၁၄ ဇန်နဝါရီ

 

မြန်မာ့ယဉ်ကျေးမှု ဆင်ယင်ထုံးဖွဲ့မှု ဓလေ့တွေနဲ့ ပျော်မွေ့နေကြတဲ့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်းမှာရှိတဲ့ စက်စက်ယိုကျေးရွာလေးကို ကျွန်တော်တို့ သတင်းအဖွဲ့က သတင်းရယူမေးမြန်းဖို့ ဇန်နဝါရီ ၅ ရက်မှာ မန္တလေးမြို့ကနေ ကားနဲ့ ထွက်ခွာလာခဲ့ပါတယ်။ ဒီကျေးရွာလေးကိုသွားဖို့ ညောင်ဦးမြို့နယ်ထဲကို စတင်ဝင်ရောက်လာတာနဲ့ ထန်းပင်၊ ထန်းတောနဲ့ လွမ်းမောစရာကောင်းလှတဲ့ အညာဒေသရဲ့ အငွေ့အသက်ကို စတင်ခံစားမိလိုက်တယ်။

 

ဪ မြန်မာတွေနေတဲ့ အညာမြေဒေသမှာ ခေတ်တွေ ဘယ်လိုပဲတိုးတက် ပြောင်းလဲပါစေ၊ ရိုးရာဓလေ့စရိုက်နဲ့ သျှောင်ပေစူး၊ ဆံရစ်ဝိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းနေတဲ့ ဒီလိုရွာကလေးလည်း ကျန်ရှိနေဆဲပါလားလို့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ တွေးလိုက်မိနေသေးတယ်။

 

mdn

 

ကြည်နူးစွာတွေ့ရှိ

 

ညောင်ဦး ကားလမ်းဘေးအရောက်မှာ လမ်းညွှန်စိုက်ထူထားတဲ့ ဂျမ်းလှီးရွာဘုန်းတော် ကြီးကျောင်းသို့ဆိုတဲ့ ရွာအဝင် မြေသားလမ်းလေးအတိုင်း ဝင်ရောက်လာပြီး ရွာသုံးရွာအလွန် မှာထန်းသားနဲ့ စိုက်ထူထားတဲ့ စက်စက်ယိုကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါသည် ဆိုတဲ့ အပြာရောင်ဆိုင်းဘုတ်ကလေးနဲ့ လမ်းညွှန်ထားတဲ့ ရွာအဝင်လမ်းကလေးအတိုင်း ဆံရစ်ဝိုင်းများကို စုစည်းထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းထဲကို ဝင်ရောက်တဲ့အခါမှာ ဘုန်းကြီးကျောင်းသား သဘာဝအလျောက် ပျော်မွေ့စွာ နေ့လယ်စာ စားသောက်နေတဲ့ သျှောင်ပေစူးကလေးများကို ကြည်နူးစွာ စတင်တွေ့ရှိခဲ့ရတယ်။

 

ရွာဦးကျောင်းဆရာတော် ဦးနန္ဒမာလာကို မန္တလေးဒေသထွက် မုန့်မျိုးစုံကပ်လှူပြီး ရှေးခေတ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ကိုမပျောက်ပျက်အောင် ထိန်းသိမ်းထားရှိမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

 

“ဦးပဉ္စင်းအရင် ဆရာတော်ကြီးနှစ်ပါး လက်ထက်တုန်းကတည်းက ဒီရွာမှာ သျှောင်ဆံထုံးလေးတွေ၊ ဆံတောက်ကလေးတွေနဲ့နေဖို့ ဆရာတော်ကြီးတွေကဆုံးမပြီး ထိန်းသိမ်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းကလည်း ဦးပဉ္စင်းက ဘုန်းကြီးကျောင်းသားဘဝ သျှောင်ဆံထုံးနဲ့ နေခဲ့ရတာပါ။ ဒါကြောင့် ဦးပဉ္စင်းလက်ထက်မှာလည်း ဒီရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းသွားမယ်လို့ ဆုံးဖြတ်ပြီး စောင့်ရှောက်ခဲ့တာပါ။ ဒီခေတ်ကျမှ ပြည်တွင်း ပြည်ပဧည့်သည်တွေ လာရောက်ကြည့်ရှုလေ့လာတဲ့အတွက် ရွာအတွက်လည်း ဂုဏ်ယူရပါတယ်။ လာကြတဲ့သူတွေက ကလေးတွေကို မုန့်မျိုးစုံနဲ့ ကျောင်းသုံးပစ္စည်းတွေ ပေးကမ်းလှူဒါန်းကြတာကို ကျေးဇူးတင်ပေမယ့် အချို့လူတွေရဲ့ ငွေကြေးလှူဒါန်းပေးကမ်းမှုတွေနဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံသမားတွေကြောင့် ကလေးတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးသွားပြီး ဒီဓလေ့တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

