၂၆ မေ
“ သံစဉ်များနဲ့ကမ္ဘာ” သီချင်းဆိုပြိုင်ပွဲ ပွဲစဉ် ၁၀ တွင် တတိယဆုရရှိထားသည့် ဆန်းထူးအောင်၏ “အချစ်ရှိရာ အရပ်ဆီ” ဟု အမည်ပေးထားသော တစ်ကိုယ်တော်ခွေကို မေ ၂၄ ရက်က စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။ယင်းအခွေအတွက် တစ်နှစ်နီးပါးပြင်ဆင်ခဲ့ရပြီး ပထမဆုံးထွက်ရှိသည့်အခွေဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း ၎င်းကပြောကြားသည်။
“အများကြီး ကြိုးစားခဲ့ပါတယ်၊ ကျွန်တော်ပထမဆုံးထွက်တဲ့ အခွေမို့ လိုအပ်မှုလေးတွေရှိနိုင်ပါတယ်၊ သီချင်းလေးတွေအများစုက အရင်ကသီချင်းဟောင်းလေးတွေ ဖြစ်ပါတယ်၊ အန်တီနွဲ့ယဉ်ဝင်းနဲ့ သီဆိုထားတဲ့ သီချင်းမှာ အဝေးရောက်သားအတွက် အမေကစိတ်ပူပြီးသားကလည်း တစ်လှည့်ပြန်စိတ်ပူတဲ့ပုံစံမျိုး သီချင်းအေးအေးလေးတွေများတယ်”ဟု ဆန်းထူးအောင်က ပြောကြားသည်။
တေးစီးရီးတွင် တေးသီချင်း ၁၂ ပုဒ် ပါဝင်ပြီး တေးသီချင်းများကို တေးရေး အောင်ကိုမြင့် ၊ R ခိုင် ၊ ရွှေဂျော်ဂျော်၊ ရယ်ဂျီ ၊ ကောင်းဇော်၊ ကိုနာမ်၊ အောင်ကိုလတ်နှင့် ပွားပွားတို့က ရေးသားထားကြပြီး The Sun Music တေးထုတ်လုပ်ရေးက မေ ၂၄ ရက်တွင် စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။
ကိုလင်း