မြစ်ကြီးနား၂၈ စက်တင်ဘာ
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့၊ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄၅)ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ခေါင်လန်ဖူးမြို့နယ် ထဖုံးဒေသ၊ ရပ်မားကျေးရွာအုပ်စု၊ မခေါင်ထကျေးရွာနှင့် မန်းဂျာတန်ကျေးရွာ၊ တလမ်ထွမ်ကျေးရွာ ရွာချင်းဆက် လမ်းမပေါ်ရှိ မန်းဂျာတန် ချောင်းကူး ကြိုးတံတားသည် နှစ်အတော်ကြာ ဟောင်းနွမ်းပျက်စီးလျက်ရှိပြီး ရေကြီးရေလျှံ ကမ်းပါးပြိုခြင်းကြောင့် မျောပါသွားခဲ့ရာ ပြည်သူများသွားလာရာတွင် အခက်အခဲ ကြုံတွေ့နေရသဖြင့် ၄င်းချောင်းကူးတံတား (၁၅၀)ပေကြိုးတံတားအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အသစ်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်း၊ ဆော့လော်မြို့နယ် ဟန်းကောအုပ်စု ရစ်ယော်၊ ဝါမာခါး၊ ချော်မွန်၊ ရစ်ချော၊ မော်ပါးကျေးရွာများ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာရန် အဓိက လိုအပ်လျက် ရှိသော လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ရစ်ချောချောင်း အရှည်(၁၅၀)ပေ၊အမြင့် (၂၅)ပေ ဘေလီသံဘောင်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း(၁၃)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၏၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကြမ်း ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်ပြီး ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ဆွမ်ပရာဘွမ်မြို့ နယ်သည် တောင်တန်းဒေသဖြစ်သော်လည်း မြို့နှင့်တစ်ပြေးညီ(၂၄)နာရီ လျှပ်စစ်မီးလင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ပါရန် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို ရပ်နားလိုက်သည်။
ပြည်နယ်ပြန်/ဆက်