၃  မတ်

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ လူဦးရေ ဒါဇင်ပေါင်း မြောက်မြားစွာသေဆုံးပြီး ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းမြင့်မားလာပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူအရေအတွက်ဟာလည်း မတ် ၂ ရက်မှာ ၃၀၀၀ထက်တောင် ပိုလာပါပြီ။ ထို့အတူပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာလည်း နှစ်ဦးမြောက် သေဆုံးခဲ့ပြီဖြစ်တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရ

လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ စတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုအခါမှာတော့ လူပေါင်း ၈၉၀၀၀ ကျော်ကူးစက်ခံစားနေရပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်အထိ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ အနောက်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် လူနာတစ်ဦးသေဆုံးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကို လျှော့တွက်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး အခုအခါမှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတော့တယ်။

တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ပျံ့နှံ့ကူးစက်ခံရတဲ့ နိုင်ငံဖြစ်လာပြီးတော့ မတ် ၂ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုချိန်အထိ စုစုပေါင်းကူးစက်ခံရသူဟာ ၄၀၀၀ ကျော် လာပြီဖြစ်ပါတယ်။

တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်အတော်များများဟာ ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဆက်နွယ်လျက်ရှိပြီး သူတို့က ရောဂါပျံ့နှံ့ကူးစက်မှုနဲ့ ပတ်သက်ပြီး တောင်းပန်ထားပါတယ်။ တောင်ကိုရီးယားမြို့တော် အစိုးရက အစိုးရရှေ့နေတွေကို သူတို့ကို လူသတ်မှုနဲ့ စွဲချက်တင်ဖို့ တိုက်တွန်းထားပါတယ်။

ဆောင်ရွက်ချက်တွေလုပ်ဆောင်

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမြင့်တက်လာမှာကို စိုးရိမ်တဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံတွေအကုန်လုံးကို ကိုရိုနာဗိုင်းရပ်စ်ပြင်းထန် တဲ့လူနာတွေကို ကုသရာမှာ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ပြုလုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန်ကူးစက်ပျံ့နှံ့လာတာကြောင့် ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်စေပါတယ်။ ကမ္ဘာ့စီးပွားရေးဈေးကွက်ဟာ ၂၀၀၈ ခုနှစ်မှစပြီး အခုအခါမှာတော့ အဆိုးရွားဆုံးအနေအထားကို ရောက်နေပါတယ်။ သို့သော်လည်း အာဆီယံစီးပွားရေးဈေးကွက်ဟာ မတ် ၂ ရက်မှာတော့ ပြန်လည် ကောင်းမွန်လာတဲ့သဘောကို တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ နေရာအတော်များများမှာလည်း ခရီးသွားလာမှုပိတ်ပင်မှုတွေ သို့မဟုတ် အလုံပိတ်ခွဲခြားမှုတွေ ပြုလုပ်ထားကြတဲ့အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးကတော့ ထင်သလောက်မကောင်းသေးပါဘူး။ အခြားနိုင်ငံတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ထားပါတယ်။ အဲဒီထဲမှာ ဗိုင်းရပ်စ်ဖြစ်ပွားတဲ့နိုင်ငံတွေကို ခရီးသွားလာမှု ပိတ်ပင်ခြင်းတွေ၊ မြို့တွေကို အလုံပိတ်မှုတွေ ပြုလုပ်ထားပြီး နိုင်ငံသားတွေကိုလည်း အိမ်ထဲမှာပဲနေထိုင်သွားကြဖို့နဲ့ ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကို စိုးထိတ်နေတဲ့ တချို့နိုင်ငံက ပြတိုက်တွေဆိုရင် ပြတိုက်ဝန်ထမ်းတွေက အလုပ်ဆင်းရမှာကို ငြင်းဆန်တဲ့အတွက် ပြတိုက်ကို ပိတ်လိုက်ရတဲ့ကိစ္စတွေတောင် ရှိလာပါတယ်။

