၂၀ ဇွန်
“ခိုးဆိုးလုနှိုက်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ပွဲဦးထွက် အောင်မြင်မှုများရရှိထားသည့် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင် ပြည်သူ့အချစ်တော် မိုးဟေကိုက မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့် ရုပ်ရှင်ဇာတ်ကားများ သရုပ်ဆောင်ခြင်းထက် ထုတ်လုပ်ရေးပိုင်းကိုသာ ပိုမိုဆောင်ရွက်ဖြစ်နေကြောင်း မြန်မာ့အလင်းသို့ ပြောကြားသည်။
“ စီးပွားရေးထက် အနုပညာလုပ်ငန်းတွေကို ချစ်တတ်တဲ့စိတ်ကြောင့် ‘မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကို စတင်ဖြစ်ခဲ့တာပါ၊ ကျွန်မကတော့ ကိုယ်တိုင်လည်း သရုပ်ဆောင်သူ တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လိုဇာတ်ကားမျိုးတွေကို ပရိသတ်ကြီး ပိုပြီးကြိုက်နှစ်သက်မယ်ဆိုတာကို သတိထားဖြစ်ခဲ့တယ်၊ ဒါကြောင့်လည်း ကိုယ်တိုင်ထုတ်လုပ်သူ တစ်ယောက်ဖြစ်လာတဲ့အခါ ပရိသတ်ကြိုက်မယ့် ဇာတ်အိမ်၊ ဇာတ်လမ်းမျိုးတွေကို သေသေချာချာရွေးချယ်ပြီး ရိုက်ကူးထုတ်လုပ်ပါတယ်”ဟု မိုးဟေကိုကပြောသည်။
ဇာတ်ကားများတွင် အတွေ့ရကျဲလာပြီး ပရိသတ်နှင့် အနည်းငယ် အလှမ်းဝေးသကဲ့သို့ ရှိနေသော်လည်း အဓိကမှာ မိခင်ဖြစ်သူ၏ ကျန်းမာရေးကို ဂရုစိုက်နေရခြင်းကြောင့် ရိုက်ကူးမှုများ ကျဲသွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “ အနုပညာလမ်းကြောင်းပေါ်ကို လွယ်လွယ်လေးလျှောက်ခဲ့ရတာ မဟုတ်ပါဘူးရှင့်၊ တကယ်ကို ဝါသနာလည်းပါတဲ့အတွက် အတိုက်အခိုက်တွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးထဲကနေ ဒီလမ်းကိုလျှောက်ခဲ့ရတာ ၁၀ နှစ်ကျော်ခဲ့ပါပြီ၊ အခုတော့ အလုပ်တွေကို သေသေချာချာ ပြန်လုပ်ဖြစ်တယ်၊ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကြောင့်လည်း အများကြီးအင်အားတွေရခဲ့ပါတယ်၊ မကြာမီပြန်ပြီး သရုပ်ဆောင် ပိုင်းကိုလည်း အချိန်ပြန်ပေးမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ မိုးဟေကို၏ အနုပညာလှုပ်ရှားမှုများမှာ ကြော်ငြာများ ရိုက်ကူးရေး စတင်နေပြီဖြစ်ပြီး ‘မိုး’ရုပ်ရှင်ထုတ်လုပ်ရေး၏ ၁၀ ကားမြောက် ဇာတ်ကားတစ်ကားကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ခြင်းကြောင့် မေလမှစတင်ကာ တစ်လလျှင် တစ်ကားနှုန်းဖြင့် ရိုက်ရက်များကို ပုံမှန်ပြန်လည် စတင်နေပြီဖြစ်၍ ရိုက်ကွင်းများတွင် မိုးဟေကိုအား ပြန်လည်တွေ့ မြင်လာရပြီဖြစ်သကဲ့သို့ ပရိသတ်များလည်း မိုးဟေကို၏ ဇာတ်ကားများကို မကြာမီ ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။
“ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းကတော့ ကာလဒေသကိုလည်း လိုက်တယ်၊ အမှီပြုတယ်လို့ ကျွန်မထင်တယ်၊ ပရိသတ်ရဲ့ အကြိုက်ကိုလည်း မျက်ခြည်ပြတ်လို့မရဘူး၊ ဒါရိုက်တာကလည်း ပေးလာတဲ့ဇာတ်လမ်းအပေါ်မှာ အံဝင်ခွင်ကျဖြစ်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပြီး သင်ကြားရိုက်ကူးဖို့လည်း လိုတယ်၊ ထုတ်လုပ်ရေးလုပ်တယ်ဆိုတာတော့ အကုန်လုံးလျှောက်စဉ်းစားရတယ်၊ အသုံးစရိတ်၊ အကျိုးအမြတ်အားလုံးကို တွေးရတာပေါ့၊ တစ်သမတ်တည်း လိုင်းတစ်ခုတည်းတော့လုပ်လို့ မရသေးဘူးလို့ ကျွန်မခန့်မှန်းမိတယ်၊ ဟာသလည်းပါမယ်၊ ဒရာမာဇာတ်လမ်းလည်းပါမယ်၊ ရိုမန့်တစ်ဆန်တဲ့ အချစ်ကားလေးတွေလည်းပါမယ် စသဖြင့် အားလုံးပေါ့၊ အခုနောက်ဆုံး ရိုက်မယ့်ကားကတော့ ဒါရိုက်တာ ကိုစတီးနဲ့ ရိုက်ကူးဖို့ စီစဉ်ထား ပါတယ်” ဟု သရုပ်ဆောင်၊ ထုတ်လုပ်သူ မိုးဟေကိုက သှူအတွေ့အကြုံကို ရှင်းပြသည်။
ကိုလင်း