၄ မတ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့ မသေချာသေးပေမယ့် အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ သူ့အတွက် စိတ်ပျက်စရာမဖြစ်ခဲ့ပါဘူး။ မတ် ၂ ရက်က ပြုလုပ်ခဲ့တဲ့ အစ္စရေးနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာတော့ နေတန်ယာဟုဟာ သူ့ကိုယ်သူ အနိုင်ရသူလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
မဲအရေအတွက်ခန့်မှန်း
မဲထည့်ပြီးသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး မဲအရေအတွက် ခန့်မှန်းကြည့်ရာမှာတော့ နေတန်ယာဟုဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဘန်နီဂန့်စ်ထက် သာနေတာကို တွေ့ရပါတယ်။ မဲအရေအတွက် သုံးပုံတစ်ပုံကို ရေတွက် ပြီးတဲ့အခါမှာတော့ မစ္စတာနေတန်ယာဟုရဲ့ လက်ယာ ယိမ်းလီကွတ်ပါတီဟာ ၂၈ ဒသမ ၇၃ ရာခိုင်နှုန်း ရရှိခဲ့ တယ်လို့ ဗဟိုရွေးကောက်ပွဲကော်မတီက ပြောပါတယ်။ မစ္စတာဘန်နီဂန့်စ်ရဲ့ Blue and White ပါတီကတော့ ၂၃ ဒသမ၂၆ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း မဲထည့်ပြီးသူတွေနဲ့တွေ့ဆုံမေးမြန်းပြီး မဲအရေအတွက် ခန့်မှန်းရာမှာတော့ လီကွတ်ပါတီနဲ့ သူ့ရဲ့မဟာမိတ် လက်ယာယိမ်းပါတီတွေဟာ ပါလီမန်မှာ နေရာအများစုကို ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
တစ်နှစ်အတွင်း သုံးကြိမ်မြောက် ရွေးကောက်ပွဲ
မတ်၂ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာဆိုရင် အစ္စရေးနိုင်ငံမှာ တစ်နှစ်တာကာလအတွင်း တတိယ အကြိမ်မြောက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုစလုံးမှာ ဘယ်ပါတီကမှ ပါလီမန်မှာ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မဲမရခဲ့တဲ့အတွက် အခုလို တတိယအကြိမ်မြောက် ရွေးကောက်ပွဲပြုလုပ်ဖို့ ဖြစ်လာခဲ့ရပါတယ်။ ဧပြီလအတွင်းမှာ တစ်ကြိမ်၊ စက်တင်ဘာလမှာ တစ်ကြိမ် ရွေးကောက်ပွဲ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့တာပါ။ အဲဒီရွေးကောက်ပွဲ နှစ်ခုစလုံးမှာတော့ နိုင်ငံရေးအရ ချောင်ပိတ်မိနေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ မတ် ၃ ရက် နံနက်ပိုင်းမှာတော့ အစ္စရေး ဗဟိုရွေးကောက်ပွဲကော်မတီက မဲအားလုံး ရေတွက်ပြီးသွားပြီဖြစ်ကြောင်း ဒါပေမယ့်လည်း ရလဒ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် မတ် ၃ ရက် မွန်းလွဲပိုင်းမှသာ တရားဝင်ကြေညာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
အောင်မြင်မှုကြီးတစ်ခု
မဲထည့်ပြီးတဲ့လူတွေကို မေးမြန်းပြီး ကြိုတင်ခန့်မှန်း ကြည့်တဲ့ မဲအရေအတွက်အရတော့ မစ္စတာနေတန်ယာဟု ရဲ့ လီကွတ်ပါတီဟာ အမတ်နေရာ ၁၂၀ ရှိတဲ့ အစ္စရေးပါလီမန်မှာ ၃၆ ဒါမှမဟုတ် ၃၇ နေရာအထိရနိုင်တယ်လို့ ဖော်ပြနေပါတယ်။ ဒါဟာ နေတန်ယာဟု ဦးဆောင်ခဲ့တဲ့ သက်တမ်း တစ်လျှောက် ပါတီမှာအကောင်းဆုံးရလဒ်လည်း ဖြစ်ပါတယ်။ နေတန်ယာဟုဟာ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် အထိ ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လီကွတ်ပါတီနဲ့ အောသိုဒေါ့ပါတီ အပါအဝင် လက်ယာယိမ်းမဟာမိတ်ပါတီတွေဟာ ပါလီမန် မှာ ၅၉ နေရာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ လီကွတ်ပါတီရဲ့ အဓိကပြိုင်ဘက်ကြီးဖြစ်တဲ့ Blue and White ပါတီကတော့ ၃၂ ကနေ ၃၄ နေရာထိ ရလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ နေတန်ယာဟုဟာ သူ့ကို ထောက်ခံသူတွေကို တဲအဗစ်မြို့မှာ မိန့်ခွန်းပြောကြားရာမှာတော့ သူ့ဘဝအတွက် အောင်မြင်မှုအကြီးကြီးပါပဲလို့ ပြောကြားခဲ့ပါတယ်။
ရလဒ်တွေကို စိတ်ပျက်
မစ္စတာနေတန်ယာဟုဟာ လက်ယာယိမ်းပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အစ္စရေးနိုင်ငံအတွက် ခိုင်မာတဲ့အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်လိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ ဘန်နီဂန့်စ်ကတော့ ဒီရလဒ်တွေကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ သူဟာ အစောပိုင်းတုန်းကတော့ ဒီရလဒ်တွေကို လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ လက်ခံခဲ့ပြီး သူ့ကိုထောက်ခံသူတွေအတွက် စိတ်ပျက်စရာ၊ နာကျင်စရာ ဖြစ်စေတဲ့ခံစားမှုကို နားလည်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးလိုချင်နေတဲ့ ရလဒ်မဟုတ်ခဲ့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
