ခြူးစန္ဒီနွေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးလှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိဆေးစစ်ခဲ့ပါတယ်။ အဖြေကတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိပါဘူး။
စပိန်ဝန်ကြီးချုပ်၏ဇနီး ကူးစက်ခံရ
တစ်ကမ္ဘာလုံးအနှံ့ ကူးစက်ခံရတဲ့ အရေအတွက်က တော့ တစ်သိန်းခွဲကျော် ရှိလာပါပြီ။ အီတလီမှာ ကြောက်မက်ဖွယ် ကူးစက်ခံရမှုနှုန်း မြင့်တက်ခဲ့တဲ့ နောက်မှာတော့ စပိန်နိုင်ငံဟာလည်း ကာကွယ်မှုတစ်ရပ် အနေနဲ့ တစ်နိုင်ငံလုံးနီးပါးကို ဝင်ထွက်ခွင့်ပိတ်ဆို့ထား တာကို တွေ့ရပါတယ်။ အစားအစာဝယ်ယူဖို့၊ အလုပ် သွားဖို့နဲ့ ဆေးခန်းသွားဖို့ကလွဲရင် အပြင်မထွက်ကြဖို့ လူတွေကို ပိတ်ပင်တားဆီးထားပါတယ်။ စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ မတ် ၁၄ ရက် မှာတော့ ၆၃၉၂ ဦးအထိ ရှိလာပါတယ်။ အဲဒီအရေအတွက် ဟာ ဥရောပနိုင်ငံတွေမှာတော့ အီတလီပြီးရင် အများဆုံး အရေအတွက်ပါပဲ။ ပိုပြီးထူးခြားတားကတော့ စပိန် ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်ရဲ့ ဇနီးဟာလည်း ကူးစက် ခံရသူတွေထဲက တစ်ဦးပါပဲ။
လေဆိပ်တွေမှာဖရိုဖရဲဖြစ်
ပြင်သစ်နိုင်ငံမှာလည်း စားသောက်ဆိုင်၊အရက်ဘား၊ ရုပ်ရှင်ရုံနဲ့ နိုက်ကလပ်တွေကို ပိတ်ထားဖို့ အမိန့်ထုတ် ထားပြီး ဆေးဆိုင်၊ အစားအစာရောင်းချသည့်ဆိုင်၊ ဘဏ်၊ စီးကရက်နဲ့ ဆေးတံရောင်းချသူတွေကို ဖွင့်ခွင့် ပေးထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက တစ်ကမ္ဘာ လုံးကို ခြိမ်းခြောက်နေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေဆီခရီးသွားလာမှုပိတ်ပင်ခြင်းကို အမေရိကန်က ပိုမိုတိုးချဲ့ ခဲ့ပါတယ်။ မတ် ၁၆ ရက်ကစပြီး ဗြိတိန်နဲ့ အိုင်ယာလန် တို့ဆီ ခရီးသွားလာခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို ကန့်သတ်လိုက်ခြင်းကြောင့် အမေရိကန်တစ်လွှားမှာ ရှိတဲ့လေဆိပ်တွေမှာ ဖရိုဖရဲတွေဖြစ်ကုန်ကြပါတယ်။ အမေရိကန်နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ခရီးသည်တွေအတွက်လည်း ကျန်းမာရေးစစ်ဆေးမှု ခံယူရလို့ အချိန်အကြာကြီးစောင့်ဆိုင်းမှုတွေ ဖြစ်ပေါ် ရပါတယ်။
အမေရိကန်သမ္မတ ဆေးစစ်မှုခံယူ
ဘရာဇီးသမ္မတ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိပြီး တဲ့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ဆေးစစ်မှုခံယူဖို့ ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထရမ့်ဟာ ဘရာဇီးသမ္မတ ကိုယ်စားလှယ်အဖွဲ့ဝင်ပေါင်း များစွာနဲ့ ထိတွေ့မှုရှိခဲ့လို့ပါပဲ။ ဘရာဇီးကိုယ်စားလှယ် အဖွဲ့နဲ့ ညစာစားပြီး တစ်ပတ်အကြာမှာတော့ အမေရိကန် သမ္မတမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိဘူးလို့ ထရမ့် ရဲ့သမားတော် ရှောင်ကွန်လေးက ပြောပါတယ်။ ကမ္ဘာ အနှံ့ COVID - 19 ကူးစက်ခံရသူအရေအတွက်ဟာ ၁၅၆၀၀ဝရှိကာ ၅၈၀၀ ကျော်သေဆုံးခဲ့ပြီးပြီလို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ ရေတွက်ထားမှုအရ သိရပါတယ်။
