ရန်ကုန် ၁၀ ဇွန် 

အောင်သီရိ ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး ကစီစဉ်ထုတ်လုပ်သည့် ``စိန်ယောက်မ´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၁၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးထားခြင်းဖြစ်ပြီး မောင်ဖြစ်သူကို အလွန်ချစ်သော အပျိုကြီးနှစ်ဦးအနေဖြင့် မောင်ဖြစ်သူ မိန်းမရသွားမည်ကို စိုးရိမ်မှုကြောင့် မောင်ဖြစ်သူ၏ ချစ်သူအား စိတ်ကုန်သွားစေရန် နည်းအမျိုးမျိုးဖန်တီးကာ ပညာပြ နှောက်ယှက်ပုံတို့နှင့် မောင်ဖြစ်သူ၏ မိန်းမက အပြန်အလှန် ပညာပြပုံတို့ကို အဓိက အခြေခံကာ ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

ယင်း ရုပ်ရှင်ဇာတ်ကားတွင် ကိုဗလ အဖြစ် ကျော်ရဲအောင်၊ ဘုန်းတန်ခိုး အဖြစ် ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ ထိပ်တင်မို့ အဖြစ် မို့မို့မြင့်အောင်၊ ထိပ်တင်စိုး အဖြစ် စိုးမြတ်သူဇာ၊ ခိုင် အဖြစ် ခိုင်သင်းကြည်နှင့် အခြားသော အနုပညာရှင်များစွာဖြင့် ပုံဖော်ထားပြီး တမူထူးခြားစွာ ရိုက်ကူးထားသော ဟာသရုပ်ရှင်ဇာတ်ကား ဖြစ်ကြောင်းသိရသည်။ 

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က `` ဒီကားလေးကတော့ ပုံစံတစ်မျိုးလေး ပြောင်းပြီးတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့ ရိုက်ထားတာပါ။ အခုလို ဝါရင့်သရုပ်ဆောင်တွေ ပေါင်းပြီး ရိုက်လိုက်တဲ့အတွက် အရသာ တစ်မျိုးလေးဖြစ်သွားတာပေါ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုကို အခြေခံပြီး ရိုက်ထားတာပါ။ ယောက်မတို့၊ ယောက်ဖတို့၊ ခမည်းခမက်တို့ဆိုတာ အမြဲတမ်း ရှိနေမှာပါ။ သမီးယောက်မအချင်းချင်း ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို အမျိုးမျိုး ပြကြတာတွေရှိတယ်။ ဒါတွေထဲက တစ်မျိုးလေး ရိုက်ပြထားတာပါ။ ဝါရင့် သရုပ်ဆောင်တွေ ဖြစ်တဲ့အတွက် ဇာတ်ကောင်စရိုက်အရ ပြောလိုက်ရင် လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်သွားတဲ့အတွက် ကြည့်ရတာ ပိုပြီးအဆင်ပြေမှာပါ။ ဇာတ်လမ်း သဘောတရား အရကတော့ ထုံးစံအတိုင်းပါပဲ။ မောင်ဖြစ်တဲ့သူကို မိန်းမ မပေးစားချင်တဲ့အတွက် မောင်ဖြစ်တဲ့သူရဲ့ရည်းစားကို မယူဖြစ်အောင် လိုက်ပြီး နှောက်ယှက်တဲ့ သဘောလေးပါ။ ဇွန် ၁၅ ရက်နေ့ ရုံတင်မှာပါ။ စိတ်အပန်းဖြေဖို့အတွက် လာရောက်ကြည့်ရှုစေချင်ပါတယ်´´ ဟုပြောသည်။

