၁၀ ဇူလိုင်

 

ပစ္စုပ္ပန်သည် ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံတစ်ဝန်းလုံးတွင်ကြိုးပမ်းနေကြသည့် ကာလဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုဟု ဆိုရာတွင် ခေတ်ဟောင်း စနစ်ဟောင်းကို ဖြိုဖျက်ကာ ခေတ်သစ်စနစ်သစ်ကို တည်ဆောက်လိုသော ပြည်သူတို့၏ အလိုဆန္ဒကို အလေးမူခြင်းလည်းဖြစ်သည်။ အပြောင်းအလဲတွင် ပြည်သူက အဓိကကျသည်။ သို့ရာတွင် လက်တွေ့အကောင်အထည်ဖော်ကြရမည့်သူများမှာမူ ဌာနဆိုင်ရာ အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများ တစ်နည်းအားဖြင့် ဝန်ထမ်းများပင် ဖြစ်သည်။

 

“ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော အဆိုရှိသည်။ ပြောင်းပြန်အယူအားဖြင့်မူ “ဝန်ထမ်းမကောင်းပါက နိုင်ငံမကောင်းနိုင်” ဟု ဆိုရလိမ့်မည်။ ဝန်ထမ်းဟု ဆိုလိုက်သည်နှင့် ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းတို့ဖြင့် တစ်ဦးချင်းအပေါ်မှာရော အဖွဲ့အစည်းအပေါ်မှာပါ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

 

“ဝန်ထမ်းသည် နိုင်ငံတော်၏ အကျိုးအတွက် အချိန်ပြည့်အလုပ်လုပ်ရန် တာဝန်ရှိပါသည်။ မူလတာဝန်သာမက အခြားလိုအပ်သော တာဝန်များကိုလည်း နိုင်ငံတော်က ပေးအပ်လာလျှင် ဆောင်ရွက်ရန်တာဝန်ရှိပါသည်။ ထို့ပြင် ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက် စသည့်များကိုလည်း လိုက်နာရန် တာဝန်ရှိပါသည်” ဟူ၍ ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်ကို ပြဋ္ဌာန်းထားသည်။

 

ဝန်ထမ်းတစ်ဦးသည် မိမိအား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကို မှန်ကန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းသည် တာဝန်ကျေပွန်ခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဦးတည်ကာ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်လျှင်မူ အမြင့်ဆုံးသော တာဝန်ကျေပွန်ခြင်းပင် ဖြစ်သည်။ “မိမိတို့၏ လုပ်ပိုင်ခွင့်များကို လွဲမှားစွာအသုံးချခြင်းမပြုဘဲ ပြည်သူ့တာဝန်ကို ထမ်းဆောင်ရန် လက်ရှိနေရာဌာနများသို့ ရောက်ရှိနေခြင်း၊ ဆောင်ရွက်နေရခြင်း ဖြစ်သည်ကို သိမြင်ကြစေလိုပါကြောင်း၊ ပြည်သူ့တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကျေးဇူးသစ္စာခံယူပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာကြရမည် ဖြစ်ပါကြောင်း၊ အလားတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့၏ ဆောင်ရွက်ချက်တိုင်းသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးတည်ကြရမည် ဖြစ်ပါကြောင်း” နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇူလိုင် ၉ ရက် ရှမ်းပြည်နယ်အစိုးရ၊ ပြည်နယ်တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

 

ဝန်ထမ်းများ အဂတိလိုက်စားမှုကင်းစင်ရေး၊ တာဝန်ကျေပွန်ရေးနှင့်စည်းမျဉ်း၊ စည်းကမ်းလိုက်နာရေးတို့အပြင် အမြင့်ဆုံးသော တာဝန်ကျေပွန်မှုအထိ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတက မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဝန်ထမ်းကောင်းတို့၏ စွမ်းဆောင်မှုများဖြင့် နိုင်ငံကောင်းအောင် တည်ဆောက်နိုင်ဖို့ပင် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများတွင် တာဝန်များရှိသလို အခွင့်အရေးများလည်း ရှိသည်။ နိုင်ငံတော်ကပေးသည့် ဝန်ထမ်းများအတွက် အခွင့်အရေးများကို ဝန်ထမ်းများသာလျှင်ခံစားခွင့်ရှိသည်။ “ရေမြင့်လျှင် ကြာတင့်သည်” ဆိုရိုးစကားကဲ့သို့ပင် နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများမှာ တစ်ဆက်တစ်စပ်တည်း ရှိနေသည်။ ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေးပြုကာ နိုင်ငံမြင့်မားလာသည်နှင့်အမျှ နိုင်ငံ့ဝန်ထမ်းဘဝ မြင့်မားလာရမည်မလွဲဟုယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း