တရားရင်ဆိုင်ရဖို့ရှိ
နေတန်ယာဟုဟာ မတ်၁၇ ရက်ကျရင် လာဘ်ယူမှု၊ အလွဲသုံးစားလုပ်မှု၊ ယုံကြည်မှု၊ ဖောက်ဖျက်မှုတို့နဲ့ တရား ရင်ဆိုင်ရမှာပါ။ နှစ်ပတ်ကြာပြီးတဲ့နောက် နေတန်ယာဟု ဟာတရားရုံးမှာ အမှုရင်ဆိုင်မယ့်သူလို့ ဘန်နီဂန့်စ်က ပြောပါတယ်။ အစ္စရေးဒီမိုကရေစီ အင်စတီကျုအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ယိုဟန်နာပလက်စတာကတော့ ခန့်မှန်းမှုတွေအရ နေတန်ယာဟုဟာ အနိုင်ရနေပြီး အစ္စရေးပြည်သူတွေအတွက် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာ ရတော့မှာဆိုတာ ထင်ရှားနေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးမှာ နေတန်ယာဟုရဲ့နာမည်ကို ရှင်းလင်းပေးဖို့ အစိုးရအဖွဲ့ ဟာ ဖိအားပေးမှုတွေကြောင့် မသေချာမှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့လည်း သူက သတိပေးထားပါတယ်။
ကျူးကျော်အခြေချနေထိုင်မှု
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အမေရိကန်သမ္မတ ထရမ့်ဟာ အငြင်းပွားဖွယ် အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ချပြခဲ့ပါတယ်။ အဲဒီငြိမ်းချမ်းရေး အစီအစဉ်အရအစ္စရေးရဲ့ ကျူးကျော်အခြေချနေထိုင်မှုတွေကို ထောက်ခံပါတယ်။
ဒါကြောင့်လည်း ပါလက်စတိုင်း တို့နဲ့ မီးပွားဟာ ပိုပြီးတောက်လောင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့အတူ ပါလက်စတိုင်းနယ်မြေမှာ ဂျူးအိမ်ရာတွေ တည်ဆောက်ပြီး မစ္စတာနေတန်ယာဟုဟာ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုမျိုး အခြေချနေထိုင်ခြင်းကို အပြည်ပြည်ဆိုင်ရာက တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ ၁၉၆၇ ခုနှစ် အစ္စရေးနိုင်ငံဟာ အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင် အရှေ့ပိုင်းကို သိမ်းယူပြီးတဲ့နောက် အိမ်ရာအသစ် တည်ဆောက်မှုပေါင်း ၁၄၀ ကျော်နဲ့အတူ ဂျူးပေါင်း ၆၀၀၀၀၀ ကျော်ဟာ အခြေချနေထိုင်လျက် ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ရွေးကောက်ပွဲ
အခု ကြိုတင်ခန့်မှန်းမှုတွေအရ နေတန်ယာဟုက အနိုင်ရမယ်လို့သိရတော့ အခြေချနေထိုင်ရေး၊ ကျူးကျော်ရေးနဲ့ လူမျိုးရေးခွဲခြားမှုက အနိုင်ရသွားတာပဲလို့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူး ဆာ့ဘ်အီရီကက်က ပြောပါတယ်။ အစ္စရေးရွေးကောက်ပွဲ ကျင်းပချိန်ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအတွက် စိုးရိမ်နေရတဲ့အချိန်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ မတ် ၂ရက်မှာတော့ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ၁၂ ဦးအထိ ရှိလာပါပြီ။
ကြိုတင်ကာကွယ်မှုများ
ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိတဲ့အတွက် သီးခြားခွဲထားပြီး စောင့်ကြည့်နေရတဲ့ လူအရေအတွက်ကတော့ ၅၆၀၀ ရှိပါတယ်။ အဲဒီလူတွေဟာ ဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားရာ နိုင်ငံတွေကို သွားရောက်ခဲ့ကြတဲ့ လူတွေပါ။ ဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်ခံနေရတဲ့ လူပေါင်း ၅၆၀၀ အတွက် အထူးမဲရုံ ၁၈ ရုံ တည်ဆောက်ပေးခဲ့ပြီး ရွေးကောက်ပွဲဝန်ထမ်းတွေကလည်း နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ကာ မဲရုံတာဝန်ထမ်း ဆောင်ခဲ့ကြပါတယ်။ အဲဒီမဲဆန္ဒရှင်တွေဟာ မဲမပေးမီ လက်ဆေးပြီး လက်အိတ်ဝတ်ဆင်ကာ မဲပေးရပါတယ်။ သူတို့ရဲ့ အိုင်ဒီကတ်တွေကိုလည်း ပလတ်စတစ်အိတ်နဲ့ထုတ်ပြီး မဲရုံအရာရှိထံ ပေးရပါတယ်။ ဒါကတော့ ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မပြန့်ပွားစေရေးအတွက် အစ္စရေးနိုင်ငံရဲ့ ကြိုတင်ကာကွယ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ။
ကိုးကား - အေအက်ဖ်ပီ
ခြူးစန္ဒီနွေး