ထွန်းသစ်စ

 

အီတလီနိုင်ငံဟာ တစ်နိုင်ငံလုံးကို အလုံပိတ်ထားခဲ့တာတောင် မတ်လ ၁ ရက်နေ့ဟာ သတင်းဖော်ပြချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသေအပျောက် အများဆုံးနေ့အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ ထို့အတူပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တစ်ကမ္ဘာလုံးက ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အမျိုးသားအဆင့် စောင့်ရှောက်မှုတွေတောင် ပြုလုပ်နေကြပါတယ်။

 

ကမ္ဘာတစ်ဝန်းပျံ့နှံ့ရောက်ရှိ ဥရောပရဲ့ အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးတဲ့ လူအရေအတွက်ဟာ ၁၀၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီလို့ ပြောပါတယ်။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အရေအတွက် အများဆုံးနဲ့ ကမ္ဘာကြီးကို အံ့ဩစေခဲ့ပါတယ်။ ထို့အတူပဲ မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့အတူ ကမ္ဘာ့အားကစားပွဲတော်တွေ၊ ယဉ်ကျေးမှုပွဲတော်တွေနဲ့ နိုင်ငံရေးပွဲလမ်း တွေကလည်း ဘယ်သို့ဘယ်ပုံရှိမလဲ အတတ်တော့မဆိုနိုင်ချေ။

 

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ ဆပွားတိုးတက် များပြားလာသော်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှ အာဏာပိုင်များကတော့ တရုတ်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အထိုက်အလျောက်တော့ ထိန်းချုပ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့နိုင်ငံ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ပေါင်း ၈၀၀၀၀ ထက်မနည်းရှိခဲ့ကာ သေဆုံး သူပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်ပေါင်း ၁၂၆၀၀၀ ခုရှိခဲ့ပြီး သေဆုံးသည့်ဖြစ်စဉ်ပေါင်း ၄၆၀၀ ရှိခဲ့ကြောင်း သိရသည်။ ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း အေအက်ဖ်ပီ စစ်တမ်းများအရ သိရပါတယ်။

 

စိတ်လှုပ်ရှားမှုတွေဖြစ်စေ

 

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံရေးသမားများ အပါအဝင် ဆူကြုံနိမ့်မြင့်မရွေး လူသားအားလုံးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းများအဖြစ် ရေပန်းစားနေတဲ့ ဘာနီဆန်ဒါးနဲ့ ဂျိုးဘိုက်ဒန်တို့ဟာ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ထို့အတူ ဗြိတိန်ကျန်းမာရေးဝန်ကြီး နာဒင်ဒေါရစ်ကိုလည်း ကိုရိုနာဗိုင်း ရပ်စ်ပိုးရှိကြောင်း အတည်ပြုထားပါတယ်။

 

အမေရိကန်အာဏာပိုင်များရဲ့ တုံ့ပြန်မှုအပေါ် ဝေဖန်မှုများ မြင့်တက်နေတဲ့ကြားက နယူးယောက်မှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးကာကွယ်ဖို့ အမျိုးသားအဆင့် စောင့်ရှောက်မှုတွေ ပြုလုပ်နေကြပါတယ်။ နယူးယောက်ပြည်နယ် တစ်ခုထဲမှာကိုပဲကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၁၇၃ ဦး ရှိပါတယ်။ အဲဒီထဲကမှ ၁၀၈ ဦးဟာ ဝက်ချက်စ်တာကောင်တီမှ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်တာက အံ့ဩဖွယ်ဖြစ်ပါတယ်။ ဒါဟာ ဘ၀နဲ့သေဆုံးခြင်းကြား တိုက်ရိုက်သက်ဆိုင်ပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုကပြောပါတယ်။

 

လူတွေကိုစိတ်လှုပ်ရှားမှုတွေဖြစ်

 

လူတွေက ကြောက်နေကြတယ်။ ဒါဟာ ထူးခြားတဲ့ အခြေအနေဖြစ်တယ်လို့ နယူးရို ချယ်လီဘားကို လုပ်ကိုင်ဆောင်ရွက်နေသူ မိုင်းလ်ဂိုးလ်ဘာ့ဂျ်က ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဟိုနား ဒီနားသွားဖို့ လူတွေကို စိတ်လှုပ်ရှားမှုတွေဖြစ်စေပါတယ်။ စီးပွားရေးတွေလုပ်ဖို့ လူတွေကို စိတ်လှုပ်ရှားမှုတွေဖြစ်စေပါတယ်။

