နေပြည်တော် ၁၅ မတ်
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဧည့်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့နိုင်ငံ၌ ယခုလက်ရှိအချိန်အထိ ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါဖြစ်ပွားသူ (၁) ဦးမျှ မတွေ့ရှိရသေးသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု၊ ပျံ့နှံ့မှုပုံစံနှင့်အခြေအနေကို ကပ်ရောဂါဗေဒရှုထောင့်မှ အနီးကပ် လေ့လာဆန်းစစ်သုံးသပ်လျက်ရှိပါကြောင်း၊ ထိုသို့လေ့လာသုံးသပ်ရာမှ ရရှိသော တွေ့ရှိချက် များအပေါ် မူတည်၍ မိမိတို့နိုင်ငံ၏ ရောဂါကူးစက်ခြင်း၊ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု မရှိစေရေး တို့အတွက် ဆုံးဖြတ်ချက်များကို ပြတ်သားစွာချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနမှ အကြံပြုထားသည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်သူလူထုမှ လိုက်နာ ဆောင်ရွက်လျက်ရှိသည့်အတွက် လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ များစွာလျော့ပါးသွား ပြီဖြစ်သဖြင့် ရောဂါကူးစက်ပြန့်ပွားနိုင်ချေ နည်းပါးလာမည်ဖြစ်ကြောင်း။
ထို့အပြင် ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်မားလျက်ရှိသော နိုင်ငံများမှ ခရီးသည်များ ပြည် တွင်းသို့ ဝင်ရောက်မှုနည်းပါးခြင်းဖြင့် မိမိတို့နိုင်ငံ၌ ရောဂါဝင်ရောက်ဖြစ်ပွားမှု နည်းပါးနိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုများပြားသော နိုင်ငံ(၇)ခုမှ ဝင်ရောက် လာသော ခရီးသွားဧည့်သည်များကို စိစစ်၍ (၁၄) ရက်တာကာလ အသွားအလာကန့်သတ် (quarantine)ရန် ယနေ့မှစတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အခြားနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့မှုပုံစံများအရ လိုအပ်ပါက နိုင်ငံအရေအတွက် ထပ်မံတိုးမြှင့်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ပြည်သူများထံ ပန်ကြားချက်များကို ပြည်သူများအနေဖြင့် အလေးထား လိုက်နာ ဆောင်ရွက် ကြစေလိုပါကြောင်း။
ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားသော ရောဂါများကို နှိမ်နင်းရာတွင် ပြည်သူများ၊ အရပ် ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ထိရောက်မှုရှိသဖြင့် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပန်ကြားလိုပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများနှင့် ဓာတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးနှီးနွှယ် ဝန်ထမ်း များ၊ ဓာတ်ခွဲဝန်ထမ်းများ၏ လုပ်ဆောင်ချက် စွမ်းရည်များနှင့် စိတ်စေတနာများကိုလည်း ယုံကြည်ပါကြောင်း။
ဝန်ထမ်းများသည် ဤရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ လည်းကောင်း၊ ဆေးရုံများ၌ ကုသမှုပေးသည့်ကိစ္စများ ဆောင်ရွက်ရာ၌လည်းကောင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများကို ဆေးရုံနှင့် ကျန်းမာရေးအဆောက်အဦများ၌ ထားရှိပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရာ၌လည်းကောင်း မိမိ၏ ကိုယ်ပိုင်အရေးကဲ့သို့ သဘောထားကာ ဆောင်ရွက်လျက်ရှိသဖြင့် မိမိအနေဖြင့် ချီးကျူးဂုဏ်ယူပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအား ငွေအင်အား၊ ပစ္စည်းအင်အားများ အပါအဝင် ဝိုင်းဝန်းပံ့ပိုးမှုများ ပေးလျက်ရှိသော မြန်မာ နိုင်ငံသူ/နိုင်ငံသားများနှင့် ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအား ပြည်သူများအားလုံး၏ ကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်း။
အလုံပိတ်အခန်းနေရာများတွင် ရောဂါကူးစက်နိုင်ချေမြင့်မားသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ YBS Aircon-bus များတွင် COVID-19 ကဲ့သို့သော အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများကူးစက်မှုလျှော့ချရေးကို အဖြေရှာရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းနှင့် သိမ်ဖြူမြို့နယ်ရှိ အားကစား အဆောက်အဦများတွင် အသွားအလာကန့်သတ်(quarantine)ရန်အတွက် အသုံးပြုမည် ဖြစ်သဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်မည့် လူအင်အား၊ ပစ္စည်းအင်အားများကို ဖြည့်ဆည်းပြင်ဆင်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးဂိတ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်၊ မြို့ကြီးများရှိ အဝေးပြေးကားဂိတ်များတွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါ နှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းကို လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြုကာ ယခုထက်ပိုမို ကြေညာနှိုးဆော်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာဗဟုသုတများရရှိမှုနှင့် လက်တွေ့အသုံးချ နိုင်မှု အခြေအနေများကို အသုံးချသုတေသနပုံစံဖြင့် ဆန်းစစ်မှုများကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ်(ရန်ကုန်)မှ ဆောင်ရွက်ထားပါကြောင်း၊ တွေ့ရှိချက်များကို မူတည်၍ မိမိတို့သည် လိုအပ်သလို ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများကို မွမ်းမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ သုတေသနမှ ဆန်းစစ်မှုမေးခွန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေ၍ အထူးသဖြင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် သွားလာနေသူများအား ဆန်းစစ်ရန် လိုအပ်ကြောင်း။
လက်ကိုစနစ်တကျ ဆပ်ပြာနှင့် ရေကို အသုံးပြုဆေးကြောခြင်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း COVID-19 အပါအဝင် ကူးစက်ရောဂါအများအပြားကို ထိရောက်စွာ ကာကွယ်နိုင်သဖြင့် ဝန်ကြီးဌာန၏ တစ်ပြည်လုံးရှိ ဆေးရုံများတွင် လူနာနှင့် လူနာစောင့်များ လက်ဆေးကြောရန် ဘေစင်နှင့် ရေရရှိမှုကို အမြန်ဆုံးဆောင်ရွက်ရန် မိမိ ညွှန်ကြားထားပါ ကြောင်း၊ ဆောင်ရွက်ခြင်း ရှိ/မရှိကို မိမိတို့သုံးသပ်ပြီး တစ်ပြည်လုံးရှိ ဆေးရုံများ၌ ဆောင်ရွက် နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက် သည့် နောက်ဆုံးအချက်အလက် (Daily Update Situation)နှင့် ထုတ်ပြန်ကြေညာချက်များ၊ ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းဆောင်ရွက်နေမှု၊ ရောဂါကာကွယ် ထိန်း ချုပ်ရေးလုပ်ငန်း၊ အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊ စောင့်ကြည့်လူနာများ၏ အခြေအနေ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)မှ ဆောင်ရွက်ထားသည့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာ ဗဟုသုတများရရှိမှုနှင့် လက်တွေ့အသုံးချနိုင်မှုအခြေအနေများကို အသုံးချ သုတေသနမှ တွေ့ရှိချက်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူနာလွှဲပြောင်းပို့ဆောင်မှုတွင် ပါဝင်ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ COVID-19 ရောဂါဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာ သင်တန်းများပြုလုပ်နေမှု၊ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှု၊ လှူဒါန်း လက်ခံရရှိမှု စသည်တို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)