၁၁ ဇွန်
အောင်သီရိ ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးက စီစဉ်ထုတ်လုပ်သည့် စိန်ယောက်မ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ဇွန် ၁၀ ရက်နေ့က ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇွန် ၁၅ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးထားခြင်းဖြစ်ပြီး မောင်ဖြစ်သူကို အလွန်ချစ်သော အပျိုကြီးနှစ်ဦး အနေဖြင့် မောင်ဖြစ်သူ မိန်းမရသွားမည်ကို စိုးရိမ်မှုကြောင့် မောင်ဖြစ်သူ၏ ချစ်သူအား စိတ်ကုန်သွားစေရန် နည်းအမျိုးမျိုး ဖန်တီးကာ ပညာပြနှောင့်ယှက်ပုံ၊ မိန်းမရရှိသွား ပီးနောက် မောင်ဖြစ်သူ၏ မိန်းမအား စိတ်ပျက်လာစေရန် နည်းအမျိုးမျိုးဖြင့် ပညာပြနှောင့်ယှက်ပုံတို့နှင့် မောင်ဖြစ်သူ၏ မိန်းမက အပြန်အလှန် ပညာပြပုံတို့ကို အဓိကအခြေခံကာ ရယ်ရွှင်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။
ယင်း ရုပ်ရှင်ဇာတ်ကားတွင် ကိုဗလအဖြစ် ကျော်ရဲအောင်၊ ဘုန်းတန်ခိုးအဖြစ် ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ ထိပ်တင်မို့အဖြစ် မို့မို့မြင့်အောင်၊ ထိပ်တင်စိုးအဖြစ် စိုးမြတ်သူဇာ၊ ခိုင်အဖြစ် ခိုင်သင်းကြည်နှင့် အခြားသော အနုပညာရှင်များစွာ ဖြင့် ပုံဖော်ထားပြီး တစ်မူထူးခြားစွာ ရိုက်ကူးထားသော ဟာသ ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က “ဒီကားလေးကတော့ ပုံစံတစ်မျိုးလေးပြောင်းပြီးတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့ ရိုက်ထားတာပါ၊ အခုလို ဝါရင့်သရုပ်ဆောင်တွေပေါင်းပြီး ရိုက်လိုက်တဲ့အတွက် အရသာတစ်မျိုးလေး ဖြစ်သွားတာပေါ့၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုကို အခြေခံပြီး ရိုက်ထားတာပါ၊ ယောက်မတို့၊ ယောက်ဖတို့၊ ခမည်းခမက်တို့ ဆိုတာ အမြဲတမ်းရှိနေမှာပါ၊ သမီးယောက်မအချင်းချင်း ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို အမျိုးမျိုးပြကြတာတွေ ရှိတယ်၊ ဒါတွေထဲက တစ်မျိုးလေးရိုက်ပြထားတာပါ၊ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ဇာတ်ကောင်စရိုက်အရ ပြောလိုက်ရင် လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်သွားတဲ့အတွက် ကြည့်ရတာ ပိုပြီးအဆင်ပြေမှာပါ၊ ဇာတ်လမ်းသဘော တရားအရကတော့ ထုံးစံအတိုင်းပါပဲ၊ မောင်ဖြစ်တဲ့သူကို မိန်းမ မပေးစားချင်တဲ့အတွက် မောင်ဖြစ်တဲ့သူရဲ့ ရည်းစားကို မယူဖြစ်အောင် လိုက်ပြီးနှောင့်ယှက်တဲ့ သဘောလေးပါ၊ ဇွန် ၁၅ ရက်နေ့ ရုံတင်မှာပါ၊ စိတ်အပန်းဖြေဖို့အတွက် လာရောက်ကြည့်ရှုစေချင်ပါ တယ်” ဟု ပြောသည်။
သရုပ်ဆောင် ပြေတီဦးက “ဒီဇာတ်ကားမှာ ကျွန်တော်ရဲ့ ဇာတ်ကောင်စရိုက်ကတော့ မိဘတွေမရှိတော့တဲ့ နောက်ပိုင်းမှာ အစ်မနှစ်ယောက်နဲ့ နေရတာပေါ့၊ အစ်မနှစ်ယောက်ကတော့ မမို့နဲ့ မကြီးစိုးတို့ပါ၊ သူတို့နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ နေရတယ်၊ ကျွန်တော့်ရဲ့ ကြီးတော်ကြီးကတော့ ဒေါ်နွဲ့နွဲ့စန်းပေါ့၊ အစ်မတွေက မောင်ကိုအရမ်းချစ်တဲ့အခါကျတော့ မိန်းမယူဖို့ ဆိုရင် ဘယ်သူနဲ့မှ သဘောမတူဘူးပေါ့၊ အဲဒီပုံစံမျိုးလေးပါ၊ ဇာတ်ကွက်ထဲမှာ မိန်းမလျာပုံစံလုပ်ပြီး ယောကျာ်းတွေကို စိတ်ဝင်စားတဲ့ပုံစံမျိုးပါတယ်၊ အဲဒါလေးကို ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားပြီးတော့ ကိုယ်လည်း လုပ်တတ်သလိုမျိုးလေးနဲ့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ လုပ်ကြည့်ခဲ့တယ်၊ ပရိသတ်တွေကလည်း သဘောကျပါတယ်၊ ပရိသတ်တွေသဘောကျရင် ဝမ်းသာပါတယ်၊ ကျွန်တော်လည်း အဲဒီအခန်းတွေကို ကြိုက်ပါတယ်၊ ရိုက်ကွင်းမှာလည်း အားလုံးပျော်ရွှင်ပြီး ရယ်နေရပါတယ်၊ အထူးသဖြင့်ကတော့ သရုပ်ဆောင်ကြီးတွေနဲ့က ချစ်ခင်ရင်းနှီးမှုရှိပြီး မိသားစုလိုတွေဖြစ်နေတော့ သရုပ်ဆောင်ကြရတဲ့အခါ မှာလည်း ပျော်နေပြီးတော့ လုပ်ရတဲ့အိုက်တင်တွေကလည်း ပိုပြီးလွတ်လပ်တယ်၊ ပိုပြီးကောင်းပါတယ်၊ မခိုင်လေးဆိုရင် အလွန်ကောင်းပါတယ်၊ တော်တော်ရယ်ရတယ်၊ ဒီကားလေးဟာ ရယ်ရတဲ့ ကားလေးတစ်ကား ဖြစ်တာကြောင့် ပရိသတ်တွေ အမောပြေမှာပါ” ဟု ပြောသည်။
သရုပ်ဆောင် ခိုင်သင်းကြည်က “ဇာတ်ကားစပြီး တစ်ဝက် ကျော်ကျော်လောက်ရောက်မှ စပြီးကြည့်တာတောင် တော်တော် ရယ်ရတယ်၊ ဒီဇာတ်ကားထဲမှာတော့ ယောက်မတစ်ယောက် အနေနဲ့ သရုပ်ဆောင်ရတာပါ၊ မခိုင်လေးနဲ့ မကြီးစိုးတို့ မမို့တို့က ယောက်မတွေပါ၊ အဲဒီယောက်မတွေ အချင်းချင်း ပတ်မွှေတဲ့ ဇာတ်လမ်းလေးပါ၊ ဟာသကားလေး ဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးလေး ဖြစ်ပါတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ရိုက်ရတဲ့အတွက်ကြောင့်လည်း ပျော်ပါတယ်၊ ရိုက်နေတဲ့အချိန်မှာလည်း ရယ်ရသလို အခုလို ကြည့်ရတဲ့အခါမှာလည်း တော်တော်လေးရယ်ခဲ့ရပါတယ်၊ အကုန်လုံးပျော်စရာတွေ၊ ရယ်စရာတွေချည်းပါပဲ၊ စိတ်ညစ်စရာ မရှိတဲ့ ဇာတ်ကားကောင်းလေးပါ၊ ပေးချင်တဲ့ အကြောင်းအရာတွေကတော့ ကြီးကြီးမားမား မရှိပါဘူး၊ ဟာသအနေနဲ့ ဖျော်ဖြေရေး ကားလေးတစ်ခုပါပဲ၊ ရိုက်ကွင်းအမှတ်တရ အနေနဲ့ကတော့ အများကြီးမရှိပါဘူး၊ ချော်လဲတဲ့ အခန်းမှာတော့ တကယ်တူအောင် ချော်လဲပေးရတာဆိုတော့ နည်းနည်းတော့ နာတာပေါ့၊ ဇာတ်ဝင်ခန်း အနေနဲ့ကတော့ ပြေတီဦး မိန်းမလျာလုပ်တဲ့ အခန်းကိုလည်း ကြိုက်တယ်၊ ဒီကနေ့ကြည့်ခဲ့ရတဲ့ အထဲမှာဆိုရင်တော့ မခိုင်နဲ့ မမို့တို့၊ မကြီးစိုးတို့ သီချင်းဆိုပြီးကတဲ့ အခန်းကတော့ တော်တော်လေး ရယ်ရပါတယ်၊ ဒီဇာတ်ကားလေးဟာ နမူနာမှာလည်း တော်တော်လေး ကောင်းတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားကြတယ်၊ ပရိသတ်တွေကိုလည်း လာကြည့်ကြဖို့ ဖိတ်ခေါ်ပါ တယ်” ဟု ပြောသည်။
သရုပ်ဆောင် ထက်အောင်ရှိုင်းက “ကျွန်တော့်ဆရာ ကိုဇော်(အရုဏ်ဦး)က ဒီကားမှာ မင်းအတွက် ကောင်းလည်း ကောင်းတယ်၊ တစ်ခန်းတည်းဆိုပေမယ့် နေရာကောင်းတယ်၊ မင်းဝင်ရိုက်လိုက်ဆိုလို့ အခုလို ပါဝင်ခွင့်ရခဲ့တာပါ၊ ဒီဇာတ်ကားမှာ ကိုပြေတီဦးရဲ့ ဟန်ဆောင်သူငယ်ချင်း အနေနဲ့ ယောကျာ်းချင်း ချစ်ကြိုက်နေတဲ့ ပုံစံမျိုးလေး သရုပ်ဆောင်ပြီး သူ့ရဲ့အစ်မတွေ စိတ်ပျက်သွားအောင် လုပ်ပေးရတာပါ၊ ဒီဇာတ်ကားဟာ ကျွန်တော့် အနေနဲ့ကတော့ တတိယအကြိမ်မြောက် ဇာတ်ကားပါ၊ ရိုက်မယ့်ရက်မှ သိခွင့်ရတဲ့အတွက် ကျွန်တော့်ဘက်က ကြိုတင်ပြင်ဆင်မှု မရှိခဲ့ပါဘူး၊ ရိုက်နေတဲ့အချိန်မှာ ကိုယ့်ထက်ဝါရင့်တဲ့ အနုပညာရှင်ကြီးတွေက သင်ပေးကြတယ်၊ အားလုံးလက်တွဲခေါ် ကြပါတယ်၊ အဲဒါကြောင့် တော်တော်အဆင်ပြေပါတယ်၊ ကျွန်တော်လည်း ကျေနပ်ပါတယ်၊ ဒီဇာတ်ကားမှာ မခိုင်လေး ကပြီး သီချင်းဆိုတဲ့ အခန်းကို အကြိုက်ဆုံးပါပဲ၊ ပရိသတ်တွေလည်း ကြိုက်ကြမှာပါ၊ ဒီကားလေးဟာ ဟာသကားလေးပါ၊ စကားမပြောဘဲနဲ့ သရုပ်ဆောင်မှုတွေကို ကြည့်နေရင်တောင် တော်တော်ရယ်ရပါတယ်၊ ကျွန်တော့်ကို အားပေးကြပါ၊ ပရိသတ်ချစ်တဲ့၊ အားပေးတဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးစားနေမှာပါ” ဟု ပြောသည်။
