နေပြည်တော်   ၁၀   မတ် 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၏ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

4462

 

အစည်းအဝေးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်တွင် အဖွဲ့ပေါင်း ၁၁ ဖွဲ့ရှိပါကြောင်း၊ ယင်းအဖွဲ့များအနက် ပြည်သူ များအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက Focal Ministry အဖြစ် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ မိမိတို့အဖွဲ့ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် ၁၉ ရပ်သတ်မှတ်ထားပါကြောင်း၊ မိမိတို့အဖွဲ့၏ ယခင်နှစ် ဆောင်ရွက်ချက်များကို ကြည့်ပါက အစည်းအဝေးနှစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သော်လည်း ၎င်းအစည်းအဝေး နှစ်ခု၏ဆုံးဖြတ်ချက်များအပြင် အခြားလုပ်သင့်လုပ်ထိုက်သည်များကိုလည်း တတ်နိုင်သမျှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အစည်းအဝေးတွင် ပညာပေးလှုံ့ဆော်ရေးအဖွဲ့၏ တာဝန် ၁၉ ရပ်ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဖြစ်သောကြောင့် တက်ရောက်လာ သူအားလုံးက မိမိတို့၏ သဘောထားအမြင်၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး အကြုံပြုပေးကြ စေလိုပါကြောင်း ပြောကြားသည်။

 

4727

 

ထို့နောက် ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့၏ အတွင်းရေးမှူး၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပညာပေးလှုံ့ဆော်ရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်နိုင်မှုများနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများအား အသိပညာပေးလှုံ့ဆော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် နည်းလမ်းများအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်သည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကြီးမားသည့်အန္တရာယ်ကြီး တစ်ခုဖြစ်သဖြင့် ပညာပေးလုပ်ငန်းများ ကို တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းက ဆောင်ရွက်မရ နိုင်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိက မီဒီယာများအနေဖြင့် ယခုထက်ပိုမို၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပညာပေးရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ခေတ်စနစ်နှင့် လျော်ညီသည့် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေ၍အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ Forever Group Co. Ltd. နှင့် ရွှေသံလွင်မီဒီယာတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)