ခြူးစန္ဒီနွေး
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ တရစပ်ဆိုသလို ပြုလုပ်နေတဲ့ တာလီဘန်အဖွဲ့ဟာ တစ်ပတ်ကြာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျှော့ချမယ်၊ ယာယီအပစ်အခတ် ရပ်စဲမယ်ဆိုပြီး အမေရိကန်နဲ့ သဘောတူထားပါတယ်။
ငြိမ်းချမ်းရေးဆီ ဦးတည်
ဒီခြေလှမ်းဟာ ငြိမ်းချမ်းရေးကိုဦးတည်တဲ့ ခြေလှမ်းပါ။ တကယ်လို့ တစ်ပတ်တာကာလအတွင်းမှာ တာလီဘန်တို့ရဲ့ လက်ချက်နဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ဘူး။ လူသေဆုံး ဒဏ်ရာရစေတဲ့ တိုက်ခိုက်မှုမျိုး မရှိခဲ့ဘူးဆိုရင် အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေးရဖို့ အလားအလာ အလွန်ကောင်းသွားပါပြီ။ ဆယ်စုနှစ် နှစ်စုကျော်ကြာ စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့ အမေရိကန်နဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့ဘက်က ကိုယ်စားလှယ်တွေတစ်နှစ်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာ အခုလို သဘောတူညီမှု ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
အိမ်ပြန်ရမယ့်အချိန်
ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်မရေးထိုးမီ သင့်တော်တဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဖန်တီးရမှာဖြစ်ပြီး တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးနဲ့ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းပေးရေးတို့ကိုလည်း မျှော်လင့်ထားတယ်လို့ တာလီဘန်စေ့စပ်ညှိနှိုင်း သူတစ်ဦးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အသင့်ပဲလို့ပြောကြားခဲ့ပါတယ်။ ဒီအချိန်ဟာ အိမ်ပြန်ရမယ့်အချိန်ပဲ၊ ၁၉ နှစ်ဆိုတဲ့ကာလဟာ နည်းတဲ့အချိန်ကာလ မဟုတ်ပါဘူးလို့ ထရမ့်ကပြောခဲ့ပါတယ်။
တာလီဘန်အဖွဲ့အစည်းဆိုတာ ဘာလဲ
တာလီဘန်တွေဟာ ၁၉၉၄ ခုနှစ် ပြည်တွင်းစစ်ပွဲမှာ ပေါ်ပေါက်လာပါတယ်။ သူတို့ဟာ ၁၉၉၆ ခုနှစ်မှာ ကဘူးလ်မြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ နှစ်နှစ်အတွင်းမှာ တစ်တိုင်းပြည်လုံးကို ချုပ်ကိုင် သွားနိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ တာလီဘန်တွေ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကာလအတွင်းမှာ တီဗွီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတို့ကို ပိတ်ပင်ထားခဲ့ပါတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း တင်းကျပ်ထားပြီး အမျိုးသမီးတွေရဲ့ ပညာရေးကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားပါတယ်။ နောက်ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ အပြစ်ပေးစီရင်မှုတွေ ချမှတ်ခဲ့ပါတယ်။
သတင်းကို ဖုံးကွယ်
တာလီဘန်တွေ အာဏာကနေ ဖြုတ်ချခံရပြီးတဲ့နောက် မူလာအိုမာက တာလီဘန်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ သေဆုံးခဲ့ပေမယ့် တာလီဘန်တို့ကတော့ နှစ်နှစ်ကြာတဲ့အထိ အဲဒီသတင်းကို ဖုံးထားခဲ့ပါတယ်။ အခုလက်ရှိ တာလီဘန်တွေကို ဦးဆောင်နေတဲ့သူကတော့ မော်လဝီ ဟီဘတ်တူလာ အက်ဟန်ဇာဒါပဲ ဖြစ်ပါတယ်။
တာလီဘန်တွေကိုဖြုတ်ချ
အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်က တိုက်ခိုက်မှုအပြီး ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဟာ အပြည်ပြည်ဆိုင်ရာက တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးနောက် တာလီဘန်အုပ်စိုးမှုကို ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း တာလီဘန်အဖွဲ့ဟာ သူပုန်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ တာလီဘန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အာဖဂန်အစိုးရမှာ မငြိမ်မသက်ဖြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်ရောက်တဲ့အခါမှာတော့ အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ဟာ သူတို့ရဲ့ လုပ်ငန်းကို အဆုံးသတ်ခဲ့ပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းသာ ကျန်ရှိခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တာလီဘန်တွေဘက် ကတော့ အရှိန်အဟုန်နဲ့ ပြန်ပြီးအားကောင်းလာပါတယ်။ ၂၀၁၈ ခုနှစ် ရောက်တဲ့အခါမှာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းခန့်မှာ တာလီဘန်တွေ ရှိနေတာကို တွေ့ရပါတယ်။
သေဆုံးမှုများ
