နေပြည်တော် ၇ နိုဝင်ဘာ
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲ တွင် နေပြည်တော်ရှိ Hotel MAX ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးခင်မောင်တင်၊ ဦးလှမော်ဦးနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ရှည်လျားသည့် သမိုင်းတစ်လျှောက် ခေတ်စနစ်များ နှင့်မူဝါဒများ မည်သို့ပြောင်းလဲသည် ဖြစ်စေ သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ဦးဆောင်မှုနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်ကို ဌာန နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့ ဆိုလျှင်အကြိမ် (၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး တာဝန်များကို ထမ်းရွက်ခဲ့သည့် သက်တမ်းကာလမှာ နှစ်ပေါင်း (၁၀ဝ)ကျော် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ယနေ့ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဦးစားပေးရည်မှန်းချက် ပန်းတိုင်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ဦးစွာခိုင်မာအောင်တည် ဆောက်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိမှသာ ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်လျှင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် အမျိုးသား ရင်ကြားစေ့ရေး တစ်နည်းအားဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး စိတ်ဓါတ်ကို အခြေခံ၍ ယုံကြည်မှု တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို မူလအစစ်အမှန် တောင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက် နေကြသည် ဖြစ်သည့် အတွက် သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများကို တည်ဆဲ ဥပဒေများနှင့်အညီ တရားမျှတမှု ရရှိအောင် စေတနာ၊ ကရုဏာနှင့် ကိုယ်ချင်းစာ စိတ်အရင်းခံ၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်း ဆုံးဖြတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ရာတွင်ဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိတ်ပင်သလို မဖြစ်စေဘဲ အဆိုပါအခွင့် အရေးများကို နည်းမှန်လမ်းမှန်ဖြင့် ပြည်ထောင်စု၏ အကျိုးစီးပွား၊ လူမှုအဖွဲ့အစည်းများ၏ အကျိုးစီးပွားများကိုမထိခိုက်စေဘဲ ကျင့်သုံးနိုင်ရေးနှင့် ကူညီထိန်းကြောင်းပေးရေး အတွက်သာ ရည်ရွယ် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း။
ထို့ပြင်ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကို တားမြစ်ပြီး ထိရောက်သည့် ဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးရေး၊ ပြည်သူများကအစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုး ယုံကြည်မှု တိုးပွားလာ စေရေးနှင့် တာဝန်ထမ်းဆောင်လျှက် ရှိနေကြသည့် ဝန်ထမ်းများနှင့် ဦးစီးဌာနများအလိုက် အပြန်အလှန် ထိန်းကျောင်းမှုများ ပြုနိုင်ရေးကို ရည်ရွယ်၍ ပြည်သူ့အတွက် OSSဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် မြို့နယ်များတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) (၃၁၆)ရုံးကိုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း။
ယခုကဲ့သို့ စုပေါင်းပါဝင် ထမ်းဆောင်မှုပုံစံဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးခြင်းသည် ပြည်သူလူထုနှင့် ဝန်ထမ်းများအကြား နားလည်ယုံကြည်မှု တိုးတက်ခိုင်မာလာစေမည့် အခွင့်အလမ်း တစ်ခုဖြစ်သည့်အတွက် ပြည်သူများအားကိုး ယုံကြည်ရသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် မိမိတို့တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်း၊ အမှုထမ်းအားလုံးသည် အုပ်ချုပ်ရေး ယန္တရားစနစ်တကျ လည်ပတ်နိုင်ရေး စီမံခန့်ခွဲခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာ၍ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးဟူသည့် ဌာန၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှု ဟူသည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ဆန္ဒဂတိဟူသည့် မိမိချစ်ခင်သူဘက်မှမျက်နှာလိုက်၍ အမှားမှန်းသိလျက်ဖြင့် အမှန်ဟုဆုံးဖြတ်ခြင်း၊ ဒေါသဂတိဟူသည့် မိမိမုန်းသူဖြစ်သည့်အတွက် အမှန်ကို အမှားဟုဆုံးဖြတ်ခြင်း၊ ဘယာဂတိဟူသည့်လာမည့်ဘေးကိုတွေး ကြောက်၍ မိမိအားရန်ရှာနိုင်သူကို ဘက်လိုက်ဆုံးဖြတ်ခြင်း၊ မောဟဂတိဟူသည့် အမှား အမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသည့် အတွက် အမှန်ကိုအမှား၊ အမှားကိုအမှန် ဆုံးဖြတ်ခြင်း စသည့်အဂတိ(၄)ပါးကိုရှောင်ကြဉ်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှု ပပျောက်ရေး အတွက်မိမိတို့၏ အတ္တများကိုရှေ့တန်းမတင်ဘဲ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ တရားသဖြင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် အထူးတိုက်တွန်းလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများသည် စံနမူနာပြဝန်ထမ်းများ ဖြစ်စေရန် စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်တည်ဆောက်နေကြ ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု အောက်တွင် ပြည်သူများ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဆိုပါက အုပ်ချုပ်ရေးယန္တရားကို ပိုမိုယုံကြည်အားကိုး လာကြမည် ဖြစ်ပါကြောင်း။
တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးကြပါ၊ ပြည်သူလူထုကို ကိုယ်ချင်းစာတရားနှင့် ရိုင်းပင်းကူညီ ဆောင်ရွက်သွားကြပြီး အရည်အသွေးပြည့်ဝသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါကြောင်း။
ခေတ်ပြောင်းစနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးကြရာတွင် အမှန်တကယ် လက်တွေ့ပြောင်းလဲလာရေး၊ ပြည်သူများကို ဦးစားပေးသည့် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ထွန်း ပေါ်ပေါက်လာရေး၊ ပြည်သူများအကြားမည် သို့သော အခက်အခဲများ ကြုံတွေ့နေကြရသည်၊ မည်သည်တို့ကို လိုလားတောင့်တနေကြသည် ဆိုသည်တို့ကို သိရှိနားလည် အောင်လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုအကြားနေထိုင် လုပ်ကိုင်ဆောင်ရွက်နေကြရသည့် ပြည်သူ့ ဝန်ထမ်း များဖြစ် သည်နှင့်အညီ ဂုဏ်သိက္ခာမြင့်မားသည့် အစိုးရယန္တရားတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ညွှန်ကြားမှသာ ဆောင်ရွက်ခြင်း၊ မီဒီယာများ ထောက်ပြဝေဖန်မှသာ ဆောင်ရွက်ခြင်းစသည့် လုပ်ရပ်များကိုလည်း ရှောင်ရှားကြရမည်ဖြစ်ပါကြောင်း။
ပေးအပ်သည့် ာဝန်များကို ကိုယ်စီထမ်းဆောင်နေကြခြင်း ဖြစ်သည့်အတွက် အဖွဲ့အစည်းကို ထိခိုက်ပျက်စီး၊ သွေးကွဲစေနိုင် သည့် ပြုမူပြောဆို နေထိုင်ဆောင်ရွက်မှုများကို ရှောင်ကြဉ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းရင်း နိုင်ငံတော်နှင့် ပြည်သူလူထုက အားထားရသည့် အုပ်ချုပ်ရေးဌာနကြီး တစ်ခုအဖြစ် ဆက်လက် ရပ်တည် သွားနိုင်အောင် စိတ်ဓာတ်ခွန်အားသစ်များ မွေးမြူပြီး ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါဟု မှာကြားလိုပါကြောင်း ပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှုရုံးများမှ အကောင်းဆုံး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့် ရုံး(၄) ရုံးကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်သူ့ဝန်ဆောင်မှုရုံး အထိမ်း အမှတ် Logo ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် မုံးကိုးမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်တွင် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအား ထိရောက်စွာ ကူညီဆောင်ရွက်ခဲ့သည့် စီမံခန့်ခွဲမှုထူးချွန်သော မြို့နယ် အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂၀၁၈)တွင် ထူးချွန်ဆုရရှိကြသူများ ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး/ ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၈)နှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်၌ ဖွင့်လှစ်သည့် စာရေးဝန်ထမ်း အခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (မင်္ဂလာဒုံ) တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းအကြို သင်တန်းအမှတ်စဉ် (၄/၂၀၁၇) တွင် ထူးချွန် ဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (မင်္ဂလာဒုံ) တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းအကြိုသင်တန်းအမှတ်စဉ် (၅/၂၀၁၇) တွင် ထူးချွန်ဆုရရှိကြသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၁၈)တွင် ထူးချွန်ဆုရရှိကြ သူများကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် နေ့အထိမ်းအမှတ် ညစာဖြင့် တည်ခင်း ဧည့်ခံပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြသည်။ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ဖျော်ဖြေရေး အဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ် ချီးမြှင့်သည်။
(သတင်းစဉ်)