မြင့်စိုး(နတလ)

 

သုံးပွင့်ပန်ထေရ်အရှင်

 

ထွန်းပပါတဲ့ငွေသော်တာ

ရွှန်းမြမြပါတဲ့ငွေစန္ဒာ

ငွေသော်တာစန္ဒာမင်းလိုပါ့

ထေရ်ဆရာ ရောင်ဝါလင်းတယ်

ထွန်းဝင်းထိန်ဖြာ

ပရိယတ်ပဋိပတ် နှစ်ဖြာနှစ်ဆူနဲ့

အားနည်းသူဖေးကူမပါတဲ့

မွန်မြတ်လှပရဟိတာ

စွမ်းဆောင်ပါတဲ့ဆရာတော်ဘုရား

မေတ္တာနဲ့ကရုဏာ သီလ သမာဓိ ပညာနဲ့

သင်းပျံ့စွာဂုဏ်ရည်တင့်ပါတဲ့

သုံးပွင့်ပန်ထေရ်အရှင်သို့

စာဆိုလျှင်စိတ်မြတ်နိုးရယ်နဲ့

ဦးထိပ်တင်လက်စုံမိုးလို့ရယ်

ရှိခိုးမိတကား......။

 

စာဆိုရှင်ဆရာကြီး မင်းယုဝေက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အရှင်ဘဒ္ဒန္တ ကုမာရ၏ သက်တော် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ရွှေရတု လမ်းမှစိန်ရတုလမ်းသို့ ဆောင်ရွက်ချက်များ စာအုပ်တွင် အထက်ဖော်ပြပါ ကဗျာလေးဖြင့် ပါဝင်ရေးသား ပူဇော်ထားခြင်းဖြစ်ပါသည်။ ပရိယတ်ပဋိပတ် နှစ်ဖြာနှစ်ဆူနဲ့ အားနည်းသူ ဖေးကူမပါတဲ့ မွန်မြတ်လှ ပရဟိတာ... တဲ့။

 

စာရေးသူ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် ငယ်စဉ်က ပရဟိတ ကျောင်းသားဖြစ်ခဲ့ဖူး၍ ပရဟိတကျောင်း၏ ကျေးဇူးကို ခံယူစားသုံးခဲ့သူတစ်ဦး ဖြစ်ခဲ့ဖူး၍ ပရဟိတဆိုသည့် အသံကြားလိုက်ရုံမျှဖြင့် ထိုနေရာသို့ သွားလိုက်ချင်သည်။ ရောက်ဖူးချင်မိသည်။ စင်စစ်ဆရာတော် သီတင်းသုံး နေထိုင်တော်မူရာ ဝိသုဒ္ဓါရာမ ချမ်းမြေ့သာယာ အေးစာသင်တိုက်သည် ဝေးလှသည်မဟုတ်ပါ။ ရန်ကုန်နှင့် အနီးကလေး တိုးမြစ်၏တစ်ဖက်ကမ်း သန်လျင်မြို့မှာ တည်ရှိနေပါသည်။ သန်လျင်ဆိုတာကလည်း ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စကားကို ပြောရပါမူ ဝိညာဉ်ရှိသောမြို့၊ ဝန်ကြီး ပဒေသရာဇာနှင့် နတ်သျှင်နောင်တို့ကဲ့သို့ စာဆိုကဝိကြီးများ၏ ဝိညာဉ်များအပါအဝင် နာမည်ကျော်စာရေးဆရာများ၏ ဝိညာဉ် အသီးသီးတို့ နားခိုရာမြို့လေးတစ်မြို့။ လှပသည်၊ သာယာသည်၊ ပြီးတော့အေးချမ်းသည်။ သုံးတန်း၊ လေးတန်း ကျောင်းသားဘ၀ ကတည်းက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင် ဝတ္ထုကို ဖတ်ပြီး သကာလ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အနောက်ခြမ်းကျေးရွာတစ်ရွာမှ ကျွန်တော်၊ လူကသာရွာမှာ စိတ်ကတော့ သန်လျင်မြို့ထဲ တဝဲဝဲ လည်နေခဲ့တာ အမှန်ပင်၊ နယ်စပ်စည်ပင် ဝန်ကြီးဌာန (ယခုနယ်စပ်ရေးရာဝန်ကြီးဌာန) နတလဦးစီးဌာနတွင် တာဝန်ထမ်းဆောင်စဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို အကြောင်းပြုလျက် သန်လျင်မြို့တွင်းသို့ မကြာခဏသွားခဲ့ဖူးသည်။ ဆရာတော်နှင့်ကား ရေစက်မဆုံ၊ ကျောင်းသို့လည်း မရောက်ခဲ့။

