၁၁  ဇူလိုင်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တိုးတက်မှုအခြေအနေများကို ပကတိအခြေအနေမှန်များနှင့် အရှိတရားအတိုင်း သိရှိနိုင်ရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် တိုးမြှင့်နိုင်ရန်အတွက် ဇူလိုင်လ ၉ ရက်နေ့က ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့သည်ကို တွေ့ရပါသည်။

 

နိုင်ငံတော်သမ္မတသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သို့ ရောက်ရှိစဉ် ပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍများမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ရာ၌ လက်တွေ့အကောင်အထည် ဖော်နေကြသူများမှာ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများဖြစ်ကြရာ ယခုခရီးစဉ်တွင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ အရေးပါသည့် ဝန်ထမ်းများ၏ အခန်းကဏ္ဍကို နိုင်ငံတော်သမ္မတက အလေးထား ပြောကြားခဲ့သည်။

 

နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာကို တိုးတက်စေပါကြောင်း၊ တာဝန်ကျေပွန်သည့် ဝန်ထမ်းများကို အခွင့်အလမ်းများက အသင့်စောင့်နေပါကြောင်း၊ တိုင်းပြည်က မိမိတို့ကို ဘာလုပ်ပေးနိုင်သလဲဟု တောင်းဆိုနေသည်ထက် မိမိတို့က တိုင်းပြည်ကို ဘာလုပ်ပေးနိုင်မလဲဟု တောင်းဆိုသည်က ပို၍ နည်းလမ်းကျပါကြောင်း နိုင်ငံတော်သမ္မတ၏ ပြောကြားချက်များမှာ ဝန်ထမ်းများ မှတ်သားလိုက်နာအပ်သည့် အရေးပါသည့်အချက်များ ဖြစ်သည်။ 

 

နိုင်ငံ့ဝန်ထမ်းများနယ်ပယ်၌ အစဉ်အလာအားဖြင့် တာဝန်ထမ်းဆောင်မှုနှင့်ဒွန်တွဲ၍ အခွင့်အလမ်းများအား ရယူတတ်ကြသည်ကို တွေ့ရသည်။ အခွင့်အလမ်းနှင့် တာဝန်အတူတွဲရရှိရေးကို ဦးစားပေးတတ်ကြသည်။ အမှန်တကယ်တွင် တာဝန်ကျေပွန်သည့်ဝန်ထမ်းအတွက် အခွင့်အလမ်းများက အသင့်စောင့်ကြိုနေသည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် တာဝန်ကို ကျေပွန်စွာ ဦးဆုံးထမ်းဆောင်ကြရန်သာ လိုအပ်သည်။ မိမိတို့၏ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် မိမိတို့၏ ဂုဏ်သိက္ခာကို တိုးတက်စေနိုင်သလို နိုင်ငံ့အကျိုးကိုလည်း ထိထိရောက်ရောက် သယ်ပိုးထမ်းဆောင်ရာလည်း ရောက်သည်။

 

ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းသည် ပြည်သူလူထု၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်အတွက်ဖြစ်သည်ကို မှတ်ယူထားရမည်ဖြစ်သည်။ မိမိအား ပေးအပ်ထားသော လုပ်ပိုင်ခွင့်သည် ပြည်သူ့အကျိုးအတွက် ထမ်းရွက်ရန်ဖြစ်သည်ကို သတိမူရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ကို လွဲမှားစွာ အသုံးမချမိရန် လိုအပ်သည်။ ပြည်သူများ၏ တာဝန်ကိုထမ်းဆောင်ရန် လက်ရှိနေရာဌာနသို့ ရောက်ရှိနေသည်၊ ထမ်းဆောင်နေသည်ဟု သိမြင်ကြရမည်ဖြစ်သည်။ ဝန်ထမ်းတိုင်း၏ ဆောင်ရွက်ချက်တိုင်းသည် ပြည်သူကိုဗဟိုပြု၍ ပြည်သူ့မျက်နှာကိုမူ၍ ထမ်းဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မှာကြားချက်များဖြစ်သည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာခံယူပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာကြရမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ စည်းမျဉ်း စည်းကမ်းများကိုလည်း ဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတော်၏ ဘဏ္ဍာပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး၊ အလွဲသုံးစားမလုပ်စေရေး အထူးသတိချပ်ရမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတရားမျှတမှု၊ အခွင့်အလမ်း၊ အဆင့်အတန်း၊ ဥပဒေအရာ ညီမျှမှုများ ရှိရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးတက်ရေး၊ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်နိုင်ရေးအတွက် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်နှင့် အခွင့်အလမ်းကို မှန်ကန်စွာသိရှိပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