မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်၏ အနောက်မြောက်ဘက်ကမ်းတွင် တည်ရှိသော ညောင်ရွှေမြို့သည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၃၉ မိနစ် ၃၄.၂၀ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၅၆ မိနှစ် ၀၃.၂၈ စက္ကန့်တွင် ရှိပေသည်။
ညောင်ရွှေမြို့ကို ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ်မှစ၍ ၁၃၂၁ ခုနှစ်အထိ နှစ်ပေါင်း ၆၀၀ အတွင်း စော်ဘွားကြီး ဆီဆိုင်ဖ (စိဆဲန်ဖ) မှစတင်၍ စော်ဘွားစဝ်ရွှေသိုက်အထိ စော်ဘွား မင်းဆက် ၃၃ ဆက်တိုင် ဆက်ခံအုပ်ချုပ်စိုးစံခဲ့သည်။
မှတ်တမ်းရေးထိုးလှူဒါန်း
၁၈၈၇ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ညောင်ရွှေသို့ ဗြိတိသျှအင်္ဂလိပ်များ လာရောက်တပ်စွဲခဲ့ကြပြီး ရှမ်းပြည်နယ်သို့ ပထမဆုံး တက်ရောက်လာသော အင်္ဂလိပ်အရာရှိ (အေအိပ်ချ် ဟေလ်ဒါဗရဲန်) နှင့် ဆုံတွေ့သောနေရာတွင် ရွှေရန်ပြေ စေတီတည်သောအခါ ၎င်းစေတီကို ခံတပ်စေတီဟု ခေါ်လေ့ရှိပေသည်။ ရွှေရန်ပြေ ဘုရားကျောက်စာအရ သက္ကရာဇ် ၁၂၅၀ ပြည့်နှစ် ပထမဝါဆိုလဆန်း ၅ ရက် (၁၂ ဇွန် ၁၈၈၈) အင်္ဂါနေ့တွင် ရွှေရန်ပြေဘုရားအုတ်မြစ်ချသည်။ နတ်တော်လပြည့် ကျော် ၅ ရက် (၂၂ ဒီဇင်ဘာ ၁၈၈၈) အင်္ဂါနေ့ ရောင်နီလာချိန်တွင် ထီးတော်တင်သည်။ သက္ကရာဇ် ၁၂၅၀ ပြည့်နှစ် (၁၈၈၈-၈၉ ခုနှစ်) အတွင်း နောင်တော် ညောင်ရွှေမြို့စော်ဘွားကြီးက လှူဒါန်းပြုစု၍ တစ်ချိန်တည်း တည်ထောင်ပြီး ရွှေရန်ပြေ ဘုရားမဟာရန်အတွင်း မြေကိုလှူဒါန်းခဲ့သည်။ ထို့ပြင် သိင်္ဂိကကျောင်း၊ တောရကျောင်းတို့ကိုလည်း လှူဒါန်းခဲ့ပြီး ဥပဇာအတွင်းလည်း မြေကို ကျောက်တိုင်စိုက်ပြီး မှတ်တမ်းရေးထိုး လှူဒါန်းခဲ့ပေသည်။
ရွှေရန်ပြေဘုရား တည်ဆောက်ရန်အတွက် ၁၈၈၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ငထွားနှင့် ပန်းရန်ခေါင်း ဘိုးဦးတို့ကို အုတ် တစ်သိန်း၊ ထုံးမှုန့် တင်း ၄၀၀၊ သဲတင်း ၄၀၀၊ တင်လဲ ပိဿာ ၈၀၀၊ ကျွဲရမှဖြစ်သောအစေး ပိဿာ ၁၀၀၊ အုံတုံ အစီး ၃၀၊ သစ်ကြံပိုး အိတ် ၃၀၊ ဘက်ရန် အိတ် ၃၀ တို့ကို ပေးအပ်၍ တည်ဆောက်စေခဲ့သည်။ ဘုရားနှင့်ကျောင်းအတွက် စော်ဘွား စောအုံ မန္တလေးမှ ဝယ်ယူသောပစ္စည်းများမှာ ပိဋကတ်သုံးပုံ၊ ကျောက်ဖြူ ဗုဒ္ဓရုပ်ပွားတော် ၇၀၀ ဖြစ်ပြီး ကုန်ကျငွေကျပ် ၇၀၀၀ ခန့် ရှိမည်ဖြစ်သည်။ ရွှေရန်ပြေစေတီသည် ခေါင်းလောင်းပုံစေတီပုံစံဖြစ်ပြီး ဖိနပ်တော် ၁၂ ပေ စတုရန်းပေါ်၌ ဉာဏ်တော် ၅၈ ပေ ရှိပေသည်။ ဘုရား၏ အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်တောင်နှင့် အနောက်မြောက်မှာ အာရုံခံတန်ဆောင်းကြီးလေးဆောင်နှင့် ရံထားသည်။ အရှေ့ဘက်တွင် ၂၇ ပေ စတုရန်းပေါ်တွင် အမိုးလုံးနှင့် တန်ဆောင်းတစ်ဆောင်ရှိသည်။ တန်ဆောင်းများကိုဆက်ရန် အမိုးပါသော လမ်းကူးများလုပ်ပေးထားသည်။
တန်ဆောင်းများ၏ အပြင်နံရံများသည်လည်း တစ်ဆောင်နှင့်တစ်ဆောင်ထိပြီး ဆက်ပေးထားသည်။ အမိုးခုံးနှင့် တန်ဆောင်းမှလွဲ၍ ကျန်တန်ဆောင်းအားလုံးမှာ အမိုးပြားများသာ ရှိသည်။ တန်ဆောင်းအမိုး လေးခုစလုံးမှာ အတွဲလိုက်ဖြစ်၍ ကွင်းပြင်တစ်ပြင်တည်းကဲ့သို့ ဖြစ်နေသည်။ ရွှေရန်ပြေ ဘုရားတန်ဆောင်းအတွင်း၌ လှပဆန်းကြယ်သော မှန်စီရွှေချ နံရံဆေးရေး အနုလက်ရာများကိုလည်း ရေးဆွဲထားသည်ကို တွေ့ရှိရသည်။
ရတနာပုံခေတ်လက်ရာပန်းချီများ
ပုဂံခေတ်ကာလမှ နံရံဆေးရေးပန်းချီလက်ရာများသည် ဗုဒ္ဓဝင်နိပါတ်တော်များ၊ အဋ္ဌကထာနှင့် ဋီကာများမှ ဘာသာရေး အနှစ်သာရများကို သရုပ်ဖော်သော လောကုတ္တရာဆိုင်ရာ ပန်းချီ၊ ပန်းပုလက်ရာများ ဖြစ်ကြသည်။ ပုဂံပျက်သုဉ်းပြီးနောက် နှစ် ၃ဝဝ ကြာကာလ အင်းဝခေတ် ပန်းချီလက်ရာများတွင် မြန်မာမှု မြန်မာနယ်နှင့် ပတ်ဝန်းကျင်လူ့ဘောင်၊ အမျိုးသားဟန်ကို နံရံဆေးရေးပန်းချီ လက်ရာများ၌ တွေ့မြင်လာရပေသည်။ ကုန်းဘောင်ခေတ်ဦးတွင်မူ မင်းခမ်းမင်းနား များထက် ပြည်သူ့ဘဝရှုခင်းများကို တွေ့မြင်လာရပေသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်း ပန်းချီလက်ရာများသည် ၁၉ ရာစုနှစ်ဦးတွင် ထွန်းကားခဲ့သည့် အမရပူရနှင့် ရတနာပုံခေတ် ပန်းချီလက်ရာများဖြစ်ကြသည်။ ရေးဆွဲနည်းဟန်ပန်သစ်များ တိုးတက်လာကြသည်။ ယခု ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် တွေ့ရှိရသော နံရံဆေးရေး မှန်စီရွှေခြယ်မှုန်းသည့် လက်ရာများ၌ တိုင်းရင်းသား လူမျိုးတို့၏ သဘာဝသရုပ်ဖော်ပုံများကို တွေ့ရှိခဲ့ရသည်။ ဤလက်ရာများသည် ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်လက်ရာ ပန်းချီများပင် ဖြစ်သည်။
