နေပြည်တော်  ၆  စက်တင်ဘာ 
 
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့ (IFAD)ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄သန်း ချေးငွေရယူရန်ကိစ္စကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့တွင် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
 
အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ နှင့် အကျိုးကျေးဇူးများအပေါ် ရှင်းလင်းတင်ပြခဲ့ကြသည်။
 
အလားတူ  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ EXIM Bank of Korea ထံမှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်းချေး ငွေရယူရန် ကိစ္စကိုလည်း လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
 
ယင်းချေးငွေရယူရေးနှင့်  စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
 
ထို့ပြင် ၂၀၁၈ - ၂၀၁၉ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီ ရင်ခံစာကို ကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်သို့ ဖတ်ကြား တင်ပြသည်။
 
အဆိုပါ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံက လက်မှတ်ရေးထိုးမည့် TPNW စာချုပ်သည် နျူကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးကို ဦးတည်စေမည်ဖြစ်ပါကြောင်း၊ စာချုပ် ၏ ရည်ရွယ်ချက်အနေဖြင့် နျူကလီးယားလက်နက်များကို အလုံးစုံဖျက်သိမ်းရေး ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ ယခု အချိန်အထိ ယင်းစာချုပ်ကို လက်မှတ်ရေးထိုးသည့် နိုင်ငံ ၆၀ နှင့် အတည်ပြုပါဝင် သည့်နိုင်ငံ ၁၄ နိုင်ငံ ရှိပြီဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံ၊  လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က စာချုပ်ကို အတည်ပြုပါဝင်ထားပါကြောင်း၊ စာချုပ်၏ အာတီကယ် ၁၅ အရစာချုပ်ကို အတည်ပြုပါဝင်သည့် နိုင်ငံ ၅၀ ပြည့်မီမှသာ စာချုပ် အာဏာ သက်ဝင်မည် ဖြစ်ပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် စာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ရပ်တည်ချက်ကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများကို နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆောင်ရွက်ရန် နိုင်ငံရေးအရ အားပေးရာရောက်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
 
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
 
ဆက်လက်၍ ၂၀၁၈ - ၂၀၁၉ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းကော် မတီနှစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာပါ မူသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး ဆွေးနွေးသည့် အချက်များအနက်မှ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အချက်များကို အတတ်နိုင်ဆုံး အကျဉ်းချုံးပြီး ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပထမ အချက်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ကိစ္စရပ်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် ဝင်ငွေအနေဖြင့် ၂၀ ဒသမ ၃၇၄ ဘီလီယံ၊ အသုံးစရိတ် အနေဖြင့် ၂၁ ဒသမ ၅၃၇ ဘီလီယံဖြစ်ပါကြောင်း၊ အရှုံးအနေဖြင့် ၁ ဒသမ ၁၅၈ ဘီလီယံ ဖြစ်ပေါ်နေမှုအပေါ် နိုင်ငံတော်၏ အရင်းအမြစ်များကို သုံးထားကြောင်း၊ ဝန်ထမ်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခန့်ထားကြောင်း၊ ဈေးကွက် ဝေစုအကြီးမားဆုံးလည်း ရရှိထားကြောင်း၊ ကြော်ငြာများလည်း အများကြီး ရရှိထားပါလျက်ဖြင့် အရှုံးဖြစ်ပေါ်ရမှုအပေါ် မေးမြန်းထားခြင်းဖြစ်ပါကြောင်း။ 
 
ပြန်ကြားရေးဝန်ကြီးဌာနတွင် ဌာနကြီး (၄) ခုရှိသည့်အနက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတစ်ခုသာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းထဲတွင် ပါဝင်ပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်လျာထားချက်တွင် ဝင် ငွေကျပ် ၂၀ ဒသမ ၃၇၄ ဘီလီယံခန့်ဖြစ်ပြီး အသုံးစရိတ်မှာ ၂၁ ဒသမ ၅၃၇ ဘီလီယံ  မဟုတ်ဘဲ ၂၁ ဒသမ ၅၃၁ ဘီလီယံ ခန့်ဖြစ်ပါကြောင်း။
 