သီးသန့်ခွဲခြားမှုတွေပြုလုပ်

မတ် ၂ ရက်က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၄၂ဦးထက် ပိုမိုများပြားလာခဲ့ပါတယ်။ သေဆုံးသူအားလုံးဟာ ဟူပေပြည်နယ်မှ ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သားရဲတိ ရောင်းချရာ တရုတ်နိုင်ငံ ဝူဟန်မြို့ ဈေးကစတင်လာတယ်လို့ ယုံကြည်ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာကိုပဲ ၂၉၁၂ ဦးလောက် မြင့်တက်သွားခဲ့ပါတယ်။ ထို့အတူပဲ တခြားနိုင်ငံတွေမှာလည်း မြင့်တက်မှုတွေရှိလာပါတယ်။ ဒုတိယ အမြင့်ဆုံးကတော့ အီရန်နိုင်ငံဖြစ်ပြီး အီရန်နိုင်ငံမှာ သေဆုံးသူဦးရေဟာ ၅၄ ဦးအထိ ရှိလာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျနိုင်ငံတွေမှာ ရက်သတ္တတစ်ပတ်ကျော်ကာလအတွင်း ပထမဆုံး သေဆုံးသူတွေရှိလာကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ကြီးပိုင်း အထူးသဖြင့် အသက် ၆၀ ကျော် အရွယ်တွေမှာ အဖြစ်ပိုများသလို တခြားရောဂါတွေ ခံစားနေရတဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်လို့ ပြောကြားထား ပါတယ်။

သေဆုံးမှုနှုန်းဟာ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ ရာသီတုပ်ကွေးထက် များပါတယ်။ သို့သော်လည်း ဆားစ်ကဲ့သို့သော တခြားကိုရိုနာဗိုင်းရပ်စ် ဆက်စပ်ဖျားနာမှုတွေထက် သေဆုံးမှုနှုန်း နည်းပါးနေသေးပါတယ်။ ဆားစ်ရောဂါကြောင့် ၂၀၀၂ မှ ၂၀၀၃ ခုနှစ်အထိ သေဆုံးမှုနှုန်းဟာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိ လာပါတယ်။

အခုတော့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွေဟာ တရုတ်နိုင်ငံထက် တခြားနိုင်ငံတွေမှာ ပိုမိုမြန်ဆန်စွာ မြင့်တက်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဖို့ စီမံဆောင်ရွက်မှုတွေကို အပြင်းအထန်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလိုပြုလုပ်တဲ့အထဲမှာ ဇန်နဝါရီနှောင်းပိုင်းက လူဦးရေ ၅၆ သန်းလောက်ရှိတဲ့ ဟူပေပြည်နယ်ကို ပြင်ပကမ္ဘာနဲ့ သီးသန့်ခွဲခြားမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

 

နိုင်ငံပေါင်း ၆၀ကျော်အထိပျံ့နှံ့

မတ် ၂ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုပေါင်း ၂၀၂ မှုရှိတယ်လို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။ ဒီပမာဏဟာ ဇန်နဝါရီနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နေ့စဉ် ပျံ့နှံ့ကူးစက် မှုထက် လျော့နည်းသွားပါတယ်။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ပေါင်း ၈၀၀၀၀ ကျော်ရှိခဲ့ပါတယ်။

ဆန့်ကျင်ဘက်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အီတလီနိုင်ငံမှာလည်း ရက်သတ္တပတ်ကျော်အတွင်း နှစ်ဆ မြင့်တက်လာပြီး စုစုပေါင်း ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်စဉ်ပေါင်း ၁၇၀၀ အထိရှိခဲ့ပါတယ်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးဦးထပ်မံရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ဟာ တောင်ကိုရီးယားမှာ ပိုမိုမြင့်တက်လာနိုင်စရာ အကြောင်းရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း အသက် ၇၀ ကျော် လူတစ်ဦး ဖေဖော်ဝါရီ ၂၉ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းများက ပြောပါတယ်။ နယူးယောက်ပြည်နယ်မှာလည်း အီရန်ကို သွားရောက်လည်ပတ်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးတစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ ကျန်းမာရေးဝန်ကြီး အဲလက်အဇာတို့က ထရမ့်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ် အရေးယူဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။ မိမိတို့မှာ ပိုမိုဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းတွေရှိသေးကြောင်း သို့သော်လည်း အမေရိကန်ပြည်သူတွေဟာ ရောဂါကူးစက်မှုနှုန်း အနည်းဆုံးဖြစ်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်တွေကို ပိုပြီးတွေ့မြင်နိုင်တယ်လို့ အဇာကပြောပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်အထိ ပျံ့နှံ့ခဲ့ပြီဖြစ်ပါတယ်။ ။

ထွန်းသစ်စ

အေအက်ဖ်ပီ