၂၉ ဖေဖော်ဝါရီ

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့ လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။


ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ လူကကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေအတွက် သိထားသင့်တဲ့ သတိပြုစရာအချက်လေးတွေ အကြံပေးလိုက်ရပါတယ်။

ဒီလိုမျိုးဆို သွေးလှူလို့မရပါ

အဓိကအားဖြင့် 


•    မကြာခဏနေမကောင်းဖြစ်တတ်ရင်
•    အသက် ၁၈ နှစ်မပြည့်သေးရင်
•    ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၁၀ မပြည့်ရင်
•    ကိုယ်ဝန်ရှိနေရင်
•    အိတ်ချ်အိုင်ဗီ၊ အသည်းရောင် ဘီ၊ စီ၊ အေ တို့လို ရောဂါအခံတစ်ခုခုရှိနေရင် စတဲ့ အခြေအနေတွေ ရှိရင် သွေးမလှူသင့်ပါဘူး။

သွေးမလှူခင်မှာ

•    ရက်ပိုင်းအလိုတည်းက အားပြည့်စေမယ့် အစားအသောက်တွေစားပါ။ ဥပမာ – အသား၊ ငါး၊ ပဲတို့လို သံဓာတ်ကြွယ်ဝတာတွေအပြင် သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာနဲ့ အာဟာရပြည့် သောက်စရာတွေကို စားသုံးပါ။
•    အိပ်ရေးဝအောင် အိပ်ပါ။
•    သွေးမလှူခင် အနည်းဆုံး ၃ နာရီအလိုမှာ အစားအစာ ပြည့်ဝအောင်စားပါ၊ အဆီများတာတွေ ရှောင်ပါ။
•    ရေများများသောက်ပါ။
•    တံတောင်ဆစ်အပေါ်ကို ခေါက်တင်လို့လွယ်စေမယ့် ဒါမှမဟုတ် လက်တိုအင်္ကျီအဝတ်အစားကို ရွေးဝတ်ပါ။
•    သွေးမလှူခင် သုံးနာရီအတွင်း ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

သွေးလှူပြီးတဲ့အခါ

သွေးလှူပြီး ၁၅ မိနစ်လောက် အနားယူ၊ ကြက်ဥပြုတ်လေးစားပြီး ပြန်လို့ရပါပြီ။ ဒါပေမယ့် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေက

•    သွေးလှူစဉ်က ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ပြန်ဖြည့်တင်းဖို့ ၁ ရက်-၂ရက်အတွင်း ရေ သို့မဟုတ် အရည်များများသောက်ပါ။
•    အစားကို အချိန်မှန်အောင်စားပါ။
•    သွေးလှူပြီး နောက် ၅ နာရီအတွင်း ပြင်းပြင်းထန်ထန်မလှုပ်ရှားပါနဲ့။
•    ခေါင်းမူးတယ်ဆိုရင် ခဏလှဲနေ သို့မဟုတ် ထိုင်နေပြီး နားပါ။ အတင်းထမပြန်ပါနဲ့။
•    သွေးဖောက်တဲ့နေရာက သွေးထွက်နေတာ ဒါမှမဟုတ် အနာဖြစ်လာတာဆိုရင် ပထမဆုံး ၂၄နာရီအတွင်း ရေခဲကပ်ပေးပါ။

တကယ်လို့

•    အနားယူပြီး၊ အစာစားပြီးတာတောင် မအီမသာဖြစ်လာတာ၊ ခေါင်းမူးတာတွေ ဆက်ပြီးဖြစ်လာတယ်ဆိုရင်၊
•    ပလာစတာခွာလိုက်တဲ့အခါ သွေးဖောက်တဲ့နေရာက ရောင်နေတာ၊ သွေးဆက်ထွက်နေတာ၊ နာကျင်တာတွေ ဆက်ဖြစ်လာရင်၊
•    သွေးလှူပြီး ၃-၄ ရက်အတွင်း အအေးမိ၊ တုပ်ကွေးလို ဖျားနာ၊ လည်ချောင်းနာ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပြီး စစ်ဆေးကုသသင့်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”