 

မကြုံစဖူးတဲ့လှုပ်ရှားမှုအဖြစ် အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက သူ့နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ လူဦးရေသန်း ၆ဝ ကို အရေးကြီးတဲ့ အလုပ်ကိစ္စနဲ့ ကျန်းမာရေးကိစ္စမှ တစ်ပါး အပြင်မထွက်ရန် တိုက်တွန်းပြောကြား ထားပါတယ်။

 

အရင်က စည်ကားတဲ့ မီလန်တို့၊ ရောမတို့ရဲ့ ပြည်သူ့ရင်ပြင်တွေဟာလည်း အခုအခါမှာတော့ ခြောက်ကပ် တိတ်ဆိတ်လို့နေပါပြီ။ တချို့ ဒေသခံတွေဟာလည်း ဈေးဝယ်ခြင်းကဲ့သို့သော နေ့စဉ်ကိစ္စတွေအတွက် အိမ်ထဲက အိမ်ပြင် ထွက်ဖို့တောင် ကြောက်လန့်နေကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့စီးပွားရေးကို ကစဉ့်ကလျားဖြစ်စေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက် စီးပွားရေးအပေါ် များစွာကမောက်ကမဖြစ်စေတယ်လို့ အီတလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားထားပါတယ်။

 

စက်ရုံတွေကိုပိတ်ခဲ့

 

ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ စတင်ဖြစ်တဲ့ အချိန်ကတည်းက အဲဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့ ကြိုးစားမှုတွေလုပ်ဆောင်တဲ့နေရာမှာ ကမ္ဘာအနှံ့မှာရှိတဲ့ ကုမ္ပဏီတွေဟာ အဲဒီရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံစားခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ကိုလည်း သီးခြားခွဲခြားခဲ့ပြီး အဲဒီမှာရှိတဲ့ စက်ရုံတွေကိုလည်း ပိတ်ခဲ့ရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖြစ်ပွားလာတဲ့ အကြောက်တရားတွေဟာ ရှယ်ယာဈေးကွက်မှာလည်း ကမောက်ကမတွေဖြစ်ခဲ့ပါတယ်။ သို့သော်လည်း စက်မှုထိပ်သီးနိုင်ငံများရဲ့ ကြေညာချက်မှာတော့ ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်အသေး စိတ်ကိုဖော်ပြခြင်းတော့ မရှိသေးပါဘူး။ ဘဏ္ဍာရေးပိုင်းဆိုင်ရာနဲ့ အတိုးနှုန်းဖြတ်တောက်မှုတွေမှာ ယခင်ကထက်နှိုင်းစာရင် စိတ်ပျက်စရာ ကောင်းနေကြောင်း လန်ဒန်ရှိ စီးပွားရေး ပညာရှင်တစ်ယောက်က သုံးသပ်ထားပါတယ်။

 

အင်္ဂလန်ဘဏ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှာ အင်္ဂလန်ရဲ့ စီးပွားရေးတောင့်တင်းဖို့ လိုအပ်တဲ့ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမယ်ဆိုပြီး ပြောထားတာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ကလည်း ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကူညီဖို့လုပ်ဆောင်သွားမယ် လို့ဖော်ပြထားပါတယ်။

 

လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ဟူပေပြည် နယ်မှာ စတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယခုအခါမှာတော့ လူပေါင်းတစ်သိန်းကျော် ကူးစက်ခံစားနေရပြီဖြစ်ပြီး နိုင်ငံပေါင်း ၁၁၄ နိုင်ငံကျော်အထိ ပျံ့နှံ့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို လျှော့တွက်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး အခုအခါမှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာကို တွေ့မြင်နေရပါ တယ်။

 

ဆိုးရွားစွာထိခိုက်

 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေးကိုပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍကို ဆိုးရွားစွာ ထိခိုက်သလို သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးတွေကိုလည်း ဆိုးရွားစွာထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးကိုလည်း အကြီးအကျယ်ထိခိုက်စေသလို တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုလည်း ကျိန်းသေထိခိုက်စေမှာ ဖြစ်သလို အခုဆိုရင် အီတလီကိုလည်း ထိခိုက်လာပြီ ဖြစ်ပါတယ်။ အခုတော့အရာရာဟာ မသေချာမှုတွေဖြစ်လာပါပြီ။

 

အေအက်ဖ်ပီ