နံရံဆေးရေးပန်းချီလက်ရာများသည် အနီခံပေါ်တွင် ရွှေရောင်မှန်စီရွှေချ ကောက်ကြောင်းဖြင့် လည်းကောင်း၊ ရွှေပိန်းချထားသည့် ရွှေရောင်ခံပေါ်တွင် အနီရောင်၊ အပြာရောင်၊ အဖြူရောင်၊ အစိမ်းရောင် မှန်စီကျောက်ကောက်ကြောင်းများဖြင့် လည်းကောင်း ရေးဆွဲခြယ်မှုန်းထားပြီး မှန်စီရွှေချထားသည့်အတွင်း မှန်ကွက်အောက်တွင် မိုင်းကိုင်စက္ကူခံပြီး ဆေးရောင်စုံကောက်ကြောင်းဖြင့် ရေးခြယ်ထားပေသည်။ ရတနာပုံခေတ်၏ နံရံဆေးရေးလက်ရာသာမက မှန်စီရွှေချ အနုပညာ လက်ရာအစွမ်းကိုပါ လေ့လာတွေ့ရှိနိုင်ပေသည်။ အရှေ့မုခ်တွင် ရွှေနန်းကျင်ဇာတ်ကွက်ကို ရေးခြယ်ထားပြီး ဇာတ်ကြောင်းကို မင်စာ စာတန်း ရေးသားသရုပ်ဖော်ထားပေသည်။ ဤဇာတ်ကွက်တွင် ကရင်အမျိုးသား အမျိုးသမီးတို့၏ တိုင်းရင်းသား သရုပ်ဖော်ပုံများကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ အောက်ခြေတွင် ရှမ်းသေနတ်ကိုင်၊ ဓားကိုင်စစ်သည်များကိုလည်း တွေ့ရပေသည်။ လက်ရာမြောက်သည့် ကိန္နရီကိန္နရာရုပ်များကိုလည်း တင့်တယ်စွာ တွေ့ရှိနိုင်ပေသည်။
မြောက်ဘက်ထွက်သည့်ရုံးတွင် ဆေးပေါ့လိပ်ကိုင်ပြီး ဘီးဆံပတ်နှင့် ရတနာပုံခေတ်အမျိုးသမီး၏ပုံကို တွေ့ရှိရသည်။ ကိန္နရီ ကိန္နရာ ကနုတ်ပန်းကွက်၏ တောင်ဘက်ဘေးတွင် မင်းညီမင်းသားတို့၏ ဝတ်စားဆင်ယင်ပုံကိုလည်း တွေ့ရှိရပေသည်။ အရှေ့ဘက်စင်္ကြံ မြောက်ဘက်ခြမ်းတွင် အပေါ်ဆုံး၌ သူယောင်မယ်တို့နှင့် ပျော်ပါးနေသော ဇော်ဂျီများကို ရေးခြယ်ထားသည်။ ထိုအောက်မှ မြင်းစီးစစ်ပါရီ ကုလားပုံများ၊ ဗုံရှည်တီးသူ၊ နှဲမှုတ်သူ၊ ပုဏ္ဏား၊ ကိန္နရီ ကိန္နရာပုံများ စသည်ဖြင့် အဆင့်ဆင့်ရေးခြယ်ထားသည်။

ကျေးငှက်မျိုးစုံ၏ပုံကိုလည်း ရေးခြယ်ထား
အရှေ့ဘက်စင်္ကြံ တောင်ဘက်ခြမ်းတွင် အပေါ်ဘက်၌ ရွှေရောင်ခံပေါ်တွင် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး ဓာတ်တော် ဝေခန်းပုံကို ရေးခြယ်ထားပြီး နောက်ခြေတွင် ကျေးငှက်ပေါင်းစုံ တော၌ ပျော်မြူးနေဟန်ကို သရုပ်ဖော်လိုသဖြင့် ကျေးငှက်မျိုးစုံ ၏ပုံကိုလည်း ရေးခြယ်ထားသည်။
မြောက်ဘက်မုခ် အနောက်ဘက်ခြမ်းတွင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ပဉ္စရူပဖောင်ထက်၌ စံထားပုံကို ရေးခြယ်ထားပေသည်။ အနောက်ဘက်မုခ် တောင်ဘက်ခြမ်း၌ ပရိနိဗ္ဗာန်ပြုပြီး ကျောက်ဂူအတွင်း စံနေပုံကို ရေးခြယ်ထားသည်။ ဂူအထက်တွင် ဒေါင်း၊ သမင်၊ ကျေးငှက်တို့ ပူဆွေးနေ ကြဟန်ကို သရုပ်ဖော် ရေးခြယ်ထားသည်။ အောက်ခြေတွင် ဝတ်စုံအသီးသီးဖြင့် တိုင်းတစ်ပါးသား ပုံများကိုလည်း တွေ့ရသည်။ တရုတ်လူမျိုးပုံကိုလည်း တွေ့ရှိရသည်။ တောင်ဘက်မုခ်ဝတွင် ရှင်ဥပဂုတ္တပုံတော်ကို ရေးခြယ်ထားသည်။