ဘတ်ဂျက်သုံးစွဲမှုကိုအကျဉ်းမျှ ရှင်းလင်းတင်ပြလိုပါကြောင်း၊ သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် များတွင်နိုင်ငံတော် ၏ ဘတ်ဂျက်ထဲက ငွေလုံးငွေရင်းအသုံးစရိတ်၊ စီမံခန့်ခွဲမှု စရိတ်၊ လစာပင်စင်နှင့် ရောင်းချဖြန့်ဖြူးစရိတ်များသာ ကျခံသုံးစွဲခဲ့ခြင်းဖြစ်ပြီး သာမန်အသုံးစရိတ်များထဲက ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စက္ကူ၊ မင်၊ ပုံနှိပ်ရေးပစ္စည်းနှင့် စက် အရန်ပစ္စည်း၊ စက်သုံးဆီဝယ်ယူမှု၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေတို့အား မိမိဘဏ္ဍာရန်ပုံငွေ Other Account(OA) မှ သုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း။ 
 
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်များအားလုံးကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏  OA စာရင်းမှ သုံးစွဲပြီး ငွေလုံးငွေရင်းအသုံးစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး နိုင်ငံတော်၏ ဘတ်ဂျက်ကို တောင်းခံသုံးစွဲမှုမရှိဘဲ ဝန်ထမ်း များ၏ လစာငွေ၊ အငြိမ်းစားဝန်ထမ်း (၈၄၇) ဦး၏ ပင်စင်လစာငွေများအပါအဝင် သာမန် အသုံးစရိတ်များ အားလုံးနှင့် ငွေလုံးငွေရင်း အသုံးစရိတ်များအားလုံးကို ဌာန၏ OA စာရင်း ကပင် ကျခံသုံးစွဲလျက်ရှိပါကြောင်း။ 
 
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်  နိုင်ငံပိုင်သတင်းစာများကို ရောင်းချရာတွင် ငွေကြေးအမြတ်အစွန်း ရရှိရေးထက် ပြည်သူလူထုထံ သတင်းစာများ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိရေး၊ အများပြည်သူတို့ သတင်းအချက်အလက်များ ပြည့်ဝစွာ ရရှိရေးတို့ကို အလေးထားပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာမျက်နှာ (၃၂) မျက်နှာပါ သတင်းစာတစ်စောင်၏ ထုတ်လုပ်မှုတန်ဖိုးမှာ(၁၁၅) ကျပ်ခန့် ဖြစ်သော်လည်း ၅၀ ကျပ်ဖြင့်သာ ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးနေခြင်းဖြစ်ပါကြောင်း။
 
ယင်းသို့ ရောင်းချနေသော်လည်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ယနေ့အထိ အရှုံးဖြစ်ပေါ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းကို ၂၀၁၁-၂၀၁၂ မှ ၂၀၁၈ ခုနှစ်၊ ပထမ ၆ လ စာရင်းများအရ တွေ့ရှိရပါကြောင်း၊ သို့သော်လည်းယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက် တင်ပြရာတွင် စာရင်းအရဝင်ငွေထက်ပိုသည့် အသုံးစရိတ် ဖြစ်ပေါ်သည်ကိုတွေ့ရှိရပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများမှာ  ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာတွင် သုံးစွဲရသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့် တက်လာခြင်း၊ သတင်းစာရိုက်နှိပ်သည့် စက္ကူ၊ မင်အပါအဝင် ကုန်ကြမ်းဈေးနှုန်းများ တိုးမြင့်လာခြင်း၊ ပြောင်းလဲတိုးတက်လာသည့် နည်းပညာအရ Online Media အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာများတွင် ကြော်ငြာထည့်သွင်းမှုများ လျော့နည်းလာသည့်အတွက် ယခင်နှစ်များကထက် ကြော်ငြာဝင်ငွေ လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ထို့အတွက် ငွေကျပ်သန်း ၁၁၅၇ ဒသမ ၅၇၇ သန်းခန့် အရှုံးဖြစ် ပေါ်နိုင်ကြောင်းတွက်ချက် တင်ပြခဲ့ရခြင်းဖြစ်ပါ ကြောင်း။  
 