 

လွန်ခဲ့သည့် လေး၊ ငါးနှစ်ခန့်ကမှ ဆရာတော်သည် ပရဟိတလုပ်ငန်းများကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ဆောင်ရွက်ပေးနေကြောင်း သိရှိရသဖြင့် လိုအပ်သည်များ လိုက်လံဆောင်ရွက်ပေးရင်း ဆရာဒကာဖြစ်ခွင့်ရခဲ့သည်။ ထိုမှ ဆရာတော် သီတင်းသုံး နေထိုင်လျက်ရှိသည့် ဝိသုဒ္ဓါရာမ ချမ်းမြေ့သာယာ အေးစာသင်တိုက် ကြီး၏ (၂၅) နှစ်မြောက် ငွေရတုသဘင် အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့သည်။ ဒကာကြီးလာခဲ့ဦးဟု အမိန့်ရှိလာသောအခါ၊ ဘုရားတပည့်တော် မြင့်စိုး (နတလ) ငြင်းပယ်ရန် မဝံ့တော့ပြီ။ သို့နှင့် ဝိညာဉ်ရှိသော မြို့လေးသို့ရောက်ဖြစ်ခဲ့ချေပြီ တဖုံ့။

 

လောကီလောကုတ္တရာနှစ်ဖြာသော စာပေများဖြင့်မွေ့လျော်

 

ဆရာတော်ဘဒ္ဒန္တကုမာရသည် ဝိညာဉ် ရှိသောမြို့လေးမှာ သီတင်းသုံးခဲ့၍ထင့်၊ လောကုတ္တရာ စာပေများအပြင် လောကီရေးရာ မှတ်သားစရာ အဖြာဖြာတို့ကို ရေးသားလျက် အလင်းပြတော်မူခဲ့သည်။ ဆရာတော်၏ ပထမဦးဆုံးလက်ရာဖြစ်သော ဗုဒ္ဓ၏ပရိယတ္တိ သဘောတရားစာအုပ်သည် ဗုဒ္ဓ၏ဓမ္မအနှစ်သာရ တန်ဖိုးကို ခေတ်သစ်ပညာရှင်များ၏ ယူဆချက်များနှင့် နက်နဲသိမ်မွေ့စွာ နှိုင်းယှဉ် ဖော်ပြထားခြင်းဖြစ်သည်။ ဒုတိယမြောက် စာအုပ်ဖြစ်သည့် ကပ်နှင့်လူသားတွင်လည်း စက္ကဝတ္တိသုတ်နှင့် အဂ္ဂညသုတ်တို့ကို အခြေခံကာ လောကီလောကုတ္တရာ အရေးကိစ္စများ အတွက် သိမှတ်ဖွယ်ရာအဖြာဖြာ၊ စဉ်းစားဆင်ခြင် သုံးသပ်ချက်များစွာတို့ဖြင့် ထုံမွှမ်းထားသည်။ ထို့အပြင် ကျေးဇူးရှင် မင်းကျောင်း ဆရာတော်ကြီးအပါအဝင် အခြားသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိကထာပေါင်းများစွာ ရေးသား ပူဇော်ခဲ့ပြီး ဖြစ်သည်။ ရတု၊ တေးထပ်၊ လင်္ကာများကိုလည်း ရေးသားခဲ့ရုံမျှမက မြန်မာ့အသံ ရေဒီယိုမှ ထုတ်လွှင့်ခဲ့သော “ရှာပုံတော်ဖွင့်ရမယ်” ပညာပေးဇာတ်လမ်းကဲ့သို့ ဇာတ်လမ်းများကိုလည်း ရေးသားခဲ့ပါသည်။

