မန္တလေး ၂၁ မေ
မေး - လက်တလော အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ - လတ်တလော အနုပညာ လှုပ်ရှားမှုကတော့ မုဒြာရဲ့ခေါ်သံ စင်ကာပူမှာပြဖို့ကိစ္စတွေ ပြင်ဆင်နေကြတယ်။ အဲဒါပြီးသွားရင်တော့ တတိယ တစ်ကားရိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ တတိယတစ်ကားကတော့ အရင်က နှစ်ကားရိုက်ဖို့ ပြင်ဆင်ထားကြတာ။ ဒါပေမယ့် ဘယ်ကား စရိုက်ဖြစ်မလဲတော့ မကျိန်းသေးဘူး။ သီတာရှိတယ်။ Now and Ever ရှိတယ်။ ဘယ်ကားအရင်စရိ်ုက်ဖြစ်မလဲ။ ဒါမှမဟုတ် တစ်ကားပြီးရင် နောက်တစ်ကား ဆက်သွားမလားပေါ့။ အဲဒါမှလည်း ကျွန်တော်တို့ နှစ်ကားလောက် သွားလို့ရမှာ။ ဒီမိုးတွင်းမှာ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက် ချသွားမှာ။ မိုးတိတ်တာနဲ့ ကျွန်တော်တို့ စရိုက်နိုင်ပါပြီ။
မေး - နောက်ရိုက်မယ့် ဇာတ်ကားမှာ အကိုခေါင်းဆောင်အနေနဲ့ ရိုက်မှာလား၊ မင်းသားအသစ်တွေ ပါအုံးမလား။
ဖြေ - သီတာကတော့ မင်းသမီး ဇာတ်ပေါ့။ ကျွန်တော်က အဲဒီထဲမှာ supporting အနေနဲ့ပါဖို့ရှိတယ်။ သီတာက ခေတ်လွန်ဆိုပေမယ့် အရမ်းဟဲဗီးကြီးတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ အနေနဲ့လည်း အဲဒီလောက် မနိုင်သေးဘူးလေ။ ခေတ်အရမ်းကြီး မလွန်ဘူးပေါ့။ Now and Ever ကတော့ Romance အချစ်ဇာတ်ကားပေါ့။ Now and Ever က ကျွန်တော် leader အနေနဲ့ ပါဖို့ရှိတယ်။
မေး - မုဒြာရဲ့ ခေါ်သံကို နယ်တွေမှာ ခုချိန်ထိ ရုံတင်နေဆဲပဲနော်။
ဖြေ- မုဒြာရဲ့ခေါ်သံကတော့ တခြားနယ်တွေမှာတော့ ဆက်သွားနေတုန်းပဲ။ ရန်ကုန်မှာတော့ မရှိတော့ဘူး။
မေး - မုဒြာရဲ့ခေါ်သံကို စင်္ကာပူမှာပြပြီးရင် တခြားဘယ်နိုင်ငံတွေမှာ ပြသဖို့ရှိမလဲ။
ဖြေ- အခု စင်ကာပူ ပြီးရင် သြစတြေးလျကိုပြဖို့ စကားပြောနေတယ်။ ပြီးရင် US လည်းသွားဖြစ်မယ်ထင်တယ်။ ထိုင်းပရိသတ်လည်း တော်တော်တောင့်တယ်။ သူတို့တောင်းဆိုမှုလည်း အရမ်းများတော့ ထိုင်းဘက်လည်း သွားဖို့ရှိပါတယ်။ စင်ကာပူမှာတော့ ၂၅ ရက်နေ့ စပြမယ်။
မေး- အကိုတို့အနေနဲ့ မျိုဆက်သစ်လူငယ်သရုပ်ဆောင်တွေ မွေးထုတ်မယ့် အစီစဉ်ရှိရင်ပြောပေးပါ။
ဖြေ- ကျွန်တော်တို့ Central Base Productions အနေနဲ့က ခရစ္စတီးနား တစ်ယောက်ပဲ လောလောဆယ် ဒါရိုက်တာ ရှိနေတာဆိုတော့ သူကလည်း တစ်နှစ်ကိုတစ်ကားလောက်ပဲ ဖြစ်နိုင်မှာလေ။ အဲဒါကြောင့် ကျွန်တော်တို့ တွေးတာက တခြားအရည်အချင်းရှိတဲ့ လူငယ်တွေလည်း အများကြီးရှိတယ်ဆိုတော့ တကယ်ပဲ လုပ်နိုင်တဲ့သူတွေကို ရွေးပြီးရင် ကျွန်တော်တို့ productions ကနေ supervise လုပ်ပြီး ကွာလတီ တစ်ခုကို ထွက်လာအောင်ပေါ့။ သူတို့အတွက်လည်း chance ရှိမယ်။ ကျွန်တော်တို့ အတွက်လည်း ကားတွေ နည်းနည်း လည်ပတ်လို့ရတယ်။ ပရိသတ် အနေနဲ့လည်း ကွာလတီ ကောင်းတဲ့ကားတွေ မြန်မြန်ဆန်ဆန် ကြည့်လို့ရအောင် ကျွန်တော်တို့ အဲဒီလိုမျိုး တွေးပြီးလုပ်ဖို့ စီစဉ်ထားပါတယ်။
ကျေးဇူးတင်ပါတယ်။
အိမို့မို့ခိုင်
Photo - Zenn Kyi facebook