 

“ဒါ့အပြင် ဆရာတော်ကြီးက အတန်းကျောင်းတွေ ဖွင့်လှစ်တဲ့အခါမှာ ကျောင်းကို လွှတ်ထားရပေမယ့် နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ဗုဒ္ဓဘာသာစာပေတွေ သင်ကြားရင်း အားလုံးစုစည်းမိတဲ့အချိန်မှာ သျှောင်ထုံးမထားရင် စာမသင်ရဘူး၊ ကျောင်းမလာရဘူးလို့ စည်းကမ်းသတ်မှတ်ထားတဲ့အတွက် အားလုံးသျှောင်ဆံထုံးတွေ ဖြစ်နေကြတာပါ။ သူတို့အတွက် ပညာရေး၊ စားသောက်ရေးတွေ အားလုံးကို ဦးပဉ္စင်းက ထောက်ပံ့ပေးနေပါတယ်။ ဒီကျောင်းမှာ သုံးနှစ်အရွယ်ကနေ ၁၄ နှစ် အရွယ်အထိ ၅၃ ဦးရှိပါတယ်” ဟု ဆက်လက်မိန့်ကြားခဲ့ပါတယ်။

 

mdn

 

ခံစားချက်ကိုပြောပြ

 

ကျွန်တော်တို့ သတင်းအဖွဲ့ဟာ ကလေးတွေရဲ့ သဘာဝပုံစံလေးတွေကို ဓာတ်ပုံမှတ် တမ်းရိုက်ယူပြီး ရိုးရာဓလေ့ ဆင်ယင်ထုံးဖွဲ့မှုအပေါ် သူတို့ရဲ့ခံစားချက်ကလေးတွေကိုလည်း မေးမြန်း စပ်စုခဲ့ကြတယ်။

 

“ဒီရွာမှာသားတို့အရွယ်တွေက သျှောင်ထုံးပြီးနေကြတဲ့အတွက် သားလည်းဒီဆံပင်ပုံစံအတိုင်း နေဖြစ်ခဲ့တာပါ။ ဒီရွာရဲ့ဆံပင်ပုံစံကို လာပြီးလေ့လာကြည့်ရှုသူတွေ ရှိလာတဲ့အတွက် ဂုဏ်ယူမိသလို သားတို့ကို မုန့်တွေလည်းပေးတဲ့အတွက် ပျော်ပါတယ်။ သားက ကိုရင်ဝတ်ပြီးရင်လည်း သျှောင်ဆံထုံးကို ဆက်ထားသွားမှာပါ” ဟု စတုတ္ထတန်းကျောင်းသား မောင်လျှံလင်းခန့် က သူ၏ခံစားချက်ကို ပြောပြသည်။

 

အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ဆံတောက်ပုံစံလေးဖြင့် မြန်မာဆန်ဆန်လှပနေတဲ့ သမီးလေး ဂျူဇင်မိုးကလည်း “ သမီးတို့ရွာရဲ့ ရိုးရာဓလေ့အတိုင်းထားကြတဲ့ ဒီဆံပင်ပုံစံလေးကို နှစ်သက်ပါတယ်။ တီဗွီ၊ ရုပ်ရှင်တွေနဲ့ မြို့အတော်များများမှာ သမီးတို့အရွယ်တွေ ခေတ်နဲ့အညီ ဆံပင်ပုံစံတွေ ထားကြတာကို မြင်ဖူးပေမယ့် အားမကျပါဘူး။ ဒီဆံတောက် ပုံစံလေးနဲ့ပဲ သမီးတို့ရဲ့ ရွာဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသွားပြီး ဒီဆံတောက် ထုံးဖွဲ့မှုနဲ့ပဲ ဘွဲ့တက်ယူဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောပြခဲ့ပါတယ်။

 

mdn

 