ထို့ပြင် ငရဲတွင် ခံစားရပုံများ၊ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာများ ဆွမ်းခံကြွရာတွင် ရှေ့ဆုံးမှ သိကြားလုလင်က မြို့တွင်းသို့ဝင်ရောက်ခန်း၊ မယ်ဝဏ္ဏပုံ နှင့် ဇော်ဂျီပုံများကို တွေ့မြင်လေ့လာ ခဲ့ရပေသည်။ အချို့သောဇာတ်ကွက်များမှာ မှန်စီထားသောအရာများ ပြုတ်ထွက်နေသည့်အတွက် အကြောင်းအရာကို စုံလင်စွာပြောပြရန် ခက်ခဲလျက်ရှိပေသည်။ သို့သော်လည်း ရွှေရန်ပြေဘုရားမှ မှန်စီရွှေချနံရံဆေးရေးပန်းချီ အနုပညာလက်ရာများတွင် ရတနာပုံခေတ် ညောင်ရွှေဒေသရှိ လူမှုရေးနှင့် ဘာသာရေး ကိုင်းရှိုင်းမှု သရုပ်ဖော်ပြနေသော လက်ရာများပင်ဖြစ်ပေသည်။ ပထမအပေါ်ဆုံး အဆင့်တွင် ဗုဒ္ဓဝင်ဇာတ်ကြောင်းကို အဓိကရေးခြယ်ပြီး အောက်ခြေတွင် အခြားသော သရုပ်ဖော်ပုံများကိုလည်း ရေးခြယ်ထားကြောင်း တွေ့ရှိရသည်။ ရွှေရန်ပြေမှ နံရံဆေးရေးပန်းချီများသည် မြန်မာ့မှန်စီရွှေချ နံရံဆေးရေး အနုလက်ရာများဖြစ်သည့် ပန်းချီလက်ရာများ အနက် တိုင်းရင်းသားလူမျိုး သရုပ်ဖော်ပုံများ ပါဝင်သော ရတနာပုံခေတ်လက်ရာများ ဖြစ်ကြပေသည်။
သီပေါမင်းလက်ထက် အချိန်ကာလမှသည် ညောင်ရွှေမြို့ ရွှေရန်ပြေဘုရားမှ မှန်စီရွှေချ နံရံဆေးရေးပန်းချီ လက်ရာများသည် ယခုအချိန်အခါတွင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသဖြင့် နှစ်ပေါင်း ၁၅၃ နှစ် ကြာခဲ့ပြီဖြစ်သောကြောင့် အတော်ပင် ပျက်စီးနေခဲ့ပြီဖြစ်သည်။ ထို့ပြင် ရွှေရန်ပြေဘုရားသည် ရွှေညောင်- ညောင်ရွှေသွား ကားလမ်းဘေးတွင် တည်ရှိနေသဖြင့် ကားကြီးများ သွားလာမှု၏ တုန်ခါမှုကြောင့်လည်း မှန်စီထားသောအရာများ ကွာကျပျက်စီးသည့်အပြင် ဘုရားဖူးလာရောက်ကြသော ပြည်တွင်း၊ ပြည်ပဧည့်သည်များ၏ စည်းကမ်းမဲ့စွာ ကိုင်တွယ်ပွတ်သပ်မှုကြောင့်လည်း ပိုမိုပျက်စီးနေခဲ့ရပြီ ဖြစ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ ရှေးဟောင်းလက်ရာ မှန်စီရွှေချ နံရံဆေးရေးပန်းချီများရှိရာ ရွှေရန်ဘုရားရှိ အနုလက်ရာများသည် ရှေးခေတ်ကာလမှ အနုပညာ စွမ်းပကားကို နောင်လာနောက်သားတို့ သိမြင်၍ အစဉ်သဖြင့် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်နိုင်ကြစေရန် ရည်သန်ပြီး ထုတ်ဖော်တင်ပြလိုက်ရပါသည်။
ကိုးကား
(၁) သာဦး(ရှမ်းပြည်)- တောင်တန်းနှင့်မြကန်သာစာစုများ
(၂) သန်းထွန်း- ရွှေရန်ပြေစေတီ(၁၈၈၈)နဲ့ ဘုန်းကြီးကျောင်း (၁၈၉ဝ)မူလလက်ရာမပျက် ပြင်ဆင်ရေး
(၃) အမတ်ထောက်ဦးငြိမ်း-မိုင်းယောင်ဆု(ခေါ်)ညောင်ရွှေ ရာဇဝင်တော်ကြီး(၁၈၄၇-၁၉၂၆)