တစ်ဖက်က စာရင်းသဘောအရ ယခုကဲ့သို့ အရှုံးဖြစ်ပေါ်နိုင်မှုအခြေအနေကို တင်ပြခဲ့သော်လည်း တစ်ဖက်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် တတ်နိုင်သမျှ အရှုံးနည်းနိုင်သမျှ နည်းရလေအောင် နည်းလမ်းများရှာဖွေပြီး ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းများမှာ ကျေးလက်ဒေသများသို့ သတင်းစာရောက်ရှိရေး အပါအဝင် စောင်ရေတိုးမြှင့် ရေးဆောင်ရွက်ခြင်း၊ အသုံးစရိတ်များ လျော့နိုင်သမျှ လျော့နည်းစေရန် စိစစ်ဆောင်ရွက်ခြင်း၊ ကြော်ငြာဝင်ငွေ အတိုင်းအတာ တစ်ခုအထိ တိုးတက်ရရှိစေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း။
 
ကြော်ငြာဝင်ငွေကိုတိုးတက်ရရှိရေး ဆောင်ရွက်နေသော်လည်း တစ်ဖက်မှာရှိနေသည့် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်၊ စာစောင်များ၏ ကြော်ငြာဈေးကွက်ကို ထည့်သွင်းစဉ်းစားဆောင် ရွက်နေရခြင်းမျိုးလည်း ရှိပါကြောင်း၊ အထင်ရှားဆုံး သာဓက ကိုပြရလျှင် ယခင်ကဆောင်ရွက်နေသည့် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတို့တွင် ကြားညှပ်ပြီး ထည့်သွင်းဖြန့်ချိနေသည့် ကြော်ငြာအချပ်ပို (၈) မျက်နှာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစပြီး ရပ်ဆိုင်းပေးခဲ့ ခြင်းမျိုးဖြစ်ပါကြောင်း။
 
တစ်ဖက်တွင်လည်း ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ လျှော့ပေါ့ပေးခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနှင့် အကောက်ခွန် ၃ ရာခိုင်နှုန်း သက်သာခွင့်များ ရရှိမည်ဖြစ်သည့်အတွက် မူလခန့်မှန်းထားသည်ထက် အရှုံးပမာဏများစွာ ကျဆင်းသွားရန် ရှိမည်ဖြစ်ပါကြောင်း။
 
ခြုံပြီးတင်ပြရလျှင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ယခင်ကအရှုံးမရှိခဲ့ဘဲ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  အကြောင်းအမျိုးမျိုးကြောင့် ကုန်ကျစရိတ်များ တိုးသည့်တိုင် အရှုံးပမာဏ များပြားမှု မရှိစေရေးနှင့် အများပြည်သူတို့ သက်သာချောင်ချိစွာ သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက် လတ်တလောတွင် သတင်းစာဈေးနှုန်း တိုးမြှင့်ရောင်းချခြင်းအစား တင်ပြခဲ့သည့် နည်းလမ်းများနှင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
 
ဒုတိယအချက်အနေဖြင့် ယနေ့ကမ္ဘာပေါ်တွင် တစ်ဖက်သတ် အတိုက်ခိုက်ခံနေရသည့် ရခိုင်အရေးတွင် နိုင်ငံပိုင်မီဒီယာများ၏ စွမ်းဆောင်ရည်သည်များစွာ လိုအပ်ချက်ရှိနေကြောင်း၊ ကမ္ဘာ့မီဒီယာများ၏ ဖော်ပြချက်ကို ပြန်လည်ဖျက်ပေးနိုင်ခြင်း မရှိခြင်းမှာ  အကြီးမားဆုံးဆုံးရှုံးမှု ဖြစ်ပါကြောင်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဖြေ ကြားသွားမည် ဖြစ်ပါကြောင်း။
 
