၈ ဇူလိုင်

 

Idol (အိုင်းဒေါလ်)ဟုဆိုလျှင် အဆိုပြိုင်ပွဲတစ်ခုကို အကြောင်းပြုကာ နိုင်ငံတစ်ဝန်းမှ ကလေးပါမကျန် သိနေကြပြီဖြစ်သည်။ ဝေါဟာရ၏ အနက်အဓိပ္ပာယ်အနေဖြင့်မူ လွန်စွာချစ်ခင်ခြင်း၊ လေးစားခြင်း၊ ရိုသေလေးမြတ်ခြင်းခံရသူ လူပုဂ္ဂိုလ် သို့မဟုတ် ရုပ်တု၊ ဆင်းတု၊ အရာဝတ္ထုတို့ကို ဆိုသည်။ ကိုယ်ကျင့်သီလ ဖြူစင်သူ၊ ပကတိရိုးသားသူ၊ ဖြောင့်မတ်သူ၊ ရဲရင့်သူ၊ ဉာဏ်ပညာကြီးမားသူ၊ ရောင့်ရဲတင်းတိမ်သူ၊ ခွင့်လွှတ်သည်းခံသူ၊ စွန့်လွှတ်အနစ်နာခံသူတို့ကို လူအများက ချစ်ခင်လေးစားကြသည်။ ယုံကြည် အားထားကြသည်။ အတုယူအားကျကြသည်။ လူပုဂ္ဂိုလ်တစ်ဦးတည်းတွင် ဆိုခဲ့ပါအရည်အချင်းအားလုံးတို့ ရှိနေပြီဆိုလျှင်မူ ထိုပုဂ္ဂိုလ်သည် လူတိုင်းက စံနမူနာယူစရာ စံပြုပုဂ္ဂိုလ်ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သက်ရှိထင်ရှား ရှိစဉ်ကတည်းက ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။

 

ဖြူစင်ဖြောင့်မတ်ခြင်းနှင့် ပကတိရိုးသားခြင်းတို့သည် ဗိုလ်ချုပ်၏ အထင်ရှားဆုံးသော စရိုက် လက္ခဏာများ ဖြစ်ကြောင်းကို သူနှင့်ထိတွေ့ဆက်ဆံခဲ့ရသူတိုင်းက အသိအမှတ်ပြုထုတ်ဖော်ကြသည်။ ဂျပန်တပ်မတော်မှ ကာနယ် ဆူဇူကီး၊ ဗြိတိသျှတပ်မတော်မှ ဗိုလ်ချုပ်ဆာဝီလျံဆလင်း၊ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် စသည့် စစ်မက်ဖက်ပြိုင်ရင်ဆိုင်နေကြသည့် ဘက်နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ်များ၊ ကမ္ဘာကျော်ဗြိတိသျှစာရေးဆရာ ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံပါရဂူ ပါမောက္ခလက်စကီး၊ မောရစ်ကောလစ်၊ အိန္ဒိယအမျိုးသားခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးစသည့် ပုဂ္ဂိုလ်များ၏ ဗိုလ်ချုပ်အပေါ်အမြင်နှင့် သဘောထားတို့ကိုစ ာအုပ်စာတမ်း မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိနိုင်သည်။

 

“အောင်ဆန်းသည် အထူးရိုးသားဖြောင့်မတ် တည်ကြည်သူတစ်ယောက်ဖြစ်သည်။ စစ်ခေါင်းဆောင် တစ်ဦးအနေဖြင့်လည်း သူသည်သတ္တိကောင်းသလောက် စစ်မှုရေးရာ ကျွမ်းကျင်သူဖြစ်သည်။ အောင်ဆန်းသည် မျိုးချစ်စိတ် အပြည့်အဝရှိသူတစ်ဦးဖြစ်၍ ကျွန်ုပ်တို့အားလုံးက ဂျပန်ပြည်တွင်လည်းကောင်း၊ မြန်မာနိုင်ငံသို့ ဘီအိုင်အေတပ်ဖြင့် ချီတက်ဝင်ရောက်ခဲ့ချိန်ကလည်းကောင်း သူ့အပေါ်အထူးပင် လေးစားမိခဲ့ကြသည်” ဟု ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးက ပြောကြားခဲ့ဖူးကြောင်း ဒေါက်တာမောင်မောင်က မှတ်တမ်းတင်ခဲ့ဖူးသည်။ ဒုတိယက္ဘာစစ်အပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်လုဆဲ အာရှနိုင်ငံများအား မှန်ကန်သော ခေါင်းဆောင်မှုပေးနိုင်သူမှာ မြန်မာပြည်မှ အောင်ဆန်းသာဖြစ်သည်ဟု အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး မစ္စတာ နေရူးက ယုံကြည်ခဲ့သည်။ မသမာသူတို့လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် ကျဆုံးသွားကြောင်း ကြားသိရချိန်တွင် အိန္ဒိယခေါင်းဆောင်ကြီး နေရူးသည် ယူကျုံးမရ ဝမ်းနည်းစွာဖြင့် “မြန်မာနိုင်ငံအတွက်သာမဟုတ်၊ အာရှနိုင်ငံများအတွက်ပါ ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်တစ်ဦး ကျဆုံးရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

ကိုယ်ကျင့်တရားနှင့် အမှန်တရားကို မြတ်နိုးမှု (Love of Truth)သည် ဗိုလ်ချုပ်ခံယူခဲ့သည့် လူတစ်ဦးတွင် ရှိထားရမည့် စံနှစ်ရပ် ဖြစ်သည်။ ယင်းစံနှစ်ရပ်ကို အမှန်တကယ်လည်း ကျင့်သုံးခဲ့ခြင်းကြောင့် ခေတ်ပြိုင် ပြည်တွင်းမှ နိုင်ငံရေးခေါင်းဆောင်များထက် ရှေ့တန်းရောက်ကာ ဗိုလ်ချုပ်၏ ဦးဆောင်မှုနောက်တွင် နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူအားလုံးက တစ်စည်းတစ်လုံးတည်း လိုက်ပါခဲ့ကြခြင်းဖြစ်သည်။ အဆုံးစွန်သော စွန့်လွှတ်မှု၊ ကိုယ်ကျင့်တရားနှင့် အမှန်တရားကိုမြတ်နိုးမှုတို့၏ ကိုယ်စားပြုမှုအဖြစ် ဗိုလ်ချုပ် အောင်ဆန်းသည် မျိုးဆက်သစ်တို့အတွက် စံနမူနာယူဖွယ်ရာ ထာဝရ တည်ရှိနေပါမည်။ ။

 

(မြန်မာ့အလင်း)