မန္တလေး ၁၅ ဇွန်
စိုင်းဆိုင်မော်ဝ်အား ဂုဏ်ပြုသည့်အနေဖြင့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှရရှိသည့် ငွေကျပ် သိန်း ၅၀ ကျော်အား အဆိုတော်စိုင်းဆိုင်မော်ဝ် ဆေးကုသစရိတ်အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိ်ုင်မော်ဝ်အား ဂုဏ်ပြုသည့်အနေဖြင့် ချယ်ရီတွေဝေဆာလှပစွာ ပွင့်မည့်မန္တလာည ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကြီးကို မန္တလေးမြို့မှာ ယခုလ ၁၄ ရက်က ကျင်းပခဲ့သည်။ အဆိုပါ ရန်ပုံငွေပွဲကို မန္တလေးရောက် ရှမ်းလူငယ်များ ဖွဲ့စည်းထားသည့် မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်အသင်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်ပုံငွေ စုစုပေါင်း ၅၀၅၃၀ဝ၀ ရရှိခဲ့ကြောင်း သိရသည်။
"ထိုင်ခုံလတ်မှတ်ရောင်းရငွေ ၊ ဖလားနဲ့အလှူခံတဲ့ ရန်ပုံငွေ ၊ ဆိုင်ကယ်စတင်းက ရတဲ့ငွေ စုစုပေါင်း သိန်း ၅၀ ကျော်ကို လှူဒါန်းသွားမှာပါ။ ဒီငွေတွေကို နာယကကြီးဆီ အပ်ပြီးပါပြီ၊ နာယကကြီးက ထိုင်းနိုင်ငံမှာ ဆေးကုသနေတဲ့ ဘဘ စိုင်းဆိုင်မော်ဝ်ဆီကို သွားရောက်လှူဒါန်းမှာပါ " ဟု မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်အသင်း ဥက္ကဋ္ဌ စိုင်းလျန်းဆိုင်ဖ မှပြောသည်။
ရှမ်းပြည်နယ်မှ အဆိုတော် ၃၀ ဦးခန့်က စိုင်းဆိုင်မော်ဝ်၏ သီချင်းများအား ရှမ်းဘာသာ ၊ မြန်မာဘာသာ များဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဂန္ထဝင်တေးသီချင်းအဆိုတော် စိုင်းဆိုင်မော်ဝ်သည် ကျောက်ကပ် အစားထိုးလဲလှယ်ထားပြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo- စိုင်းဆိုင်မော်ဝ် facebook