 

ပရိယတ်ပဋိပတ်နှစ်ဖြာ၊ ကြိုးပမ်းထမ်းဆောင်

 

ဆရာတော်သည် ငယ်စဉ်ကပင် အစိုးရ ဓမ္မာစရိယစာမေးပွဲများ၌ ပါရာဇိကဏ်ကျမ်း၊ သီလက္ခန်ကျမ်း၊ ဓမ္မသင်္ဂဏီကျမ်းတည်း ဟူသော ကျမ်းရင်း သုံးကျမ်းလုံး အောင်မြင်ကာ သာသနဓဇ ဓမ္မာစရိယဘွဲ့တော်ကို လက်ခံရရှိခဲ့သည်။ ယင်းနောက် ဒီဃနိကာယ်သုတ် သုံးကျမ်းလုံးကို အထောက်အမ ကင်းစွာ အာဂုံဆောင် ပြန်ဆိုနိုင်သဖြင့် ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်) ဘွဲ့ကို သက်တော် (၂၃)နှစ်အရွယ်မှာပင် ရရှိခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရ အဆက်ဆက်က ဆက်ကပ်လှူဒါန်းကြသော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တော်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တော် တို့ကို လက်ခံရရှိပြီးနောက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်ဝိနည်းဓိုရ်၊ မြို့နယ် သံဃာ့ဝန်ဆောင်၊ မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မြို့နယ်သံဃ နာယက အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းသံဃာ့ဝန်ဆောင် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

 

သန်လျင်မြို့ရှိ ဝိသုဒ္ဓါရုံကျောင်းအား ဝိသုဒ္ဓါရာမ ချမ်းမြေ့သာယာ အေးစာသင်တိုက် အဖြစ် ၁၃၅၇ ခုနှစ် ဝါဆိုလပြည့်နေ့တွင် စတင်ဖွင့်လှစ်ကာ ပရိယတ္တိစာပေများ သင်ကြားပို့ချပေးရင်း မိခင်စာသင်တိုက် ဖြစ်သော မင်းကျောင်းစာသင်တိုက်တွင်လည်း စာသင်သံဃာများကို နေ့ဝါ၊ ညဝါ ပို့ချပေးလျက် ရှိပါသည်။ သန်လျင်မြို့ပေါ်မှ လူငယ်လူရွယ်များကိုလည်း ယဉ်ကျေးမှုသင်တန်း၊ ဓမ္မစကြာ၊ လောကနီတိ၊ ပရိတ်ကြီးသင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည့်အပြင် ဝိပဿနာ တရားပွားများ အားထုတ်လိုသူများအတွက် တရားထိုင်နည်း၊ ရှုမှတ်ပွားများ နည်းများကို ကျမ်းဂန်လာအတိုင်း ဟောပြောညွှန်ပြ ပေးလျက်ရှိပါ သည်။ ။

 

mdn

 

ဘုရားကျောင်းကန် သာသနာ့ဗိမာန်များ တည်ထားကိုးကွယ်

 

မထိုးရာဇဝင် မတင်ကောဇာ ထိုမြို့ရွာ မြို့ရွာမဆိုရ

ဖွားသက္ကရာဇ်ချုပ် လုပ်မထားပါ လူတို့မှာလည်း လူရာမသွင်းကြ

ဇရပ်တန်ဆောင်း ဂူကျောင်းဘုရား စသည်များကို တည်ထားကောဇာ ထိုအခါလည်း သေချာမှတ်အပ်စွ

ကုသိုလ်ကောင်းမှု တစ်ခုခုလည်းတစ်ခုမကျန် မှတ်သင့်စွ

သက်ကြီးစကား သက်ငယ်ကြားလည်း မှတ်သားမြဲသင့်လှ သုတပညာအရာရာ လွန်စွာလေ့လာကြ

 

