၆ ဇူလိုင်
ဇူလိုင်လသို့ရောက်သည်နှင့် အာဇာနည်နေ့ကို လူတိုင်းလူတိုင်း မမေ့မလျော့ သိရှိနားလည်ထားကြသည်။ ယနေ့ မျိုးဆက်သစ် ပြည်သူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ နှင့်အထက်ကို သိမီလိုက်ခြင်း မရှိသော်လည်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့)နှင့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုမူ အားလုံးနီးပါး သိရှိနားလည် ထားကြသည်။ ယင်းသည် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ထူးကဲသော စွမ်းဆောင်မှုနှင့် စံထားလောက်သည့် အရည်အချင်းများ ရှိသောကြောင့် ဖြစ်သည်။
အာဇာနည်ဟုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းကိုသာ ငွားငွားစွင့်စွင့် ဦးထိပ်ပန်ဆင်ကြသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတွင် သူမတူသော ထူးကဲပြောင်မြောက်သည့် ပုဂ္ဂိုလ်တို့၏ ဂုဏ်ထူးဝိသေသများ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်နှင့်အညီ ခေါင်းဆောင်တို့တွင် ရှိအပ်သည့် အရည်အသွေးနှင့် အရည်အချင်းများ အပြည့်အဝရှိထားသည်။ ဗိုလ်ချုပ်အောင်ဆန်းတွင်ရှိသည့် များပြားလှသည့် ခေါင်းဆောင်မှု အရည်အသွေး၊ အရည်အချင်းများတွင် ဆန္ဒပြင်းပြခြင်း၊ သမာဓိရှိခြင်း၊ မိမိကိုယ်မိမိ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိခြင်း၊ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုရှိခြင်း၊ ဇွဲ လုံ့လ သတ္တိနှင့် ခံနိုင်ရည်ရှိခြင်း၊ တရားမျှတမှုနှင့် ကိုယ်ချင်းစာမှုရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် ဘက်လိုက်မှု မရှိခြင်း၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှုနှင့် ခြိုးခြံချွေတာ နေထိုင်တတ်ခြင်း၊ နိုင်ငံ့လွတ်လပ်ရေးအတွက်ဆိုလျှင် အသက်စွန့်လွှတ်ရမည်ကို မကြောက်၊ ကဲ့ရဲ့ရှုတ်ချမည်ကိုလည်း မမှု၊ ဟုတ်တိုင်းမှန်ရာ ဆိုလျှင် ရွပ်ရွပ်ချွံချွံဆောင်ရွက်တတ်သော စသည့် အရည်အချင်းများစွာတို့ ရှိသည်။
ထို့ကြောင့် တိုင်းပြည်နှင့် လူထုအကျိုးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နိုင်သော ဗိုလ်ချုပ်အောင်ဆန်းအား တစ်တိုင်းပြည်လုံးက ချစ်ခင်လေးစား ယုံကြည်ကိုးစားအားထားကြသည်။ သို့သော် လောကဓမ္မတာအရ အကောင်းနှင့် အဆိုးတို့မှာ ဒွန်တွဲဖြစ်ပေါ်လေ့ရှိရာ ပြည်သူတစ်ရပ်လုံး ချစ်ခင်မြတ်နိုးသော ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်စု၏ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။
လွတ်လပ်ရေးအောင်ပန်းကို ရရှိလုနီးနီး ကြိုးပမ်းအားထုတ်နေစဉ် ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာပြည်သူလူထု ဆုံးရှုံးလိုက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းအားထုတ်ခဲ့သည့် လွတ်လပ်ရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ တစ်မျိုးသားလုံး ကောင်းစားရေး အစီအမံများမှာ ပျက်သုဉ်းခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်နှင့်ခန္ဓာ ပျောက်ဆုံးသွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အရိပ်များ၊ လမ်းညွှန်မှာကြားချက်များ၊ စိတ်ဓာတ်ခွန်အားများမှာ ယနေ့ထက်တိုင် မပျောက်မပျက် ကျန်ရှိနေသေးသည်ကို သတိမူရမည် ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချစ်ခင်မြတ်နိုးပါသည်ဆိုလျှင်၊ သတိရတမ်းတရှိနေဆဲ ဆိုပါလျှင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေလိုသောဆန္ဒ၊ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သောလမ်းစဉ်၊ ချမှတ်ခဲ့သော အလုပ်တာဝန်များအား ပြည်သူပြည်သားများအားလုံးက ဦးလည်မသုန် ကျေပွန်စွာ လိုက်နာဆောင်ရွက်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ အပြောမဟုတ် အလုပ်ဖြင့် လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်ကြရမည်။ မြန်မာပြည်ကြီး တိုးတက်ကြီးပွားရေး၊ မြန်မာလူထုတစ်ရပ်လုံး ကောင်းစားရေးအတွက် မခိုမကပ် မကွဲမပြား အလုပ်လုပ်ကြရမည်ဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ ၇၁ နှစ်တိုင်ရှိပြီဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော တိုင်းပြည်ကြီးဖြစ်ထွန်းလာအောင် အချိန်အခါမလင့်စေဘဲ တိုင်းရင်းသား ပြည်သူလူထုအားလုံး လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ကြေးမုံက ရှုမြင်ပါသည်။ ။
ကြေးမုံ