၃ မတ်

 

ရုတ်တရက်ကျောက်ကပ်ပျက်စီးတယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင် တော့တာပါ။ နည်းနည်းပျက်စီးတာလဲ ဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့် ဖြစ်နိုင်သလို တခြားအကြောင်းအရင်း တစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီး ရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ် မကောင်းတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန်ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေ ပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝ အလုပ်မလုပ် တော့ရင်တော့ ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

 

ဘာလို့ ရုတ်တရက်ကျောက်ကပ်ပျက်စီး ရတာလဲ

 

အဓိက အကြောင်းရင်း ၃ ခုကတော့

 

ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်တာ

 

ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်တာ

 

ဆီးပို့ပြွန်ပိတ်ပြီး ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေတာတွေပဲဖြစ်ပါတယ်။

ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်စေတဲ့အကြောင်းတွေကတော့

 

သွေး ဒါမှမဟုတ် အရည်ဓာတ်ဆုံးရှုံးတာ

သွေးကျဆေးတွေအလွန်အကျွံသောက်တာ

နှလုံးရပ်တာ

နှလုံးရောဂါရှိတာ

ပိုးဝင်တာ

အသည်းပျက်စီးတာ

အကိုက်အခဲပျောက်ဆေးတွေ၊ တခြားကျောက်ကပ်ထိတဲ့ဆေးတွေသောက်တာ

ဆေးဓာတ်မတည့်တာ

ပြင်းထန်မီးလောင်တာ

ပြင်းထန်ရေဓာတ်ဆုံးရှုံးတာ

 

ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေတဲ့ အကြာင်းတွေကတော့

 

ကျောက်ကပ်ကို သွားတဲ့ သွေးကြောတွေမှာ သွေးခဲပိတ်တာ၊ အဆီခဲပိတ်တာ

ကျေက်ကပ်ရောင်တာ

ပိုးဝင်တာ

ခုခံအားကမောက်ကမဖြစ်ပြီး ကျောက်ကပ်ကို ထိခိုက်တာကြောင့် ကျောက်ကပ်ရောင်တာ

အရက်တွေအလွန်အကျွံသောက်ပြီးကျောက်ကပ်ထိခိုက်တာ

 

ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေစေတဲ့ အကြောင်းတွေကတော့

 

ဆီးအိမ်ကင်ဆာ

ဆီးလမ်းကြောင်းမှာ သွေးခဲတွေပိတ်နေတာ

သားအိမ်ခေါင်းကင်ဆာ

အူမကြီးကင်ဆာ

ဆီးကျိတ်ကြီးတာ  ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာ

ကျောက်ကပ်မှာ ကျောက်တည်တာ

ရုတ်တရက်ကျောက်ကပ်ပျက်စီး ရင်ဘာလက္ခဏာတွေပြမှာလဲ

ဆီးနည်းတာ(တစ်ခါတစ်လေ ဆီးပုံမှန်သွားတာလည်းဖြစ်နိုင်ပါတယ်။)

ရေတွေစုပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်မှာ ဖောနေတာ

မောတာ

နုံးတာ

သတိမကောင်းတာ

ပျို့တာ

အားနည်းတာ

နှလုံးခုန်မမှန်တာ

ရင်ဘတ်အောင့်တာ

သိပ်ပြင်းထန်ရင် တက်တာ၊ သတိလစ်တာအထိဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေဘာလက္ခဏာမှမပြဘဲ သွေးစစ်လိုက်မှသိတာမျိုးလည်းရှိပါတယ်။

 

ဘယ်သူတွေပိုဖြစ်နိုင်လဲ

 

အသက် ၆၅ နှစ်အထက်တွေ

နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေ

နှလုံးမကောင်းတဲ့သူတွေ၊ ဆီးချို၊ အသည်းရောဂါရှိတဲ့သူတွေ

ရေဓာတ်အလွန်နည်းတဲ့သူတွေ၊ ကိုယ်တိုင်မစားမသောက်နိုင်တဲ့သူတွေ

ဆီးလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေတဲ့သူတွေ

သွေးဆိပ်သင့်တဲ့သူတွေ

 အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ တခြားကျောက်ကပ်ထိခိုက်စေတဲ့ဆေးတွေကို စွဲသောက်နေတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

 

နောက်ဆက်တွဲဘာဖြစ်နိုင်လဲ

 

ကျောက်ကပ်ထိခိုက်ပြီး အရည်တွေစုလာတဲ့အတွက် ဖောတာ၊ မောတာ ဖြစ်တတ်ပါတယ်။

နှလုံးအမြှေးပါးရောင်ရမ်းပြီး ရင်ဘတ်အောင့်နိုင်ပါတယ်။

ကိုယ်တွင်းမှာ ဓာတ်ဆားတွေမမျှတတဲ့အတွက် ကြွက်သားတွေအားပျော့တာ ဖြစ်တတ်ပါတယ်။

ကျောက်ကပ်လုံးဝပျက်စီးတာ

အသက်အန္တရာယ်ရှိတာတွေဖြစ်တတ်ပါတယ်။

 

 

ဘယ်လိုကုသကြမလဲ

 

ရုတ်တရက်ကျောက်ကပ်ပျက်စီးတဲ့သူတွေက ဆေးရုံတက်ပြီး ကုသမှုခံယူရမှာပါ။ ဆေးရုံတက်ပြီး

ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ရှာရပါမယ်။

ဆေးကုသနေချိန်၊ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေချိန်မှာ နောက်ဆက်တွေ မဖြစ်အောင်လို့ ကုသပေးရပါမယ်။ ဥပမာပြောရရင်

-ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို သေချာတွက်ချက်ပေးရပါမယ်။ နည်းရင် ကျောက်ကပ်ကို ပိုပျက်စီးစေပြီး များရင်လည်း ပိုဖော ပိုမောလာမှာပါ။

-သွေးတွင်းပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းထားရပါမယ်။

-လိုအပ်ရင်ကျောက်ကပ်ဆေးပြီး သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။

 

ဘယ်လိုကာကွယ်ကြမလဲ

 

ဘယ်တော့ကျေက်ကပ်ပျက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်လို့

 

အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံမသောက်ပါနဲ့။ အထူးသဖြင့် နဂိုတည်းက ကျောက်ကပ် မကောင်းတဲ့သူတွေ၊ ဆီးချို၊ သွေးတိုးရှိတဲ့သူတွေက ပိုပြီးသတိထားသင့်ပါတယ်။

 

တကယ်လို့ သင့်မှာတခြားနာတာရှည်ရောဂါ တစ်ခုခုရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာ ကုသပါ။

 

ကျန်းမာတဲ့ နေထိုင်မှုပုံစံရှိပါစေ။ (ဥပမာ လှုပ်လှုပ်ရှားရှားနေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ အရက်လျှော့သောက်ပါ။)

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Written by Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”