ပထမဆုံးတင်ပြလိုသည်မှာ ယခုဖြစ်နေသည်မှာ နိုင်ငံရေး စစ်ပွဲဖြစ်သည်ဆိုသည့် အချက်ဖြစ်ပါကြောင်း၊ နိုင်ငံရေးစစ်ပွဲက မီဒီယာမျက်နှာစာတွင် ထင်ဟပ်လာခြင်း ဖြစ်ပါကြောင်း၊ ယင်းကို မီဒီယာစစ်ပွဲဟု မှတ်ယူပါက အရင်းခံပြဿနာနှင့် လွဲချော်သွား နိုင်ပါကြောင်း၊ နောက်တစ်ခုတင်ပြလိုသည်မှာ ကမ္ဘာ့မီဒီယာသည် ကြီးကျယ်ပါကြောင်း၊ နိုင်ငံပိုင် မီဒီယာ(သို့မဟုတ်) မြန်မာ့ မီဒီယာသည် အင်အားသေးငယ်ပါကြောင်း။
 
အင်အားသေးငယ်ရခြင်း အကြောင်းအရင်းမှာ နိုင်ငံပိုင်မီဒီယာသည် မူလဘူတ တည်ဆောက်လာစဉ်ကပင် အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ကမ္ဘာကို ထိုးဖောက်ရန်ဆိုလျင် မီဒီယာဆိုင်ရာ အခြေခံအဆောက်အအုံများ ၊ လူသားရင်းမြစ်များ ဖြည့်တင်းရန် လိုပါကြောင်း၊ ယင်းအတွက် ငွေကြေးနှင့် အချိန်ကာလပါ ရင်းနှီးမြှုပ်နှံရန်လိုပါကြောင်း။
 
သို့သော် ယခုအခြေအနေတွင် နိုင်ငံပိုင်မီဒီယာများသည် ရခိုင်ဒေသ၏ ဖြစ်စဉ်အမှန်များကို နိုင်ငံတကာမှ သိရှိစေရန်အတွက် ရှိသမျှစွမ်းအားများကိုအသုံးပြုပြီး ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသ ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် “သတင်းထုတ်ပြန်ရေးကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇ သြဂုတ် ၂၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၈၈/ ၂၀၁၇)ဖြင့် “ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းမှန်ထုတ်ပြန်ရေး ကော်မတီ” ကို ထပ်မံဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ ဖွဲ့စည်းသည့်နေ့မှာပင် သတင်းရယူရေးနှင့် ထုတ်ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များအား အထောက်အကူပြုနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ဦးစီးပြီး နိုင်ငံပိုင်မီဒီယာအဖွဲ့အား ပြည်နယ်အစိုးရသို့ တွဲဖက်ပေးခဲ့ပါကြောင်း။
အဆိုပါ ကော်မတီများ၏ သတင်းထုတ်ပြန်မှုများအပြင် “ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှ အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ” နှင့် “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” တို့၏ လုပ်ငန်းဆောင်ရွက် နေမှုအရပ်ရပ်ကိုလည်း နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြလျက်ရှိပါကြောင်း။ 
 
ယခုကဲ့သို့ နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ပေးခြင်းများအပြင် ယင်းထုတ်ပြန်မှုများကို အစိုးရအဖွဲ့အစည်း (၂၂)ခု၊ ပြည်တွင်းအခြေပြု မြန်မာနိုင်ငံဆိုင်ရာ သံရုံး(၄၁)ရုံး၊ ပြည်တွင်း၊ ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ ဂျာနယ်(၁၃၇)စောင်၊  စုစုပေါင်းလိပ်စာ (၂၀ဝ)ထံသို့ အခမဲ့ အသုံးပြုနိုင်ကြောင်း ဖော်ပြပြီးအီးမေးလ်မှ တစ်ဆင့်ပေးပို့လျက် ရှိပါကြောင်း။
 