ဆံပင်ပုံစံကိုလာကြည့်ကြ

 

သားသမီးလေးယောက်မိခင် ဒေါ်နီက “ ကျွန်မတို့ ငယ်ငယ်တုန်းကတည်းက ဒီဆံပင်ပုံစံနဲ့ပဲ နေလာခဲ့တော့ ကိုယ့်သားသမီးတွေလည်း ဒီပုံစံနဲ့ပဲထားခဲ့တာပါ။ ၂ နှစ်၊ ၃ နှစ်အရွယ်ဆို ကြက်တောင်စည်းလေး စထားပြီး ၅ နှစ်၊ ၆ နှစ်လောက်မှာ ယောကျာ်းလေးတွေကို သျှောင်ဆံထုံးထားပေးပြီး မိန်းကလေးတွေကိုတော့ ဆံရစ်ဝိုင်းလေးပေါ့။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ကိုရင်ဝတ်ပြီး သျှောင်ထုံးဖြုတ်လိုက်ရင် ပြန်မထားကြတော့တာများတယ်။ မိန်းကလေးတွေကတော့ ၁၃ နှစ်အရွယ်၊ ၁၄ နှစ်လောက်အထိ ဆံတောက်လေးနဲ့ နေကြပေမယ့် ၁၅ နှစ်လောက်ဆို ဦးလုံးသိမ်းကြတော့တာပါပဲ။ ကျွန်မတို့ ငယ်ငယ်ကဆို တော်တော်ကြီးတဲ့အရွယ်အထိ သျှောင်ထုံးထားကြတာ တွေ့ရပေမယ့် ဒီခေတ်မှာတော့ ရှားပါးကုန်ကြပြီ။ အခုလို ကျွန်မတို့ရွာရဲ့ ဒီဆံပင်ပုံစံကို လာကြည့်ကြတဲ့အတွက် ဘုန်းကြီးကျောင်းရော ရွာအတွက်ပါ အကျိုးများပါတယ်” ဟု ဝမ်းသာအားရ ပြောပြရှာပါတယ်။

 

ကျွန်တော်တို့ သတင်းအဖွဲ့တွေ ရောက်ရှိစဉ်မှာပဲ ပြည်တွင်း ပြည်ပခရီးသွားတွေ တဖွဲဖွဲဝင်ရောက်လာပြီး ဆရာတော်ကိုဖူးမြော်ကာ ကလေးတွေကို စိတ်ဝင်တစားကြည့်ရှုပြီး ပါလာတဲ့မုန့်တွေ ဝေငှပေးကမ်းနေကြတယ်။

 

သူတို့လေးတွေရဲ့ ဆံပင်ပုံစံလေးတွေက ရိုးရိုးယဉ်ယဉ်လေးနဲ့ ကြည့်ရတာအလွန်ကို ကြည်နူးစရာပါ။ မြန်မာပီသစွာ နေထိုင်ကြတဲ့အတွက်လည်း ချီးကျူးပါတယ်လို့ လာရောက်လေ့လာကြည့်ရှုကြတဲ့ မချောစုကျော်ရဲ့အပြောကို ကြားခဲ့ရတဲ့အပြင် ဂျာမနီနိုင်ငံမှ လာရောက်ကြည့်ရှုကြတဲ့ စုံတွဲကလည်း “မြန်မာနိုင်ငံမှာ တစုတဝေးတည်း တည်ရှိနေကြတဲ့ ဘုရားတွေကို မြင်တွေ့ရတာ ထူးဆန်းမိသလို အခုဒီရွာမှာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဆင်ယင်ထုံးဖွဲ့မှုကိုကြည့်ပြီး သူ့ရဲ့ခံစားမှုကို ထုတ်ဖော်မပြတတ်အောင် ကြည်နူးရပါတယ်” လို့ ပြောကြားခဲ့တာကိုလည်း ကြားမိခဲ့ရတယ်။

 

စာကြည့်တိုက်လည်း ဖွင့်လှစ်ထား

 

