မန္တလေး ၁၁ ဇွန် 

ဂန္ထဝင်တေးသံရှင် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် အနေဖြင့် “ချယ်ရီတွေ ဝေဆာလှပစွာ ပွင့်မည့်မန္တလာည” ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီးကို အခုလ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မန္တလေးရောက် ရှမ်းလူငယ်များ ဖွဲ့စည်းထားသည့် မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်အသင်းမှ သိရသည်။

ရှမ်းပြည်နယ်မှ အဆိုတော် ၂၂ ဦးခန့်က စိုင်းဆိုင်မောဝ်၏ သီချင်းများဖြင့် သီဆိုဖျော်ဖြေမည် ဖြစ်သည်။ အဆိုပါ ရန်ပုံငွေပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ကလေးတွေက စိတ်အားထက်သန်စွာနဲ့ ဘဘ(စိုင်းဆိုင်မောဝ်) ကိုတိုင်ပင်တော့ ဘဘကလည်း ပံပိုးပေးတယ်။ ကလေးတွေက တော်ပါတယ်" ဟု မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်အသင်း၏ နာယက ဒေါ်နန်းရွှေအေး က ပြောသည်။

ရန်ပုံငွေပွဲအတွက် လက်မှတ်နှုန်းထားတွေက လက်မှတ်တစ်စောင်ကို ၅၀ဝ၀ ကျပ် နှုန်းဖြင့် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ 

ချယ်ရီတွေ ဝေဆာလှပစွာပွင့်မည့် မန္တလာည ရန်ပုံငွေမှ ရရှိလာသည့် ငွေကြေးအား အဆိုတော် စိုင်းဆိုင်မောဝ်၏ ဆေးကုသစရိတ်အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုတော် စိုင်းဆိုင်မောဝ်သည် ကျောက်ကပ်အစားထိုး လဲလှယ်ထားပြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

အိမို့မို့ခိုင်