ရန်ကုန် ၁၇ မေ
လူငယ်အနုပညာရှင်များဖြစ်ကြသည့် နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ မိုးမိုးတို့ ပါဝင်သည့် နှင်းဆီ အဖွဲ့သားများက Beauty Diary အလှကုန်ပစ္စည်းကို ကြော်ငြာရိုက်ကူးနေကြောင်း သိရသည်။
“ကျွန်တော်တို့နှင်းဆီအဖွဲ့သားတွေအားလုံးပါတဲ့ ကြော်ငြာလေးပေါ့။ ဒါရိုက်တာက ဓာတ်ပုံ ကိုဉာဏပါ။ အလှကုန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အမျိုးသားတွေအတွက် နည်းနည်းတော့ အခက်အခဲရှိတယ်လေ။ ဒါပေမယ့် ကိုယ်တိုင်လည်း အလှကုန်တွေနဲ့ အမြဲထိတွေ့နေရတာဆိုတော့ ရိုက်ဖြစ်သွားတယ်။ သိတဲ့အတိုင်း ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေကို ရွေးပြီဆိုကတည်းက ဟာသနဲ့ ပတ်သတ်ပြီး အကြံဉာဏ်လေးတွေ ထည့်တယ်။ ဟာသနဲ့ပတ်သက်ပြီး သင်ယူရမယ့် အခန်းကဏ္ဍလေးကို အားဖြည့်ဆွေးနွေးတယ်။ အမြဲတမ်းအမှတ်ရစေမယ့် Plot လေးတွေကို စဉ်းစားပေးထားပါတယ်”ဟု နေတိုးကပြောပြသည်။
TV commercial တွင် ပထမဆုံးသရုပ်ဆောင်ခြင်ဖြစ်ပြီး အမျိုးသားများအတွက်လည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုသည် အရေးကြီးကြောင်း၊ နေပူထဲသွားလာလှုပ်ရှားရသူများ၊ မီးရောင်များအကြား အလုပ်လုပ်နေကြရသူများအတွက် အသားအရေကို ကာကွယ်သည့် အလှကုန်များကို သုံးရကြောင်း ကျော်ကျော်ဗိုလ်က ပြောသည်။
“ကျွန်တော်လက်ရှိအနုပညာလုပ်ငန်းတွေကတော့ အခုကြော်ငြာဇာတ်လမ်းလေးရိုက်တယ်။ အိပ်မက်ကွန်ဆိုတဲ့ ဇာတ်ကားရိုက်နေတယ်။ နေတိုးနဲ့ Rose Rider ဇာတ်ကားကို အချောသပ်ဖို့ရှိတယ်”ဟု ကျော်ကျော်ဗိုလ်က ပြောသည်။
ကိုလင်း