စက်စက်ယိုကျေးရွာလေးကို လှည့်ပတ်ကြည့်ရှုတဲ့အခါမှာ အညာဒေသရဲ့ ပုံရိပ်တွေအတိုင်း ထန်းပင်၊ မန်ကျည်းတောတွေနဲ့အတူ ရွာဦးစေတီလေးကိုလည်း သပ္ပာယ်စွာဖူးတွေ့ လိုက်ရတယ်။ မြေသားခင်းထားတဲ့ ရွာလမ်းလေးဟာ သန့်ရှင်းသပ်ရပ်နေတာကို တွေ့ရတဲ့အပြင် ရွာဦးကျောင်းရဲ့အရှေ့မှာ ကျေးရွာစာကြည့်တိုက်လည်း ဖွင့်လှစ်ထားတာကို တွေ့ရတယ်။ ဒါ့အပြင် လျှပ်စစ်မီးလည်း ရရှိနေကြလို့ တစ်ရွာလုံး ဝမ်းသာနေကြလေရဲ့။ ကျွန်တော်တို့အဖွဲ့ဟာ လှူဒါန်းဖို့ အသင့်ပါလာတဲ့ စာအုပ်စာစောင်တွေနဲ့ နေ့စဉ်ထုတ် သတင်းစာမျိုးစုံကို ကျေးရွာစာကြည့်တိုက်အတွက် လှူဒါန်းဖြစ်ခဲ့တယ်။

 

“ကျွန်တော်တို့ ရွာကလေးဟာ အိမ်ခြေ ၁၁၇ လုံးနဲ့ လူဦးရေ ၈၅၆ ဦး စည်းစည်းလုံးလုံးနဲ့ အေးချမ်းစွာနေထိုင်ကြတဲ့ ရွာကလေးပါ။ မှုခင်းဖြစ်စဉ်လည်း အလွန်နည်းပါးတဲ့အပြင် ရွာဓလေ့အတိုင်း ရှာဖွေတူးဖော်ကြတဲ့ မှိုထွက်ချိန်မှာ မှိုတွင်းကို အရင်ဆုံးတွေ့တဲ့သူက အမှတ်အသားပြုထားရင် နောက်လူတွေက ဒီမှိုတွင်းကို သွားရောက်တူးဖော်ခြင်း မလုပ်ကြတဲ့ ရှေးအစဉ်အလာကို ဒီနေ့အထိ ဆက်လက် ထိန်းသိမ်းနေဆဲပါ” လို့ အသက် ၆၇ နှစ်အရွယ် ရပ်မိရပ်ဖ ဦးထွန်းခင်က ရွာအတွက် ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

 

အကျိုးရှိစွာသုံးစွဲ

 

ဒါ့အပြင် သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်း ယဉ်ကျေးမှုကို လာရောက်ကြည့်ရှုကြတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအနေနဲ့ ကလေးတွေကို ချစ်မြတ်နိုးလို့ မုန့်ပဲသရေစာတွေ ပေးကမ်းလှူဒါန်းတာကို ကျေးဇူးတင် ဝမ်းသာရပေမယ့် တချို့တွေရဲ့ ငွေကြေးပေးကမ်းမှုတွေကြောင့် ကလေးတွေရဲ့ အသိစိတ်တွေ မှားယွင်းသွားမှာကိုတော့ စိုးရိမ်မိပြီး အကယ်၍ ငွေကြေးထောက်ပံ့ လှူဒါန်းချင်တယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးနဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်မှုအတွက် အမှန်တကယ် အကျိုးရှိစွာသုံးစွဲနိုင်ဖို့ ရွာဦးကျောင်းဆရာတော်နဲ့ ရွာမှာတည်ထောင် ဖွင့်လှစ်ထားတဲ့ ပညာရေးငွေပဒေသာပင်မှာ စနစ်တကျ လှူဒါန်းပေးကြဖို့ကိုလည်း မေတ္တာရပ်ခံစကား ပြောကြားခဲ့ပါတယ်။

 

စက်စက်ယိုကျေးရွာရဲ့ ရိုးရာဓလေ့ ဆင်ယင်ထုံးဖွဲ့မှုကို ရွာဦးကျောင်းဆရာတော် အဆက်ဆက် ထိန်းသိမ်းလာခဲ့ပြီး နိုင်ငံတကာမှ လာရောက်လေ့လာမှုတွေအနေနဲ့လည်း ယခင်ကတည်းက ရှိခဲ့ပေမယ့် ပြည်တွင်းခရီးသွားတွေကတော့ ၂၀၁၆ ခုနှစ်မှာ ကျော်သူပရဟိတအဖွဲ့က ဒီရွာကလေးမှာ ရုပ်ရှင်လာရောက် ရိုက်ကူးမှုကတစ်ဆင့် သိရှိသွားကြပြီး လာရောက်မှု ပိုမိုများပြားလာတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ခရီးသွားကုမ္ပဏီများက ထည့်သွင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ရဲ့ ပြောပြချက်အရ သိရှိခဲ့ရပါတယ်။

