၁၁  ဇွန်

(၅)ကြိမ်မြောက် ဂန္တဝင်ဂီတ ဖျော်ဖြေပွဲကျင်းပမည့် ဂီတဖျော်ဖြေပွဲ 5th Myanmar Music Festival 2018 Concert ကို ဇွန် ၁၇ ရက် ညနေ (၆) နာရီမှ စတင်၍ ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ဖျော်ဖြေမည်ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာ ကြည့်ရှုအားပေးနိုင်မည်ဖြစ်သည်။

 

" ထူးခြားတာက မလေးရှားနဲ့ မြန်မာပေါင်းထားတာ မြန်မာနိုင်ငံက သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ဦးအောင်ဝမ်းတူး (ရွာစား) နဲ့ ပုလွေပညာရှင်၊ နှဲပညာရှင်၊ ပတ္တလားပညာရှင်ပါမယ်။ ပြီးတော့ တေးသံရှင် မေဆွိနဲ့ ရခိုင်အဆိုရှင် ကိုဝင်းကိုခိုင် တို့လည်းပါဝင်ကြမှာဖြစ်ပါတယ် ။ ကျွန်မတို့ဂန္တဝင် တေးဂီတ အမျိုးအစားဆိုတာ ကမ္ဘာမှာ တန်ဘိုးထားပြီးတော့ ထိန်းသိမ်းကြတယ်။ အခုလို ဂန္တဂီတတွေ အော်ပရာတွေကို သူများနိုင်ငံမှာ ကြည့်ချင်တယ်ဆိုရင် ရိုးရိုးတန်းတန်း Pop Show တွေ ထက်ဈေးကြီးကြီး ပေးပြီးကြည့်ကြရတယ်။ ကျွန်မတို့နိုင်ငံမှာလည်း သီချင်းကြီး သီချင်းခန့်ဆိုတဲ့ ဂန္တဝင်တေးဂီတတွေ ရှိတယ်။ အဲ့ဒါမျိုးတွေကို သူတို့တတွေ ဘယ်လို ထိန်းသိမ်းထားသလဲဆိုတာ ဒီပွဲတွေမှာကြည့်ရင် ဗဟုသုတ ကောင်းကောင်းရမှာပါ ။ အခွင့်အရေးကောင်း ဖြစ်တဲ့အတွက် အချိန်ပေးပြီး လေ့လာအားပေးစေချင်ပါတယ်" ဟု ၎င်း ဂီတဖျော်ဖြေပွဲ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ (ဒေါ်) ပတ္တမြားကေခိုင်က ပြောဆိုသည်။

 

အဆိုပါဖျော်ဖြေပွဲကြီးတွင် အမေရိကန်၊ ထိုင်ဝမ်၊ ဂျပန်နိုင်ငံတို့မှ ဂီတပညာရှင်များ မလေးရှား နိုင်ငံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအပြင် ပြည်တွင်းရှိ တိုင်းနှင့်ပြည်နယ် (၉) ခုမှ ဂီတဝါသနာ ရှင် (၂၅) ဦး တို့က ဂန္တဝင်ဂီတ အော်ပရာရှိုးကို ပူးပေါင်းပါဝင် ဖျော်ဖြေတင်ဆက်မည်ဟု သိရပြီး မြန်မာဘက်မှ မေဆွိ ရခိုင်တေးသံရှင် ဝင်းကိုခိုင်၊ ဆိုင်းပညာရှင်များအပြင် သာသနာရေး နှင့် ဝန်ကြီးဌာနမှ အတီးပညာရှင်များ ပါဝင်တီးခတ်မည်ဟု သိရသည်။

 

ကိုလင်း