၇ ဇူလိုင်
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization-IMO) သည် ကုလသမဂ္ဂ၏ နိုင်ငံတကာ ရေကြောင်းသွားလာရေး စနစ်တကျကြီးကြပ်ရသော အထူးအေဂျင်စီ ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) ကို ၁၉၅၉ ခုနှစ်၌ စတင်ထူထောင်ခဲ့ပြီး ရုံးချုပ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ၌ ထားရှိပါသည်။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO) က ၁၉၇၈ ခုနှစ်၌ ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၄ ခုနှစ်၌ အသက်ဝင်လာခဲ့သော The International Convention on Standards of Training, Certification and Watchkeeping for SeafarersSTCW အရ အပြည်ပြည်ရေကြောင်းသွားလာရေး၌ တာဝန်ယူ ဆောင်ရွက်ရသည့် ပုဂ္ဂိုလ်တို့၏ အနိမ့်ဆုံး စံအရည်အသွေးတို့ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၉၅ ခုနှစ်၌ ပြင်ဆင်ပြဋ္ဌာန်းခဲ့သော စံအရည်အသွေးတို့ (STCW- 95) နှင့် ညီညွတ်သော နိုင်ငံတို့ကိုစိတ်ချရသော နိုင်ငံစာရင်း (The White List)တွင် ထည့်သွင်းပေးပါသည်။
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO) ၏ တာဝန်ရှိပုဂ္ဂိုလ်တို့သည် မြန်မာနိုင်ငံရှိ သင်တန်း ကျောင်းများနှင့် တက္ကသိုလ်တို့က ၁၉၉၅ ခုနှစ် အပြည်ပြည်ရေကြောင်းသွားလာရေးဆိုင်ရာ ပုဂ္ဂိုလ်တို့၏ အနိမ့်ဆုံး စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို လာရောက်စစ်ဆေးခဲ့ပါသည်။အဆိုပါ စစ်ဆေးတွေ့ရှိချက်တို့အပေါ် အခြေခံ၍ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO)က မြန်မာနိုင်ငံကို စိတ်ချရသောနိုင်ငံများစာရင်း (White List)တွင် ထည့်သွင်းပေးခဲ့ပါသည်။ ဤကဲ့သို့ စိတ်ချရသော နိုင်ငံများစာရင်း (White List) တွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းတို့သည် ၁၉၉၅ခုနှစ်၊ အပြည်ပြည်ရေကြောင်းသွားလာရေးဆိုင်ရာ ပုဂ္ဂိုလ်တို့၏ အနိမ့်ဆုံးစံသတ်မှတ်ချက်နှင့် ညီညွတ်ကြောင်း အာမခံချက် ရရှိသွားပြီဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO)က စိတ်ချရသော နိုင်ငံများဟုတ်/ မဟုတ် စစ်ဆေးခြင်းကို ငါးနှစ်တစ်ကြိမ်စစ်ဆေးပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် စိတ်ချရသော နိုင်ငံများစာရင်း (White List) တွင် ၂၀၁၇ ခုနှစ်မှစတင်၍ ၂၀၂၁ ခုနှစ်အထိ ပါဝင်နေမည်ဖြစ်ပါသည်။ ဤအချက်က မြန်မာနိုင်ငံ၏ လက်ရှိသင်္ဘောသားများနှင့် အနာဂတ်သင်္ဘောသား တို့၏ ဘဝအာမခံချက်ကို ထပ်ဆင့်ခိုင်မာစေမည်ဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံသင်္ဘောသား အလုပ်အကိုင်အခွင့်အလမ်း ကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သင်္ဘောသားများက နိုင်ငံအတွင်းသို့ ပြန်လည်လွှဲပြောင်းပေးပို့သော ငွေကြေးတို့အပေါ် ကောက်ခံရရှိသော နိုင်ငံတော်အခွန်ဘဏ္ဍာငွေသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၂၅ သန်းရှိပါသည်။ နိဂုံးချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့(IMO) က မြန်မာနိုင်ငံအား စိတ်ချရသောနိုင်ငံများစာရင်း (White List) တွင် ဤကဲ့သို့ ထည့်သွင်းခဲ့ခြင်းကြောင့် သင်္ဘောသားတို့၏ ဘဝအာမခံချက် မြင့်မားလာခြင်းနှင့်အတူ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ တိုးမြှင့်ရရှိတော့မည်ဖြစ်၍ ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။