 

 

၁၉၃၆-၁၉၃၇ ခုနှစ်ခန့်တွင် “ဒေါကလု” အမည်ရှိ ကရင်အမျိုးသားအသင်းကြီး၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကရင်ခေါင်းဆောင်များအားလုံး ပူးပေါင်းပါဝင်လျက် အထူးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းအားပေးခဲ့ ကြသည်။ ထိုစဉ်က သာယာဝတီမြို့မှ ဥပဒေပြု အထက်လွှတ်တော်အမတ်ဖြစ်သော “သရာ စံဘော်”က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး မန်းဘခင်(B.A)က အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသားများက ခရစ်နှစ်သစ်ဖြစ်သော ဇန်နဝါရီ ၁ ရက်ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် ကရင်အမျိုးသားများက မြန်မာသက္ကရာဇ် နှစ်ဆန်း ရက်ဖြစ်သော တန်ခူးလသြင်္ကန်အပြီး နှစ်ဆန်း ၁ ရက်တွင် ကျင်းပခဲ့ကြသည်။ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသအချို့ရှိ ကရင်အမျိုးသားများက ပြာသိုလဆန်း ၁ရက်၊ ကရင် ပြည်နယ်ရှိ “တလကုရသေ့”များက တပေါင်းလပြည့်ကျော် ၁ရက်၊ ဘားအံနယ်ရှိ နှစ်ခြင်းရွာမှ လယ်ကယ်ဘာသာဝင်များက နယုန်လ ပထမ စနေနေ့၊ ကရင်ပြည်နယ် ဒုံရင်းဒေသရှိ လယ်ကယ်ဘာသာဝင်များက တန်ဆောင်မုန်းလဆန်း ပထမ စနေနေ့၊ ယိုးဒယားပြည် (ထိုင်းနိုင်ငံ)ရှိ “တဲ့စီအို”ဒေသတွင် တပို့တွဲလဆန်း ၁ ရက်မှ ၁၀ ရက်အတွင်း သင့်တော်သည့်ရက် ထိုင်းနိုင်ငံ လန်ပန်ဒေသတွင် တန်ခူးလ၊ တောင်ပေါ်ဒေသအချို့တွင် မိမိတို့တောင်ပေါ်ရှိ ခေါင်းဆောင်များညှိနှိုင်းဆွေးနွေးပြီး သင့်တော်သောနေ့ရက်ကိုသတ်မှတ်၍ ကျင်းပခြင်း စသည်ဖြင့် ဘာသာအလိုက်၊ နေရာဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အမျိုးမျိုး၊ အကွဲကွဲအပြားပြား ကျင်းပခဲ့ကြသည်။

 

ကရင်အမျိုးသားခေါင်းဆောင်များ နှစ်သစ်ကူးနေ့သတ်မှတ်နိုင်ရန် ကြိုးပမ်း

 

မတူကွဲပြားခြားနားစွာဖြင့် နှစ်သစ်ကူးနေ့ကို ရက်အမျိုးမျိုးသတ်မှတ်ပြီး ကျင်းပခဲ့ကြသဖြင့် အချင်းချင်း စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြသည်။ ထိုကြောင့် ကရင်အမျိုးသားအားလုံး စည်းလုံးညီညွတ်ဆန္ဒရှိကြသည့် ဒေါကလုအသင်းကြီး၏ ခေါင်းဆောင်များသည် ကရင်နှစ်သစ်ကူးနေ့ တစ်နေ့တည်းဖြစ်ရေးကို ရည်ရွယ်ပြီး ကရင်တိုင်းရင်းသားများနေထိုင်လျက်ရှိသော အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်အမျိုးသားဥပဒေပြု လွှတ်တော်အမတ်များကို တာဝန်ပေး၍ မိမိတို့နေရာ ဒေသနယ်ပယ်များတွင် မည်သည့်နေ့ရက်တွင် မည်သည်ကို အခြေပြုပြီး ကျင်းပပြုလုပ်ကြကြောင်းကို သေချာတိကျစွာစုံစမ်းပြီး “ဒေါကလု”ဌာနချုပ်သို့ ပြန်လည်အစီရင်ခံတင်ပြရန် အသီးသီး တာဝန်ပေးဆောင်ရွက်စေခဲ့သည်။

 

တာဝန်ပေးခဲ့သည့်အတိုင်း မှန်ကန်တိကျစွာ စုံစမ်းပြီး ဒေါကလုဌာနချုပ်သို့ တင်ပြရောက်ရှိလာသော အစီရင်ခံစာများတွင် ရှေးအဆက်ဆက် မိဘဘိုးဘွားများလက်ထက်ကတည်းက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်တွင် အများစုကျင်းပကြသည်ကိုတွေ့ရသည်။ ထိုစဉ်က မြောင်းမြခရိုင် တကူဆိတ်ရွာဇာတိ ကရင်ပြည်နယ် ဖာပွန်ဒေသတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သော သရာယာနှင်းက ၁၂ လပါသော ပျဉ်ပြား ပြက္ခဒိန်ကို ယူဆောင်ပြီး ဒေါကလုဌာနချုပ်သို့ ရောက်ရှိလာကာသူသည် ဖာပွန်နယ် တောင်ပေါ်ဒေသအရပ်ရပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုဒေသရှိ ကရင်တိုင်းရင်းသားများသည် ၁၂ လ ပျဉ်ပြားပြက္ခဒိန်ကို အသုံးပြုကြောင်း၊ ဖာပွန်နယ်တွင် အခြားသောပြက္ခဒိန် မရှိခဲ့ကြောင်း၊ ကရင်တိုင်းရင်းသားများတွင် တစ်နှစ်တွင် ၁၂ လရှိကြောင်း၊ ပြာသိုလဆန်း ၁ ရက်ကို နှစ်သစ်ကူးကြကြောင်းကို သက်သေခံခဲ့သည်။ ဒေါကလုအသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်ကလည်း ၁၉၃၇ ခုနှစ် မတိုင်မီကတည်းက မွန်၊ ကရင် သင်ပုန်းကြီးနှင့် ဖတ်စာအုပ်၏ စာမျက်နှာ ၅၂ တွင်၊ တစ်နှစ်လျှင် ၁၂ လရှိပြီး ပြာသိုလကို နှစ်သစ်၏ ပထမဆုံးလအဖြစ်ထားပြီး ပြာသိုလဆန်း ၁ ရက်ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်းကို တင်ပြခဲ့သည်။