 

mdn

 

“ကျွန်တော်တို့ဒေသဟာ အညာကျေးလက် ရွာလေးဖြစ်တဲ့အတိုင်း သျှောင်ဆံထုံး ယဉ်ကျေးမှုနဲ့အတူ ရွာဓလေ့ ရိုးရာလက်မှုလုပ်ငန်းတွေဖြစ်တဲ့ တစ်ပိုင်တစ်နိုင် ပုန်းရည်ကြီးလုပ်ငန်းတွေနဲ့ ဆီဆုံလုပ်ငန်းတွေကိုလည်း သဘာဝကျကျ လေ့လာလို့ရပါတယ်။ ဒီရွာလေးကို ပုဂံဘုရားဖူးခရီးစဉ်ကနေ အများဆုံးလာရောက်ကြတာ ဖြစ်တဲ့အတွက် ပုဂံ-ညောင်ဦးကားလမ်းကနေ ကိုးမိုင်ရှည်လျားတဲ့ ရွာအဝင်မြေသားလမ်းလေးကို အဆင့်မြှင့်တင်ပေးမယ်ဆိုရင် ဒီဒေသဟာ ပိုပြီးဖွံ့ဖြိုးသွားမယ့်အပြင် ဒီကနေတစ်ဆင့် ပုပ္ပားကိုလည်း အလွယ်တကူသွားလို့ ရနိုင်မှာဖြစ်ပါတယ်” ဟု ဒေသရဲ့ လိုအပ်ချက်များကို ပြောကြားခဲ့ပါတယ်။

 

“စက်စက်ယိုရွာကလေးကို လာဖို့အတွက် မန္တလေးကနေ ညောင်ဦးကားလမ်းကနေ လာရောက်တာက လွယ်ကူပြီး ရန်ကုန်မှလာမယ်ဆိုရင် ပုပ္ပားမှတစ်ဆင့် ပြန်ဆင်းပြီး ဗျတ္တ ပန်းဆက်လမ်းမှ ငါးမိုင်လေးဖာလုံ ဝေးကွာပြီးတော့ ကျောက်ပန်းတောင်း-ညောင်ဦးကား လမ်းမှ လာမယ်ဆိုရင် ကိုးမိုင်နဲ့ ငါ့သရောက်မြို့မှ ဝင်လာမယ်ဆိုရင် ခြောက်မိုင်သာဝေးကွာတယ်” ဟု ဦးအောင်နိုင်က ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။

 

ကျွန်တော်တို့အဖွဲ့ဟာ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့စရိုက် အငွေ့အသက်တွေ ပြည့်လျှံနေတဲ့ စက်စက်ယိုရွာကလေးက ပြန်အထွက်မှာ လက်ပြနှုတ်ဆက်ကျန်ခဲ့ကြတဲ့ ကလေးငယ်လေးတွေကိုကြည့်ပြီး အဆိုတော်ကြီး အကော်ဒီယံအုန်းကျော်ရဲ့ “တို့...ငယ်ငယ် တုန်းအရွယ်...သျှောင်ပေစူးလေးတွေနဲ့ကွယ် ...ပုဆိုးကိုစလွယ်သိုင်း...ရွာဝိုင်း ပတ်လည်...ဆိုတဲ့ သီချင်းသံလေးကို ပြန်လည်ကြားယောင်မိရင်း ဘာရယ်လို့မသိ၊ အမည်မရှိတဲ့ အလွမ်းတွေ ဖြစ်တည်ခံစားရင်း ... ဪ ... အတိတ်က မြန်မာ့ယဉ်ကျေးမှု ပုံရိပ်တွေ အညာမြေမှာ ဆက်လက်ရှင်သန်နိုင်ပါစေလို့ မျှော်လင့်ခြင်းဆုတောင်းလေးတွေ ခြွေခဲ့မိပါတယ်...။

 

မင်းထက်အောင်(မန်းကိုယ်ပွား) 
ဓာတ်ပုံ- အောင်ဖြိုးကျော်