ကျိုင်းတုံ ၂၈ဒီဇင်ဘာ 

 

(၄၄)ကြိမ်မြောက် အာခါနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်၍ နှစ်သစ်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ဆွေတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ဆက်လက်၍ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှု နာယက ဦးမင်းညိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

 

ထိုနောက် နှစ်သစ်ကူးပွဲတော်အတွက် အလှူငွေများပေးအပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငွေကျပ် ၂၅ သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ငွေကျပ်သိန်း ၂၀၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ငွေကျပ် ငါးသိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ငွေကျပ် သုံးသိန်းနှင့် အလှူရှင်များ အသီးသီးတို့က ပေးအပ်ကြရာ ပွဲဖြစ်မြောက်ရေးကော်မတီမှ လက်ခံရယူသည်။ 

 

ကျိုင်းတုံမြို့တွင် (၄၃)ကြိမ်မြောက်အထိ အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် စုပေါင်းနှစ်သစ်ကူးပွဲတော်အပြင် “အာခါအမျိုးသားနေ့” ကိုပါ တစ်ပေါင်းတည်း ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာခါတိုင်းရင်းသားရိုးရာအကများ၊ သက်ကြီးရွယ်အိုများက ရိုးရာသီချင်းများ ဖြင့်သီဆိုဖျော်ဖြေ ကြမည်ဖြစ်သည်။

 

 

ထိုအပြင် ရိုးရာယဉ်ကျေးမှုပြခန်းများလည်း ခင်းကျင်းပြသသွားမည် ဖြစ်သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆက်ခရိုင်နှင့် အထူးဒေသ(၄)တို့မှ အာခါတိုင်းရင်းသားများ တက်ရောက်ကြကြောင်းသိရသည်။

 

ခရိုင်(ပြန်/ဆက်)