နိုင်ငံရေးသမားနှင့် အနုပညာရှင်များ ကူးစက်ခံရ
အခုသီတင်းပတ်အတွင်းဥရောပမှာ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရတယ်။ သန်းနဲ့ချီတဲ့ ခရီးသည်တွေကို နယ်စပ်ဖြတ်ကျော်ခွင့်မပေးဘဲ ပိတ်ပင် ထားတယ်။ နောက်ပြီး နာမည်ကျော် နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ ဗိုင်းရပ်စ်ကူးစက်ခံရတာကို တွေ့လာ ရပါတယ်။ အီတလီမှာတော့ တစ်နိုင်ငံလုံးနီးပါး ဝင်ခွင့် ထွက်ခွင့်ပိတ်ထားပါတယ်။ ဩစတြေးလျမှာတော့ နိုင်ငံ အတွင်း ဝင်ရောက်လာသူတိုင်းဟာ ၁၄ ရက်ကြာ ဘယ်သူ နဲ့မှ တွေ့ဆုံခြင်းမရှိဘဲ သီးခြားခွဲနေရမယ်လို့ အမိန့် ထုတ်ထားပါတယ်။ မတ် ၁၅ ရက် သန်းခေါင်ယံအချိန်က စပြီး ဒီအမိန့်ဟာ စတင်အာဏာသက်ရောက်မယ်လို့ ဩစတြေးလျဝန်ကြီးချုပ် စကောက်မော်ရစ်ဆင်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လည်း တစ်နိုင်ငံလုံးအတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
သေဆုံးမှုများတိုးလာ
ဥရောပနိုင်ငံတွေမှာတော့ နယ်စပ်ထိန်းချုပ်မှုတွေကို တိုးမြှင့်ထားပါတယ်။ ချီလီနိုင်ငံမှာတော့ အပျော်စီး သင်္ဘောပေါ်က ဆင်းလာတဲ့ခရီးသည် ၁၃၀ဝ ကို သီးခြား ခွဲထားပြီး စောင့်ကြည့်မှုတွေပြုလုပ်ထားပါတယ်။ စပိန်နိုင်ငံ မှာတော့ ပြည်သူတွေကိုအိမ်မှာပဲနေဖို့ အစိုးရကပြောထား တဲ့နောက် မီလန်နဲ့မက်ဒရစ်ကလမ်းတွေမှာလည်း သဲကန္တာ ရလို လူသူကင်းမဲ့နေပါတယ်။ အီတလီနိုင်ငံသားတွေရဲ့ အပြုအမူကတော့ ထူးဆန်းပါတယ်။ သူတို့ဟာ အိမ်ထဲမှာပဲ နေရပြီး အထီးကျန်မှုကို တိုက်ဖျက်ဖို့အတွက် ပြတင်းပေါက် တွေထွက်ပြီး သီချင်းဆိုကြပါတယ်။ အီတလီနိုင်ငံရဲ့လူသေဆုံးမှုနှုန်းကတော့ ကြောက်ခမန်းလိလိ တိုးနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၇၅ ဦး ထပ်မံသေဆုံးခဲ့ပြီး အီရန်မှာ ၇၉ ဦးနဲ့ စပိန်မှာ ၆၃ ဦး သေဆုံးခဲ့ပါတယ်။
ဥရောပမှာ ကူးစက်မှုမြင့်
ဒီဇင်ဘာလနှောင်းပိုင်းက တရုတ်နိုင်ငံမှစတင် ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအတွင်း နောက်ထပ်ကူးစက်ခံရမှုနှုန်း သိသိသာသာ လျော့ကျ သွားပြီးတဲ့နောက် ဥရောပဟာ ကူးစက်မှုနှုန်းမြင့်နေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ မတ် ၁၅ ရက်မှာ နောက်ထပ် ကူးစက်ခံရတဲ့လူနာ ၁၆ ဦးသာ ရှိခဲ့ပါတယ်။ နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာလည်း မတ် ၂၇ ရက်မတိုင်မီ အချိန်အထိ တရုတ်နိုင်ငံပြင်ပက Apple အရောင်းဆိုင် တွေကိုပိတ်ထားမယ်လို့ သိရပါတယ်။