သုတသန္နိစ္စယကျမ်းလာ အထက်ပါ အဆိုအမိန့်များအရဆိုလျှင် မြို့ရွာများဆိုင်ရာ၊ လူပုဂ္ဂိုလ်တို့၏ သမိုင်းမှတ်တမ်းများဆိုင်ရာ၊ အဆောက်အဦများ အပါအဝင် ပြုပြုသမျှ ကုသိုလ်ကောင်းမှုများဆိုင်ရာ၊ သက်ကြီးရွယ်အိုတို့၏ ရှေ့မီနောက်မီ ပြောကြားချက်များ ဆိုင်ရာတို့ကို စနစ်တကျ မှတ်တမ်းတင် မော်ကွန်းကမ္ပည်း ရေးထိုးထားသင့်ကြောင်း တွေ့ကြရမည်ဖြစ်သည်။ ဆရာတော်၏ သာသနာရေး၊ လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက်များထဲက အချို့ကို ထုတ်နုတ်တင်ပြရလျှင် သန်လျင်မြို့နယ်အတွင်း၌ ရန်အောင်မြင် ဘုရားအပါအဝင် ရှေးဟောင်းသုတေသန စာရင်းဝင်စေတီအချို့ ကို ဦးဆောင်ပြုပြင်ခဲ့သည်။ သိန်းပေါင်း ၁၅၀၀ ကျော် တန်ဖိုးရှိသော ဘုံပျံဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် အုတ်ဖိုစု မူလွန်ကျောင်းများကို ဂျပန်သံရုံးနှင့် ဆက်သွယ် တည်ဆောက်ပေးခဲ့သည်။ သန်လျင်မြို့၏ ကျက်သရေဆောင် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး ပေါ်ပေါက်လာစေရန်အလို့ငှာ မြေနေရာ ရရှိရေးမှအစ ကြိုးပမ်းခဲ့သည်။ ယင်းမြေနေရာပေါ်တွင် အလျား ၁၇၅ ပေ၊ အနံပေ ၆၀၊ အမြင့် ၃၄ ပေ နှစ်ထပ် သာသနာ့ဗိမာန်တော်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူအပေါင်း  ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်နိုင်ခဲ့သည်။ ယင်းတို့ သာသနာ့ဗိမာန်ကြီး တည်ဆောက်နိုင်ခြင်းကြောင့် သန်လျင်ခရိုင်အတွင်း ကျင်းပသော ပထမပြန်စာမေးပွဲများ၊ အဘိဓမ္မာစာမေးပွဲများ၊ နိကာယ်စာမေးပွဲများ၊ သံဃာ ၂၀၀၀ ကျော် ဖြေဆိုရသည့် ဓမ္မာစရိယ စာမေးပွဲများ၊ သုဓမ္မာဝိနည်းစာမေးပွဲများ အတွက် နေရာအခက်အခဲ မရှိတော့ပေ။

 

ဆရာတော်ဘဒ္ဒန္တကုမာရသည် မွေးရပ် ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ သောင်ဦးစံပြ ကျေးရွာတွင်လည်း စိန်ရတုဓမ္မာရုံ၊ ဓူဝံကြယ်စာကြည့်တိုက် တို့ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီတမောင်း ကျေးရွာတွင် ဘုရားစေတီနှင့် သာသနိက အဆောက်အဦများစွာ၊ အခမဲ့ကိုယ်ပိုင်ပညာ ဒါနကျောင်းအတွက် စာသင်ဆောင် သုံးဆောင်တို့ကိုလည်းကောင်း ဆောက်လုပ်ပေးခဲ့သည်။ လက်ရှိသန်လျင်မြို့ ကျောင်းတိုက်တွင်လည်း တိုင်းရင်းသား ကလေးငယ်များကို ခေါ်ယူစောင့်ရှောက်၍ ပညာသင်ကြားပေးနေသည်မှာ ဆယ်စုနှစ် တစ်ခုအတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

 

ဝိညာဉ်ရှိသော မြို့ကလေးကအပြန်

 

