ရန်ကုန် ၂၅ မေ
ဘိုဘို အင်တာတိတ်မန့် ထုတ်လုပ်ရေးမှစီစဉ်သည့် " ငါ့ကိုနမ်းတဲ့ မုန်တိုင်း " ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီ ခွဲ က ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသခဲ့ပြီး ဇွန် လ ၁ ရက်နေ့ မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရုပ်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ အောင်ဇော်လင်း၊ ဝင်းလွင်ထက် ရိုက်ကူးသည့် " ငါ့ကိုနမ်းတဲ့ မုန်တိုင်း " ရုပ်ရှင်သည် စာရေးဆရာ ညေး ၏ "ငါ့ကမ်းရိုးတန်းကို လာနမ်းတဲ့ မုန်တိုင်း" ဝတ္တုကို ဂီတလောကတွင် အောင်မြင်လျက်ရှိသည့် လွှမ်းပိုင် နှင့် ရဲရင့်အောင် တို့အပြင် အကယ်ဒမီ ဖွေးဖွေး ၊ အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မြတ်ကေသီအောင် တို့က ပါဝင် သရုပ်ဆောင်ရိုက်ကူးထားခြင်းဖြစ်သည်။
ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် ရဲရင့်အောင်က " စိတ်တွေ လှုပ်ရှားပြီး စိတ်နဲ့ လူနဲ့တောင်မကပ်ဘူး။ ဒီကားမှာ ကျွန်တော့် ပုံစံက ဆိုးတယ်။ ပိုက်ဆံရှိတယ်။ လုပ်ချင်တာလုပ်တယ်။ ပိုက်ဆံရှိတယ်။ တဇွတ်ထိုးဆန်တယ်ပေါ့။ ကျွန်တော်ကိုယ် ကျွန်တော် ကြေနပ်တယ်။ နောက်လုပ်မဲ့ အရာတွေအတွက် အားရတယ်။ ဒီ့ထက်ပိုပြီး ကျွန်တော် လုပ်ချင်သေးတယ်။ ကျွန်တော်ကြိုးစားထားတာလေး ရင်ထဲရောက်သွားစေချင်ပါတယ်" ဟုပြောသည်။
အကယ်ဒမီ ဖွေးဖွေးက " ဒီကားက ဂီတလောကမှာ အောင်မြင်ပြီးသားဖြစ်တဲ့ ရဲရင့်အောင် လွှမ်းပိုင် တို့နဲ့ ပထမဆုံး ရိုက်ကူးတဲ့ ကားမို့ ရင်ခုန်ပါတယ်။ ဖွေးဖွေးနဲ့ မရိုက်ဘူးတဲ့ သူတွေပေါ့။ ဒီကားမှာ ကိုယ်လုပ်ပြရတာက ကြား ပုံစံလေးပေါ့။ ကိုယ်ရည်းစားကိုယ်ချစ်နေရဲ့နဲ့ မတော်တဆ သစ္စာဖောက်မိတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ရတာပါ။ သရုပ်ဆောင်ရတာက အပြင်းစားကြီး မဟုတ်ပေမဲ့ အခြားဇာတ်ကားတွေနဲ့ မတူညီတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်" ဟု ဆိုသည်။
သရုပ်ဆောင်လွှမ်းပိုင်က " ဒီကားကိုရိုက်တာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီဆိုပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဇွန် ၁ ရက်နေ့မှာ ရုံတင်ပါပြီ။ အဲ့ဒီအခါကြရင် လာရောက်ကြည့်ရှု့ပြီးတော့ ကျွန်တော်တို့ကို face book ကနေ ဝေဖန်ပေးပါလို့ ပရိတ်သတ်ကြီးကို ပြောချင်ပါတယ်။ ကိုယ့်မျက်နှာ ကိုယ် ပိတ်ကားမှာ ကြည့်ရှု့ရမှာမို့ ရင်ခုန်နေပါတယ်" ဟုပြောသည်။
ဇာတ်ပို့ အဖြစ်ပါဝင်ခဲ့သူ အကယ်ဒမီနေအောင် ဒီနေ့က " ငါ့ကိုနမ်းတဲ့ မုန်တိုင်း " ဇာတ်ကားမှာ ကိုယ်ပါဝင်တဲ့ အခန်းနည်းပေမယ့် ဖွေးဖွေး ဆိုတာလည်း မြေးတွေလို အမျိုးတော်နေတော့ လာတာပါ။ ဇာတ်ကတော့ ကျွန်တော်ပါတဲ့ အခန်းပဲ ဖတ်ထားတော့ သူတို့နဲ့ အပေးအယူပဲ တိုက်ထားတော့ ကြည့်ပြီးမှ သိမယ်။ စီစဉ်သူ ကိုဘိုဆန်းကလဲ ကောင်းတာတွေပဲ စီစဉ်တာမို့ ကောင်းမှာပါ" ဟုဆိုသည်။
အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့် အကယ်ဒမီမြတ်ကေသီအောင်က " ဒီကားမှာက အစ်မက Indoor အခန်းတွေပဲ ပါတော့ ရန်ကုန်မှာပဲ ရိုက်တာပါ။ ဒီကားက လူငယ်တွေ ကြိုက်မဲ့ ဇာတ်ကား ဖြစ်မှာပါ။ အကုန်လုံးက ခုခေတ် ရေပန်းစားနေတဲ့ လူငယ်တွေဆိုတော့ ကြိုက်မှာပါ" ဟု ပြောသည်။
" ငါ့ကိုနမ်းတဲ့ မုန်တိုင်း " ရုပ်ရှင်ဇာတ်ကား၏ ရည်ရွယ်ချက်သည် လူတစ်ယောက်၏ အကျင့် စရိုက်နှင့်စိတ်နေသဘောထားတို့သည် ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရသည့် ပတ်ဝန်းကျင်နှင့် မိသားစုတို့၏ နွေးထွေးမှု အပေါ်မူတည်ကာ ပြောင်းလဲစေတတ်ကြောင်း၊ ငယ်စဉ်ဘဝက စိတ်ဒဏ်ရာ ရရှိခဲ့သော ကလေးသူငယ်များသည် ကြီးပြင်းလာသည့်အခါ အများနှင့်မတူပဲ လောကကြီးကို မုန်းတီးနာကျည်းသော အစွန်းရောက် အတ္တကြီးသူများ ဖြစ်လာကြောင်း၊ မိန်းကလေးတစ်ယောက်၏ ဘဝတွင် ချစ်သူအိမ်ထောင်ဘက် ကို ရွေးချယ်ရာတွင် အရေးကြီးကြောင်း၊ ဆုံးဖြတ် ချက်မှားလျင် တစ်သက်စာ ဒုက္ခရောက်တက်ကြောင်း၊ လူငယ်များသည် စိတ်အလို လိုက်ကာ မှားယွင်းတက်ပြီး ထို မှားယွင်းမှုကို အချိန်မှီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်၍ ထိန်းသိမ်းနိုင်ခြင်းမရှိပဲ ဆက်လက်မှားယွင်းပါက ဘဝ တစ်ခုလုံး ရေတိမ်နှစ် ဆုံးရှုံးတက်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ ပတ်ဝန်းကျင်တွင် အရက်၊ မူးယစ်ဆေးဝါးနှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စများကို ဖျားယောင်းနေသော အန္တရာယ်များ ဝိုင်းနေပြီး ထိုအရာများကြောင့် လူငယ်တို့၏ ဘဝများ ပျက်စီးစေနိုင်ကြောင်း တို့ကို သိစေလိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း..ညွန့်ကိုကို ၊ ဓါတ်ပုံ..ရဲထွဋ်