စီးပွားရေးအရရိုက်ခတ်မှုများ
ဗြိတိန်အဲဝေးက စီအီးအို အဲလက်စ်ခရုဇ်ကတော့ လေကြောင်းလိုင်း ဝန်ထမ်းတွေအနေနဲ့ အလုပ်နေရာ လျှော့ချခံရတာမျိုးကဲ့သို့သော ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရဖွယ်ရှိတယ်လို့ အရိပ်အယောင်ပြ ပြောဆို ခဲ့ပါတယ်။ လေကြောင်းလိုင်းတွေဟာ ကမ္ဘာအနှံ့ခရီးစဉ် တွေကို ဖျက်သိမ်းခဲ့ရပြီး အချို့လေဆိပ်တွေမှာဆိုရင် လက်မှတ်အရောင်းဌာနတွေကိုပါ ပိတ်သိမ်းထားတာကို တွေ့ရပါတယ်။ အီတလီရဲ့ ဇိမ်ခံကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferrari ကလည်း ကားထုတ်လုပ်မှုကို နှစ်ပတ်ခန့် ရပ်နားထားမယ်လို့ မတ် ၁၄ ရက်က ကြေညာခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ကုမ္ပဏီပိုင်စက်ရုံနှစ်ခုဟာ ဝင်ထွက်ခွင့် ပိတ်ခံထားရလို့ပါပဲ။ စီးပွားရေးအရ အထိနာမှုတွေနဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေဟာ ဖြစ်ပေါ်လာမယ့် စီးပွားရေးရိုက်ခတ်မှုတွေကို အချိန်ယူပြီးစဉ်းစားနေကြ ပါတယ်။ အဲဒီအချိန်မှာ အစိုးရအနေနဲ့ ပြည်သူ့ ကျန်းမာရေး နဲ့ပတ်သက်ပြီး ကာကွယ်ရေးတွေလုပ်ဆောင် ဖို့ ဝေခွဲမရမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ပြင်းထန်တဲ့ကန့်သတ်မှုတွေပြုလုပ်ပြီး ရောဂါကိုနှိမ်နင်းနိုင်အောင် ကြိုးပမ်းမလား၊ ဒါမှမဟုတ် ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ် နိုင်အောင် ကြိုးစားလုပ်ဆောင်မလားဆိုတာပါပဲ။
အားကစားပြိုင်ပွဲကိုပါထိခိုက်
ဗြိတိန်မှာတော့ ကန့်သတ်မှုကြီးကြီးမားမားတွေလုပ်ဆောင်မှုမရှိသေးပေမယ့် လာမယ့်အပတ်အတွင်း မှာတော့ လူစုလူဝေးကြီးကို ကန့်သတ်တာတွေလုပ်ဆောင် လာလိမ့်မယ်လို့ မီဒီယာတွေမှာ ရေးသားကြပါတယ်။ မတ် ၁၅ ရက်မှာတော့ ဖိလစ်ပိုင်ဟာ မြို့တော်မနီလာကို ပိတ်ထားပြီး ဆော်ဒီအာရေဗျဟာလည်း အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းတွေကို အဝင်မခံတော့ပါဘူး။
နယူးဇီလန်ကလည်း အပြည်ပြည်ဆိုင်ရာက ခရီးသွားတွေကို ဆိုက်ရောက်တာနဲ့ သီးခြားခွဲနေသင့် တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖရိကမှာတော့ ဆိုးဆိုး ရွားရွား ပျံ့နှံ့တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ရဝမ်ဒါမှာ တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ တစ်ဦးတွေ့တယ်လို့ မတ် ၁၄ ရက်က သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပြိုင်ပွဲတွေလည်း ရိုက်ခတ်လာပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းထားရပြီး လက်မှတ်ရောင်းချမှုတွေကိုလည်း ဖျက်သိမ်းထား ရပါတယ်။ ။
အေအက်ဖ်ပီ

 

မြန်မာ့အလင်း