 

ကရင်အမျိုးသားနှစ်သစ်ကူးနေ့  ရွေးချယ်သတ်မှတ် အတည်ပြုခြင်း

 

ဤသို့ဖြင့် ဒေါကလုအသင်းကြီး၏ ခေါင်းဆောင်များသည် သတ်မှတ်ထားသော အချိန်ကာလကို စေ့ရောက်သဖြင့် ရရှိထားသော အစီရင်ခံစာများနှင့် သက်သေခံတင်ပြထားသော ပစ္စည်းအထောက်အထားများ ကိုစိစစ်၍ အချိန်ကြာမြင့်စွာယူကာ အဘက်ဘက်မှ ခြုံငုံသုံးသပ်၊ စဉ်းစားဆွေးနွေးတိုင်ပင်ပြီး မြန်မာလများကဲ့သို့ ကရင်လများ၏ အမည်များရှိပြီးဖြစ်သဖြင့် မြန်မာလများအတိုင်း သတ်မှတ်သွားရန်နှင့် ကရင်ဘာသာစကားဖြင့် မည်သို့ခေါ်ဆိုထားသည်ဖြစ်စေ အထောက်အထားခိုင်လုံစွာရှိနေသဖြင့် ပြာသိုလဆန်း ၁ ရက် (သလေး၊ ထိုင်ခုတ်ဖို)သည် “ကရင် အမျိုးသားနှစ်သစ်ကူးနေ့” ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့ကြသည်။

 

တောင်ငူမြို့တွင် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ကြပြီးနောက် ဥပဒေပြု အောက်လွှတ်တော် အမတ် စောဂျွန်ဆင် ဒီဖိုးမင်းက ပါလီမန်အမီ အဆိုတင်သွင်းခဲ့သော်လည်း အဆိုပါ “ကရင်နှစ်သစ်ကူးနေ့”ကို ရုံးပိတ်ရက်အဖြစ် တစ်ပါတည်းထည့်သွင်းခဲခြင်း မရှိသဖြင့် နောက်ပိုင်း ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုရန် ပြင်ဆင်ချက်ကို ထည့်သွင်းရသောကြောင့် ပါလီမန်၏ လုပ်ထုံးလုပ်နည်းအရ တစ်နိုင်ငံလုံးသို့ကြေညာရန် အချိန်မရလိုက်သဖြင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ မတင်မကျဖြစ်နေသဖြင့် အထက်လွှတ်တော် အမတ်များဖြစ်သော ဒေါက်တာ စောစံစီဖိုး၊ သရာစံဘော်နှင့် မန်းရွှေဘတို့က ဆက်လက်တာဝန်ယူတင်ပြ ခဲ့ပြီးလျှင် ဝန်ကြီး စောဖေသာ၏ အကူအညီရယူလျက် ဒေါက်တာဘမော်အစိုးရ၏ သဘောတူညီချက်အရ ဘုရင်ခံက မိမိ၏ တစ်ချက်လွှတ်အာဏာကို အသုံးပြု၍ ပြာသိုလဆန်း ၁ ရက်သည် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့ဖြစ်သဖြင့် အစိုးရရုံးပိတ်ရက်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ကောဇာ သက္ကရာဇ် ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ကရင်သက္ကရာဇ် ၂၆၇၇ ခုနှစ် "သလေး၊ ထိုင်ခုတ်ဖို"၊ ကမ္ဘာသုံးပြက္ခဒိန် ခရစ်နှစ် ၁၉၃၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ကို ပထမဆုံးအကြိမ် စတင်ကျင်းပလာခဲ့ရာမှ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်ရောက်တိုင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကျင်းပ ကြပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရောက်တိုင်း အရုဏ်နံနက်ခင်းတွင် ကရင်အမျိုးသားအလံတင်သီချင်းကို စုပေါင်းသံပြိုင် သီဆို၍ အလံတင်အခမ်းအနားကို ကျင်းပကြ သည်။ နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပကြရာတွင် ကရင်တိုင်းရင်းသား လူကြီးလူရွယ်၊ လူငယ်မောင်မယ်များ တက်ရောက်ပါဝင်ကြပြီး ပွဲလမ်းသဘင်များ၊ အားကစားပွဲများ၊ ရိုးရာကရင်ဒိုးအက၊ ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ အပါအဝင် ပြည်ထောင်စုအဆင့်၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်အဆင့်၊ မြို့နယ်၊ ကျေးရွာများအလိုက်နှင့် ပြည်တွင်း ပြည်ပ နေရာဒေသအနှံ့အပြားတွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကျင်းပကြသည်။ ။