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်း ဖက်ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတော်အစိုးရမှ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများကို မီဒီယာများမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပက ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ပုဂ္ဂလိကပြည်တွင်း၊ ပြည်ပမီဒီယာ အဖွဲ့များကို ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ (၂၅)ကြိမ် စေလွှတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
 
ထို့အပြင်  မောင်တောဖြစ်စဉ်များနှင့် ပတ်သက်၍ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယခုအချိန်ထိ ဆောင်ရွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲစုစုပေါင်း (၁၇)ကြိမ်ခန့် ရှိပြီးဖြစ်ပါကြောင်း၊ ခြုံပြီးပြောရလျှင် နိုင်ငံပိုင်မီဒီယာ၏ စွမ်းဆောင်ရည်မှာ လိုအပ် ချက်များရှိနေ သေးသည်ဆိုသည်မှာ မှန်သော်လည်း ရခိုင်ပြည်နယ် ၊ မောင်တောဒေသ ဖြစ်စဉ်အပါအဝင် သတင်းများကို အတတ်နိုင်ဆုံးအချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင် ရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်းနှင့် နိုင်ငံတကာမီဒီယာများပါ ပျံ့နှံ့နိုင်ရေးကိုကြိုးစားဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။
 
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်၏ ဆွေးနွေးချက်ထဲတွင် ပါဝင်သည့် ဒီမိုကရေစီနိုင်ငံများမှာ အစိုးရပိုင်သတင်းစာများ၊ မီဒီယာများဆိုသည်မှာ မရှိပါကြောင်း၊ အစိုးရပိုင်မီဒီယာတွေ အားလုံးကို Privatization ပုဂ္ဂလိကပိုင်အဖြစ် လုပ်သင့်ပါသည် ဆိုသည့် အချက်ကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါကြောင်း။
 
သတင်းစာများ၊ မီဒီယာများဆိုသည်မှာ လူထုဆက်သွယ်ရေးယန္တရားများ ဖြစ်ပါကြောင်း၊ အများပြည်သူနှင့်ဆက်ဆံရသည့် လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း များ၊  အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ လုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ လက်ကမ်းစာ စောင်များမှအစ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ Online မီဒီယာ အသီးသီးရှိသည့်အထဲက မိမိနှင့် ဆီလျော်ရာ လက်လှမ်းမီရာများကို အသုံးပြုရပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူလူထုက ရွေးချယ်တာဝန်ပေးမှုအရ တာဝန်ထမ်းဆောင်နေသည့် အခါတွင် မိမိ၏ လုပ်ဆောင်မှု အရပ်ရပ်ကို ဆက်သွယ်ရေးယန္တရားများ အသုံးပြုပြီး ပြည်သူလူထုထံ အစီရင်ခံတင်ပြရန် တာဝန်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အများပြည်သူကို သတင်းအချက်အလက် ပေးပို့နိုင်ရန်၊ အသိပညာတိုးပွားရန် အထောက်အကူပေးရန် တာဝန်များရှိသည့်အတွက် ယင်းတာဝန်များကို ထမ်းဆောင်ရာတွင် အသုံးဝင် တန်ဖိုးရှိသည့် သတင်းစာများသည်လည်း မီဒီယာပစ္စည်းတစ်ခုအနေဖြင့် လိုအပ်နေပါကြောင်း ရှင်းလင်းပြောကြားသည်။
 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၈ - ၂၀၁၉ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ငန်းစီမံကိန်း ၁၃ခု ကိုငွေကျပ် ၉ ဒသမ ၇၁၃ ဘီလီယံဖြင့် အကောင် အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်း ၁၃ခုကို ခန့်မှန်းကုန်ကျငွေ၊ လက်ရှိအခြေအနေ၊ အဆိုပြုတင်ပြ ငွေပမာဏ၊ သုံးစွဲပြီးသည့် ငွေပမာဏတို့ကို ပြည့်စုံစွာ ဖော်ပြပြီးနိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင် စုအစိုးရအဖွဲ့တို့၏ သဘောတူခွင့်ပြုချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း။
 
