၁၁ ဇွန်

 

Myanmar Idol Season 3 ၏ Top 11  ရင်ခုန်စရာအကောင်းဆုံးများမှ   Golden Week ၏  နောက်ဆုံး အဆင့် Solo Performance နှင့်အတူ Green Mile အဆင့်ကို ဖြတ်သန်းပြီး  Top Finalist ရောက်ရှိသူများကို မီဒီယာများနှင့် ဇွန် ၁၀ရက်က မိတ်ဆက်ပေးခဲ့သည်။

 

"ပြိုင်ပွဲက တကယ်ကို ခက်ခဲစွာဆုံးဖြတ်ရတဲ့ ပွဲတစ်ခုလို့ပြောလို့ရပါတယ်။ အန်ကယ်သိန်းတန်၊ ကိုရန်လေး၊ ကိုမျိုးကျော်မြိုင် နဲ့ ကျွန်မ အပါအဝင် ဒိုင်လေးယောက်က  မြန်မာနိုင်ငံရဲ့ မြို့ကြီး (၅) မြို့ ကိုသွားပြီးတော့၊ ပြိုင်ပွဲအတွက် အဆိုပညာရှင် ရွက်ပုန်းသီးလေးတွေကို စိတ်ကြိုက်ရွေးချယ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ အင်မတန် ကောင်းတဲ့သူတွေ၊ ကောင်းမလိုလိုနဲ့ နည်းနည်း လျော့သွားတဲ့သူတွေ၊ ရှေ့ဆက်ပြီးကောင်းနိုင်မလားဆိုပြီး လက်ခံစဉ်းစားရွေးချယ်ခဲ့တဲ့ သူတွေရှိပါတယ်၊ အဲ့လိုရွေးချယ်တဲ့ နေရာမှာ No လိုမပြောချင်တဲ့ စကားကို လည်းပြောခဲ့ရပါတယ် ၊ Yes လို့ပြောရတဲ့စကားကတော့ ပျော်စရာအကောင်းဆုံးပေါ့၊ ဒီလိုရွေးချယ်တဲ့အချိန်မှာ အကဲဖြတ်ဒိုင်လေးယောက်စလုံးရဲ့ ရင်ထဲကခံစားချက်ကတော့ အတူတူပါပဲ။ ဝမ်းနည်းတတ်ဆုံးကတော့ ကိုမျိုးကျော့မြိုင်ဖြစ်ပါတယ်။ ကျွန်မတို့ အကဲဖြတ်ဒိုင်တွေ  ဘယ်လောက်စိတ်မကောင်းဖြစ်ဖြစ် လူအများကြီး ထဲက အကောင်းဆုံးဆိုတာကိုရွေးရတာဆိုတော့ မတတ်နိုင်ဘူး ရွေးချယ်ရတာပဲ။ ဒီနှစ်ကတော့ ကျွန်မ တို့ရွေးချယ်ရ အခက်ဆုံးနှစ်လို့တောင်ဆိုလို့ရပါတယ်။ ပြိုင်ပွဲဝင်အတော်များများ ကောင်းကြပါတယ်။ Theater Round 1 မှကတည်းက ကျွန်မ တော်တော်ကို စိတ်ဖိစီးမှုတွေ ကြုံခဲ့ရတယ်”ဟု တင်ဇာမော်က ပြောကြားသည်။

 

“အယောက်ပေါင်း ၁၂၀ကျော်ကနေ တစ်ဝက်တိတိ ရွေးထုတ်ရတဲ့နေရာမှာ ကျွန်မတို့အားလုံး မှားယွင်းပြီး လုပ်မိ မှာကို အလွန်စိုးရိမ်ကြတယ်။ အဲဒီလိုကမှ အကောင်းဆုံးလို့ယူဆရတဲ့သူတွေကို ဆွဲထုတ်တယ်။ အယောက် ၂၂ ဦးကို ရွေးချယ်တယ်။ ပြီးတော့ ၁၁ ဦးရွေးတယ်။ ထားခဲ့ရတဲ့ကလေးတွေကို စိတ်မကောင်း ဖြစ်တယ်။ အခုတော့ ပရိသတ်လက်ထဲကို နောက်ဆုံး ၁၁ဦးကို ရွေးချယ်ထည့်ပေးခဲ့ပါတယ်။ ဒီ အဆင့်တွေဟာ ကျွန်မတို့ထက် ပရိသတ်က အကြိုက်ကိုရွေးရတော့မှာပါ။ ဒီနှစ်က ထူးခြားတယ်။ ကောင်းလွန်း လို့ ၁၀ဦးကနေ တစ်ဦးတိုးလာတယ်။ ဒါကြောင့် အတော်ဆုံးကလေးတွေကို ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းတယ်”ဟု တင်ဇာမော်က ဆက်လက်ပြောကြားသည်။

 

Myanmar Idol Season 3 သည် Theater Round 2 ရောက်သည် အထိ ပြိုင်ပွဲဝင်၂၂ ယောက်ကို  အောင်မြင်စွာ ရွေးချယ်ခဲ့ပြီး၊  ထိုထဲမှ Theater Round 3 တွင် ပြိုင်ပွဲဝင် (၂၂) ဦးထဲမှ ပြိုင်ပွဲဝင် (၁၁) ဦးကို ရွေးချယ်ခဲ့ရာ  မနန်းရွှေရီ၊ ကိုစွမ်းပြည့်အောင်၊ မမီလန်း၊ ငွေဇင်လှိုင်း၊ နော်ဂျက်စ်၊ မေမဒီ၊ ကို ဖြိုးမြတ်အောင်၊ ကိုပြည့်ဖြိုး၊ ဇော်ကြီး၊ ကိုနေခက်မင်းသစ်၊ မချမ်းမြေ့မောင်ချို တို့ကိုရွေးချယ်ခဲ့ပြီး ထိုပြိုင်ပွဲဝင်များထဲမှ အကောင်းဆုံး Winner ဆုရှင်တစ်ဦးကို လာမည့် ၁၄ ရက်နေ့ (ကြာသာပတေးနေ့ ) နှင့်  သောကြာ ည(၉) နာရီတွင် Sky Net Channel -9 ရုပ်သံလိုင်းမှ  တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု သိရသည်။

 

ကိုလင်း