နေပြည်တော် ၁ ဇူလိုင်

(၇၁) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရန် နိုင်ငံတစ်ဝန်း၌ ပြင်ကြ ဆင်ကြပြီ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးကဲ့သို့ပင် မိမိတို့နိုင်ငံတွင်လည်း အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ စသည်ဖြင့် နိုင်ငံနှင့်လူမျိုးတို့၏ အတိတ်သမိုင်းကို ဂုဏ်ယူဖွယ် နေ့ထူးနေ့မြတ်များရှိသလို အာဇာနည်နေ့ကဲ့သို့သော ပြန်ပြောင်း အောက်မေ့ဖွယ်၊ အမှတ်ရဆင်ခြင်ဖွယ်နေ့သည်လည်း မိမိတို့နိုင်ငံနှင့် လူမျိုး ဖြတ်သန်းခဲ့ရသည့် သမိုင်းအရ မေ့ပျောက် မရအောင် ရှိနေရခြင်းဖြစ်သည်။

နိုင်ငံနှင့် လူမျိုး လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံခဲ့ရခြင်းအပေါ် မချိတင်ကဲခံစားချက်ဖြင့် ''နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူခပဲကို မကြည်ညိုတဲ့၊ ဝသီအလို တဖြည်းဖြည်း ရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး၊ ခွေးဘီလူးလို အကောင်မိုက်တွေက၊ (သြော်) အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ပဲမိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ၊ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊ ဂနာမငြိမ် တာဝတိံယွင်းကြပေါ့၊ ဖြေမကြည် နေရီလို့ လွမ်းစေဖို့၊ မြန်မာ့ပြည်ပေါ်ကို၊ ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန်သည်တစ်ခါဖြင့်၊ ပြည်ရွာ ညီညာဖို့ အလုပ်ပေပါ့---''ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အာဇာနည်ဗိမာန် လေးချိုးကြီးတွင် စပ်ဆိုခဲ့သည်။ လွတ်လပ်သည့်နိုင်ငံ တိုင်းပြည် ထူထောင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရမည့်အချိန်တွင် အာဏာအဆိပ် တက်ကာ (ခွေးတစ်ကောင်ကဲ့သို့) မိုက်မဲစွာ လုပ်ကြံသတ်ဖြတ်သူများကြောင့် နိုင်ငံ့ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရသည့်အပေါ် တရားဖြင့် ဖြေသိမ့်ကြရန်နှင့် နိုင်ငံတစ်ဝန်းလုံး ညီညွတ်ကြရန် ဆရာကြီးက နှိုးဆော်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မြန်မာစာဆိုပညာရှင် တစ်ဦးဖြစ်သူ ဆရာကြီးဇော်ဂျီကလည်း သူ၏ ကဗျာတစ်ပုဒ်တွင် ''ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊ သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏။ မင်းမြင်ငါကြား၊ စကားဥဒါန်း၊ ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊ ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊ ခေါင်းဆောင် သဘော၊ မင့်သားချောကို၊ ပြောလိုက်ပါဘိ ဟောပါဘိ''ဟူ၍ ထည့်သွင်းစပ်ဆို ခဲ့သည်။ မျိုးဆက်သစ်တို့၏ ခေတ်များတွင်လည်း တိုင်းပြည်ကို ချစ်ခင်သူ မြတ်နိုးသူတို့ ဖြစ်စေချင်သော၊ ဗိုလ်ချုပ်အောင်ဆန်း၏ သတ္တိမျိုး၊ ဗိုလ်ချုပ် အောင်ဆန်း၏ သမာဓိမျိုး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပညာမျိုး၊ ဗိုလ်ချုပ် အောင်ဆန်းတွင်ရှိသည့် ကိုယ်ရည်ကိုယ်သွေး၊ ယောကျာ်းကောင်း၊ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းမျိုးတို့ကို အားကျအတုယူ စေလိုသောသဘောတို့ကို ဆရာကြီးက ရေးသားခဲ့ခြင်းပင်ဖြစ်သည်။

အာဇာနည်ဟူသည် အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာသိသောသူ တစ်နည်းအားဖြင့် ပညာဉာဏ်နှင့် ပြည့်စုံသူဖြစ်၏။ ထို့ပြင် သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်သူလည်း ဖြစ်၏။ မိမိတို့နိုင်ငံတွင် အာဇာနည်နေ့ကို နှစ်စဉ်မပျက် ကျင်းပနေခြင်းမှာလည်း နိုင်ငံနှင့် လူမျိုးတို့အတွက် အသက် ပေးသွားခဲ့ကြသည့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရစေခြင်းနှင့် အာဇာနည်ပုဂ္ဂိုလ်ထူးတို့၏ ဂုဏ်ရည်ကို လူငယ်မျိုးဆက်သစ်တို့ လေးစားအားကျအတုယူကာ နိုင်ငံ့သားကောင်း သမီးအမွန်တို့ အစဉ်အဆက် ပေါ်ထွန်းစေခြင်းငှာဟု ဆိုရမည်ဖြစ် ပါကြောင်း။

မြန်မာ့အလင်း