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရငွေ၊သုံးငွေ မူလခန့်မှန်းခြေစာရင်းတွင် သာမန်ရငွေအနေဖြင့် ငွေကျပ် ၅၃၀ ဒသမ ၅၅၀ဘီလီယံ၊ ငွေလုံးငွေရင်း ရငွေ (ပြည်ပ အကူအညီ) အနေဖြင့် ငွေကျပ် ၉ ဒသမ ၈၀၄ ဘီလီယံနှင့် ကြွေးမြီရငွေကျပ် ဝ ဒသမ ဝ၃၀ ဘီလီယံ စုစုပေါင်း ငွေကျပ် ၅၄၀ ဒသမ ၃၈၄ ဘီလီယံ ရရှိရန် လျာထားပါ ကြောင်း၊ သာမန်အသုံးစရိတ်အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၃ ဒသမ ၇၃၄ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေမှ ငွေကျပ် ၂၉၀ ဒသမ ၂၃၉ ဘီလီယံ၊ ပြည်ပအကူအညီရငွေမှ ငွေကျပ် ဝ ဒသမ ၇၇၉ ဘီလီယံ စုစုပေါင်း သာမန်အသုံးစရိတ် ငွေကျပ် ၃၂၄ ဒသမ ၇၅၂ ဘီလီယံ သုံးစွဲရန် လျာထားပါကြောင်း။
 
ငွေလုံးငွေရင်းအသုံးစရိတ်အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၂၀ ဒသမ ၂၈၇ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေမှ ငွေကျပ် ၃ ဒသမ ၅၁၀ ဘီလီယံ၊ ပြည်ပ အကူအညီရငွေမှ ငွေကျပ် ၉ ဒသမ ၈၀၄ ဘီလီယံ စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ်မှ ငွေကျပ် ၃၃ ဒသမ ၆၀၁ ဘီလီယံ သုံးစွဲမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားတင်ပြသည်။
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၈ - ၂၀၁၉ဘဏ္ဍာနှစ်အတွက် လျာထားတင်ပြထားသည့် ပြုပြင်ထိန်းသိမ်း စရိတ် ကျပ်ဘီလီယံ ၇၀နှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းကဏ္ဍအလိုက် စုစု ပေါင်း ရန်ပုံငွေကျပ် ၆၉ ဒသမ ၅၈၃ ဘီလီယံ သုံးစွဲရန် လျာထားပါကြောင်း၊ မွေးမြူရေး ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စုဘတ်ဂျက်အပြင် ပြည်ပအကူအညီများရယူ၍ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးစေရေးအတွက် သုတေသနနှင့် ပတ်သက်သည့် ပြည်တွင်းသင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်တွင်း/ ပြည်ပသင်တန်းများ စေလွှတ်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး ကျေးလက်နေ ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများ ဈေးကောင်းရရှိစေရန် ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းပိုမိုအဆင်ပြေချောမွေ့စေရန် အတွက် ကျွဲ၊ နွားများကို အရေးကြီးကုန်ပစ္စည်း စာရင်းမှ ပယ်ဖျက်နိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
 
အလားတူ စက်မှုဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ (နေပြည် တော်စည်ပင်သာယာ ရေးကော်မတီအတွက်) ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက ရှင်းလင်းဆွေးနွေးကြ သည်။
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့ကို စက်တင်ဘာ ၁၀ ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။  
 
မျိုးမြင့်၊ အောင်ရဲသွင်