၂၀၀၁ ခုနှစ် ကျူးကျော်မှုကစလို့ အပြည်ပြည်ဆိုင်ရာက တပ်ဖွဲ့ဝင်ပေါင်း ၃၅၀၀ ဟာ အာဖဂန်မြေပေါ်မှာ ကျဆုံးခဲ့ရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၁၂၀၀၀ တာဝန်ထမ်းဆောင်နေကြပါတယ်။ ၂၀၀၁ ခုနှစ် အာဖဂန်နိုင်ငံကို ကျူးကျော်ခဲ့ချိန်မှစလို့ အမေရိကန်ပေါင်း ၂၄၄၈ယောက် ကျဆုံးခဲ့ပြီးပြီလို့ lcasualties.org ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။ စစ်ပွဲကြောင့် သေကျေပျက်စီးခဲ့ရတဲ့ အာဖဂန်အရပ်သားတွေ၊ အာဖဂန်အစိုးရတပ်တွေနဲ့ စစ်သွေးကြွအ ရေအတွက်ကိုတော့ အတိအကျသိရဖို့ ခက်ခဲပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကုလအစီရင်ခံစာမှာတော့ အရပ်သား ၃၂၀၀၀ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဘရောင်တက္ကသိုလ်ရဲ့ ဖော်ပြချက်အရတော့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၅၈၀၀၀ နဲ့ တာလီဘန်တို့ဘက်က လူပေါင်း ၄၂၀၀၀ သေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကတိ
အာဖဂန်စစ်ပွဲကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းလည်း မနည်းပါဘူး။ အခုအချိန်ဟာ ငြိမ်းချမ်းရေးအတွက် အကောင်အထည် ဖော်ရတော့မယ့်အချိန်ပါပဲ။ ယာယီအပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်မယ်ဆိုရင် အဲဒီနောက်မှာ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးပွဲဆိုတာပါ လိုက်ပါလာမှာပါ။ အာဖဂန်စစ်ပွဲဟာ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲဖြစ်ပြီး ဒီပဋိပက္ခကို အဆုံးသတ်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲကတိကို တည်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ တာလီဘန်တွေဘက်က ကြည့်မယ်ဆိုရင်လည်း ယာယီ အပစ်အခတ်ရပ်စဲရေးကို ဖြတ်ကျော်နိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့ မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုခြင်းကိုခံရမှာပါ။ ဒီအရာဟာ အယ်ကိုင်ဒါနဲ့ အိုစမာဘင်လာဒင်တို့ကို တာလီဘန်တွေ နေရာပေးခဲ့ကတည်းက ဆုံးရှုံးသွားတဲ့အရာလည်း ဖြစ်ပါတယ်။
အနှောင့်အယှက်တွေရှိနိုင်
အမေရိကန်ရော တာလီဘန်တို့ဘက်ကပါ ဒီလိုမျိုး သဘောတူထားပေမယ့် ကြားထဲမှာ ဖျက်လိုဖျက်ဆီးလုပ်မယ့် သူတွေလည်းရှိနိုင်တယ်။ အနှောင့်အယှက်တွေလည်း ရှိနိုင်တယ်လို့ အမေရိကန်အရာရှိတွေက သတိပေးထားပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာမယ်ဆိုရင် ဘယ်သူ့ရဲ့လက်ချက်လဲဆိုတာ သိရဖို့လည်း အရေးကြီးပါတယ်။ “အကြမ်းဖက်တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် လုပ်ဆောင်နေကြတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးစာချုပ်ကို လိုလားနေကြတယ်။ အလားတူပါပဲ၊ တာလီဘန်တွေဘက်ကလည်း ငြိမ်းချမ်းရေးစာချုပ်ကို လိုလားမှာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တိုက်ခိုက်နေရတာ မောပန်းနေပြီလေ”လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ပြင်ဆင်
တာလီဘန်တွေဘက်ကလည်း နိုင်ငံတစ်လွှားတိုက်ခိုက်မှုတွေကို သိသိသာသာ လျှော့ချနိုင်ရေးအတွက် ပြုလုပ်နေတာ ကို တွေ့မြင်လာရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောပါတယ်။ ယာယီအပစ်အခတ် ရပ်စဲရေးကာလ တစ်ပတ်ပြည့်ပြီးနောက် ဖေဖော်ဝါရီ ၂၉ ရက်ကျရင် ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း မိုက်ပွန်ပီအိုက ပြောပါတယ်။
အာဖဂန်စစ်ပွဲကြောင့် အမေရိကန်တို့ဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး သုံးဖြုန်းခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံ ရှာချင်တယ်ဆိုပြီး တာလီဘန်တွေက အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံဖို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအာဖဂန်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းဖို့တော့ စစ်သွေးကြွတွေက လက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ကာတာနိုင်ငံမှာ အမေရိကန်နဲ့ တာလီဘန်တို့ ဆွေးနွေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် အခုလို အကြမ်းဖက်တိုက်ခိုက်မှု လျှော့ချရေး အစီအစဉ်ပေါ်ပေါက်လာရတာပါ။ ဒီအစီအစဉ်သာ အောင်မြင်ခဲ့မယ်ဆိုရင် ကာလရှည်ကြာ အမေရိကန်နဲ့ တာလီဘန်တို့ရဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်မှာဖြစ်သလို သမ္မထရမ့်ရဲ့ ရွေးကောက်ပွဲကတိကိုလည်း တည်နိုင်တော့မှာပါ။
ကိုးကား - အေအက်ဖ်ပီ ၊ ဝီကီပီးဒီးယား