သရုပ်ဆောင် ပြေတီဦးက ``ဒီဇာတ်ကားမှာ ကျွန်တော်ရဲ့ ဇာတ်ကောင်စရိုက်ကတော့ မိဘတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ အစ်မနှစ်ယောက်နဲ့ နေရတာပေါ့။ အစ်မ နှစ်ယောက်ကတော့ မမို့နဲ့ မကြီးစိုးတို့ပါ။ သူတို့နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတယ်။ ကျွန်တော့်ရဲ့ ကြီးတော်ကြီးကတော့ ဒေါ်နွဲ့နွဲ့စန်းပေါ့။ အစ်မတွေက မောင်ကိုအရမ်းချစ်တဲ့ အခါကျတော့ မိန်းမယူဖို့ဆိုရင် ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့။ အဲဒီပုံစံမျိုးလေးပါ။ ဇာတ်ကွက်ထဲမှာ မိန်းမလျာပုံစံလုပ်ပြီး ယောကျာ်းတွေကို စိတ်ဝင်စားတဲ့ ပုံစံမျိုးပါတယ်။ အဲတာလေးကို ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားပြီးတော့ ကိုယ်လည်း လုပ်တတ် သလိုမျိုးလေးနဲ့ ဒါရိုက်တာနဲ့ တိုင်းပင်ပြီးတော့ လုပ်ကြည့်ခဲ့တယ်။ ပရိသတ်တွေကလည်း သဘောကျပါတယ်။ ပရိသတ်တွေ သဘောကျရင် ဝမ်းသာပါတယ်။ ကျွန်တော်လည်း အဲဒီအခန်းတွေကို ကြိုက်ပါတယ်။ ရိုက်ကွင်းမှာလည်း အားလုံးပျော်ရွှင်ပြီး ရယ်နေရပါတယ်။ အထူးသဖြင့်ကတော့ သရုပ်ဆောင်ကြီးတွေနဲ့ က ချစ်ခင်ရင်းနှီးမှုရှိပြီး မိသားစုလိုတွေဖြစ်နေတော့ သရုပ်ဆောင်ရတဲ့ အနေအထားလေးတွေမှာ ကွာသွားတာ မျိုးလေးတွေရှိတယ်။ အဲဒီလိုရင်းနှီးနေကြတဲ့အတွက် သရုပ်ဆောင်ကြရတဲ့အခါမှာလည်း ပျော်နေပြီးတော့ လုပ်ရတဲ့ အိုက်တင်တွေကလည်း ပိုပြီးလွတ်လပ်တယ်။ ပိုပြီးကောင်းပါတယ်။ မခိုင်လေးဆိုရင် အရမ်းကောင်းပါတယ်။ အရမ်းရယ်ရတယ်။ ဒီကားလေးဟာ အရမ်းရယ်ရတဲ့ ကားလေးတစ်ကားဖြစ်တာကြောင့် ပရိသတ်တွေ အမောပြေမှာပါ´´ ဟုပြောသည်။