ဇာတ်လမ်းအကျဉ်းအနေဖြင့် ဘုန်းတန်ခိုးသည် ထိပ်တင်မို့နှင့် ထိပ်တင်စိုးဟူသော အစ်မကြီးနှစ်ဦးနှင့် ကြီးတော် ဒေါ်စိန်တင့် တို့နှင့်အတူ နေထိုင်လေသည်။ ထိပ်တင်မို့နှင့် ထိပ်တင်စိုးတို့မှာ ဂေါ်မစွံ အပျိုကြီးများ ဖြစ်ကြပြီး သူတို့ ဂေါ်မစွံ ဖြစ်ရခြင်းမှာလည်း တစ်ဦးတည်းသော မောင်လေးဘုန်းတန်ခိုးကို သည်းသည်းလှုပ် ချစ်ကြ၍ တစ်သက်လုံး အိမ်ထောင်မပြုဘဲ မောင်လေးကိုပဲ စောင့်ရှောက်သွားမည်ဟု သန္နိဋ္ဌာန်ချထားသောကြောင့်ပင် ဖြစ်၏။ မောင်ဖြစ်သူ ဘုန်းတန်ခိုးကို ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ဖို့၊ တစ်သက်လုံး အစ်မတွေနဲ့ပဲ အတူနေဖို့ ပြင်းပြင်းထန်ထန် ရာဇသံ ချထားခဲ့သော်လည်း မောင်ဖြစ်သူမှာ “ခိုင်” ဆိုသည့် မိန်းကလေးနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့ရာ အပျိုကြီးများဖြစ်ကြသည့် မို့နှင့် စိုးတို့ ဆွေ့ဆွေ့ခုန်ကြတော့သည်။ဘုန်းတန်ခိုးချစ်သူထားသည့်ကိစ္စကို အပြင်းအထန် ကန့်ကွက်သောအခါ ဘုန်းတန်ခိုးက လုံးဝလက်မခံ။ ခိုင်မှခိုင် ဖြစ်နေခဲ့သည်။ မို့နှင့် စိုးကလည်း လုံးဝ အလျော့မပေးသဖြင့် မောင်နှမသုံးယောက် အချေအတင် ဖြစ်ရတော့သည်။
ထို့နောက် “ခိုင်” အား လေ့လာရန် သဘောတူခဲ့ပြီး “ခိုင်” အိမ်သို့ လာမည့်နေ့တွင် မို့နှင့် စိုးတို့က ခိုင့်ကို အရှက်တကွဲ အနာတရဖြစ်ပြီး ထိတ်လန့်၍ ထွက်ပြေးစေရန် နည်းမျိုးစုံဖြင့် ဉာဏ်ဆင်ကာ ကြိုတင်အကွက်ချစီစဉ်ပုံ၊ မောင်ဖြစ်သူနှင့် “ခိုင်” လက်ထပ်ပြီး တစ်အိမ်တည်း အတူနေရာတွင် စိတ်ပျက် လာစေရန် နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ပုံ၊ “ခိုင်” ၏ အစ်ကို ဖြစ်သူ ထောင်ထွက် ကိုဗလ နေအိမ်သို့ရောက်ရှိလာပြီး အပျိုကြီး နှစ်ဦးအား ပညာပေးပုံ၊ ကိုဗလနှင့် ဘုန်းတန်ခိုးတို့ မရှိခိုက် အိမ်သို့ဓားပြအဖွဲ့ ဝင်စီးပြီး ပြန်ပေးဆွဲပုံတို့ကို ရယ်ရွှင်ဖွယ် ရိုက်ကူးထားသော ဟာသဇာတ်ကား ကောင်းတစ်ကားဖြစ်သည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဇော်မင်းလတ်