ဆရာတော်၏ ကျောင်းသို့ရောက်ခိုက် ဝိသုဒ္ဓါရာမ ချမ်းမြေ့သာယာအေးစာသင်တိုက် ၏ (၂၅)နှစ်မြောက် ငွေရတု မင်္ဂလာမှတ်တိုင်စာအုပ်တွင် ဖော်ပြမည့်စာမူများကို ဖတ်ခွင့်ရခဲ့သည်။ ထိုစာအုပ်ထဲတွင် ဆရာတော်ကိုယ်တိုင် အရှင်ကုမာရ (စာချ) ကလောင်အမည်ဖြင့် ရေးသားထားသည့် နုတ်၍မရသေးသော သောကလှံချက် စာမူတစ်ပုဒ်လည်း အပါအဝင် ဖြစ်သည်။ ဆရာတော် ဤကျောင်းကို စတင်ပြုပြင် ဆောက်လုပ်စဉ်ကတည်းက အကူအညီပေးခဲ့သော ဆွမ်းကွမ်း ဝေယျာဝစ္စကိစ္စများကအစ တာဝန်ယူလှူဒါန်းခဲ့သော ကျောင်းဒါယကာ ဦးခင်ဇော်မိသားစု၊ ထိုမိသားစုမှ မွေးဖွားလာသည့် သားငယ်လေး ဗိုလ်ဗိုလ် (ခေါ်) မောင်ကျော်သူရဇော်၏ ငါးနှစ်သားအရွယ်ကပင် ဆရာတော်နှင့်အတူ လပ္ပတ္တာ၊ ငပုတောဘက်သို့ ကပ္ပိယလေးအဖြစ် လိုက်ခဲ့ပုံ၊ ဆရာတော်ထံမှာပင် ရှင်သာမဏေပြု၊ ရဟန်းခံရင်း တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကာ ဆရာဝန်ဖြစ်သွားပုံ၊ ထိုမှ မမျှော်လင့်ပဲ ၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၅ ရက်၌ ယာဉ်မတော်တဆမှု ဖြစ်ကာ မောင်ကျော်သူရဇော်လေး ကွယ်လွန်ခဲ့ရပုံ၊ သူ၏ဖခင်ကြီး ဦးခင်ဇော်မှာလည်း လေးလအကြာ၌ ကင်ဆာရောဂါ ဖြစ်ကာ သားဖြစ်သူနောက် လိုက်သွားရပုံကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

 

သံသရာခရီးကိုနှင်

 

ထိုစာစုလေး၏အဆုံးတွင် ဆရာတော်က ရေးဖွဲ့ထားသည်မှာ အဖေနှင့်သား လေးလကျော်သာခြားကာ သံသရာ ခရီးကို နှင်သွားကြလေတော့၊ သူများတွေ နာရေးကြုံလျှင် တရားနှင့် ဖြေဖို့၊ ကုသိုလ်အလုပ်တွေ ကြိုးစားလုပ်ဆောင်ကြဖို့ ဆိုဆုံးမတတ်သော၊ သောကတွေ ခံစားနေကြရချိန်မှာ ကိသာဂေါတမီ၊ ကျောင်းအမကြီးဝိသာခါတို့ကဲ့သို့ နေတတ်အောင် နေခိုင်းတတ်သော တရားဟောဘုန်းကြီး၊ ယခုတော့ တရားမနိုင်ဖြစ်ရပြီ။ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ပရိဒေဝမီးတွေ လောင်မြိုက်ခံနေရပြီး နှလုံးအိမ်ရှိရာ ရင်ဝအလယ်မှ စူးနစ်ဝင်ရောက်လျက်ရှိသော သောကလှံချက်ကို ဆွဲမနုတ်နိုင်သေး ပါတကား......ဟူ၍။ ထိုစာစုကို ဖတ်ခဲ့ရသော မိမိထံသို့ပင် သောကလှံချက်တို့ အရှိန်ပြင်းပြင်းနှင့် ပြေးဝင်ထိုးစိုက်လာသလို ခံစားလိုက်ရ၏။ အပြန်ခရီး၌ ကျွန်တော် သတိပြုမိလိုက်သည်ကတော့ အရှင်ကုမာရ (စာချ) သည်ပင်လျှင် ဝိညာဉ်ရှိသော မြို့လေးမှာ သီတင်းသုံးနေသော ဆရာတော်တစ်ပါးဖြစ်၍ နေသည်ဆိုခြင်းကိုပင် .......။

 

ကြေးမုံ