သရုပ်ဆောင် ခိုင်သင်းကြည်က`` ဇာတ်ကားစပြီး တစ်ဝက်ကျော်ကျော်လောက်ရောက်မှ စပြီး ကြည့်တာတောင် တော်တော်ရယ်ရတယ်။ ဒီဇာတ်ကားထဲမှာတော့ ယောက်မတစ်ယောက်အနေနဲ့ သရုပ် ဆောင်ရတာပါ။ မခိုင်လေးနဲ့ မကြီးစိုးတို့ မမို့တို့က ယောက်မတွေပါ။ အဲဒီ ယောက်မတွေ အချင်းချင်း ပတ်မွှေတဲ့ ဇာတ်လမ်းလေးပါ။ ဟာသကားလေး ဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးလေး ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ရိုက်ရတဲ့အတွက်ကြောင့်လည်း ပျော်ပါတယ်။ ရိုက်နေတဲ့ အချိန်မှာလည်း ရယ်ရသလို အခုလိုကြည့်ရတဲ့ အခါမှာလည်း တော်တော်လေးရယ်ခဲ့ရပါတယ်။ အကုန်လုံးပျော်စရာတွေ၊ ရယ်စရာတွေချည်းပါပဲ။ စိတ်ညစ်စရာမရှိတဲ့ ဇာတ်ကားကောင်းလေးပါ။ ပေးချင်တဲ့ အကြောင်းအရာတွေကတော့ ကြီးကြီးမားမား မရှိပါဘူး။ ဟာသအနေနဲ့ ဖျော်ဖြေရေး ကားလေးတစ်ခုပါပဲ။ ရိုက်ကွင်း အမှတ်တရ အနေနဲ့ကတော့ အများကြီးမရှိပါဘူး။ ချော်လဲတဲ့ အခန်းမှာတော့ တကယ်တူအောင် ချော်လဲပေးရတာဆိုတော့ နည်းနည်းတော့ နာတာပေါ့။ ဇာတ်ဝင်ခန်းအနေနဲ့ကတော့ ပြေတီဦး မိန်းမလျာလုပ်တဲ့ အခန်းကိုလည်း ကြိုက်တယ်။ ဒီကနေ့ကြည့်ခဲ့ရတဲ့ အထဲမှာဆိုရင်တော့ မခိုင်နဲ့ မမို့တို့၊ မကြီးစိုးတို့ သီချင်းဆိုပြီး ကတဲ့အခန်းကတော့ တော်တော်လေးရယ်ရပါတယ်။ ဒီဇာတ်ကားလေးဟာ နမူနာမှာလည်း တော်တော်လေး ကောင်းတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားကြတယ်။ ပရိသတ်တွေကိုလည်း လာကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်´´ ဟုပြောသည်။

သရုပ်ဆောင် ထက်အောင်ရှိုင်းက `` ကျွန်တော့် ဆရာ ကိုဇော်(အာရုဏ်ဦး)က ဒီကားမှာ မင်းအတွက် ကောင်းလည်း ကောင်းတယ်။ တစ်ခန်းတည်းဆိုပေမယ့် နေရာကောင်းတယ်။ မင်းဝင်ရိုက်လိုက်ဆိုလို့ အခုလို ပါဝင်ခွင့်ရခဲ့တာပါ။ ဒီဇာတ်ကားမှာ ကိုပြေတီဦးရဲ့ ဟန်ဆောင် သူငယ်ချင်းအနေနဲ့ ယောကျ်ားခြင်း ချစ်ကြိုက်နေတဲ့ ပုံစံမျိုးလေး သရုပ်ဆောင်ပြီး သူ့ရဲ့အစ်မတွေ စိတ်ပျက်သွားအောင် လုပ်ပေးရတာပါ။ ဒီဇာတ်ကားဟာ ကျွန်တော့် အနေနဲ့ကတော့ တတိယ အကြိမ်မြောက် ဇာတ်ကားပါ။ ရိုက်မယ့်ရက်မှ သိခွင့်ရတဲ့အတွက် ကျွန်တော့်ဘက်က ကြိုတင်ပြင်ဆင်မှု မရှိခဲ့ပါဘူး။ ရိုက်နေတဲ့အချိန်မှာ ကိုယ့်ထက် ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေက သင်ပေးကြတယ်။ အားလုံး လက်တွဲခေါ်ကြပါတယ်။ အဲဒါကြောင့် တော်တော်အဆင် ပြေပါတယ်။ ကျွန်တော်လည်း ကျေနပ်ပါတယ်။ ဒီဇာတ်ကားမှာ မခိုင်လေးကပြီး သီချင်းဆိုတဲ့အခန်းကို အကြိုက်ဆုံးပါပဲ။ ပရိသတ်တွေလည်း ကြိုက်ကြမှာပါ။ ဒီကားလေးဟာ ဟာသကားလေးပါ။ စကားမပြောဘဲနဲ့ သရုပ်ဆောင်မှုတွေကို ကြည့်နေရင်တောင် အရမ်းရယ်ရပါတယ်။ ကျွန်တော့်ကို အားပေးကြပါ။ ပရိတ်သတ်ချစ်တဲ့ အားပေးတဲ့အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်အောင် အမြဲတမ်း ကြိုးစားနေမှာပါ´´ ဟုပြောသည်။

ဇာတ်လမ်း အကျဉ်းအနေဖြင့် ဘုန်းတန်ခိုးသည် ထိပ်တင်မို့နှင့် ထိပ်တင်စိုးဟူသော အစ်မကြီးနှစ်ဦးနှင့် ကြီးတော် ဒေါ်စိန်တင့်တို့နှင့်အတူ နေထိုင်လေသည်။ ထိပ်တင်မို့နှင့် ထိပ်တင်စိုးတို့မှာ ဂေါ်မစွံ အပျိုကြီးများဖြစ်ကြပြီး သူတို့ဂေါ်မစွံဖြစ်ရခြင်းမှာလည်း တစ်ဦးတည်းသော မောင်လေးဘုန်းတန်ခိုးကို သည်းသည်းလှုပ် ချစ်ကြ၍ တစ်သက်လုံး အိမ်ထောင်မပြုဘဲ မောင်လေးကိုပဲ စောင့်ရှောက်သွားမည်ဟု သန္နိဋ္ဌာန်ချထားသော ကြောင့်ပင်ဖြစ်၏။ 

မောင်ဖြစ်သူ ဘုန်းတန်ခိုးကို ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ဖို့ တစ်သက်လုံး အစ်မတွေနဲ့ပဲ အတူနေဖို့ ပြင်းပြင်းထန်ထန် ရာဇသံ ချထားခဲ့သော်လည်း မောင်ဖြစ်သူမှာ ´´ ခိုင်´´ ဆိုသည့် မိန်းကလေးနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ရာ အပျိုကြီးများဖြစ်ကြသည့် မို့နှင့်စိုး တို့ ဆွေ့ဆွေ့ခုန်ကြတော့သည်။ ဘုန်းတန်ခိုးချစ်သူထားသည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်သောအခါ ဘုန်းတန်ခိုးက လုံးဝလက်မခံ။ ခိုင်မှခိုင်ဖြစ်နေခဲ့သည်။ မို့နှင့်စိုးကလည်း လုံးဝအလျော့မပေးသဖြင့် မောင်နှမသုံးယောက် အချေအတင် ဖြစ်ရတော့သည်။ 

ထို့နောက် `` ခိုင် ´´ အားလေ့လာရန် သဘောတူခဲ့ပြီး `` ခိုင် ´´အိမ်သို့လာမည့်နေ့တွင် မို့နှင့်စိုးတို့က ခိုင့်ကို အရှက်တကွဲ အနာတရဖြစ်ပြီး ထိတ်လန့်၍ ထွက်ပြေးစေရန် နည်းမျိုးစုံဖြင့် ဉာဏ်ဆင်ကာ ကြိုတင်အကွက်ချ စီစဉ်ပုံ၊ မောင်ဖြစ်သူနှင့် ``ခိုင်´´ လက်ထပ်ပြီး တစ်အိမ်တည်း အတူနေရာတွင် စိတ်ပျက်လာစေရန် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်ပုံ၊ `` ခိုင် ´´ ၏ အစ်ကိုဖြစ်သူ ထောင်ထွက် ကိုဗလ နေအိမ်သို့ ရောက်ရှိလာပြီး အပျိုကြီးနှစ်ဦးအား ပညာပေးပုံ၊ ကိုဗလနှင့် ဘုန်းတန်ခိုးတို့ မရှိခိုက် အိမ်သို့ ဓားပြအဖွဲ့ဝင်စီးပြီး ပြန်ပေးဆွဲပုံတို့ကို ရယ်ရွှင်ဖွယ် ရိုက်ကူးထားသော ဟာသဇာတ်ကား ကောင်းတစ်ကားဖြစ်သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်