၂၀ ဇွန်
မိသားစုစီးပွားရေးနှင့် မိမိ၏ ရောသမတတ်သည့် အတတ်ပညာကို ပေါင်းစပ်လိုက်သောအခါ ရောသမနှပ်ဟု အမည်ရသည့် လက်ဖက်ချဉ်စပ်အဖြစ် ရောက်ရှိလာပြီး ယင်းကို ထုတ်လုပ် ရောင်းချသွားတော့မည်ဟု တေးသံရှင် သားစိုးက ပြောကြား သည်။
မြန်မာသံတေးသီချင်းများကို ခေတ်ပေါ်ရက်ပ်ဂီတနှင့် ပေါင်းစပ်ပြီး ဂီတအသစ်အဆန်းများကို ပရိသတ်ကို ပေးအပ် တတ်သည့် တေးသံရှင် သားစိုးသည် ''ရောသမမွှေ''တေး စီးရီးဖြင့် ဂီတလောကတွင် အောင်မြင်မှုများရရှိခဲ့သူဖြစ်သည်။ လာမည့် ဇူလိုင် ၄ ရက်သည် သားစိုး၏ သားဖြစ်သူမွေးနေ့ဖြစ်ပြီး ယင်းနေ့တွင် အမှတ်တရအဖြစ် ရောသမနှပ် လက်ဖက်ချဉ်စပ်ကို ရောင်းချပေးသွားရန် တက်ကြွစွာစီစဉ်နေကြောင်း သားစိုးက ပြောသည်။
''လက်ဖက်ဆိုတာ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ မပါမဖြစ် အစားအစာတစ်မျိုးလို့ ထင်ပါတယ်၊ ကျွန်တော် ကိုယ်တိုင်လည်း လက်ဖက်သိပ်ကြိုက်တယ်၊ လက်ဖက် ရောင်းဖို့ ပြင်ဆင်ခဲ့တာ ၂ဝ၁၄ ခုနှစ်ကတည်းကပါပဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးဘက်မှာ စောင်းလျားသီး လိုက်ရှာတယ်၊ ရှမ်းပြည်က လက်ဖက်ကိုယူတယ်၊ ၂ဝ၁၅ ခုနှစ် မှာစပြီး အရသာရတယ်၊ သီချင်းမှာ ရောသမမွှေတုန်းက ဆိုင်းသံကို ဒရမ်သံ၊ ဘေ့စ်သံ လေးတွေထည့်သလို အခု လက်ဖက်မှာလည်း စောင်းလျားသီး၊ ပုစွန်ခြောက်နည်းနည်းစီရောပြီး အရသာဖော်ထားတယ်၊ ကျွန်တော်ကိုယ်တိုင် အရသာစပ်တယ်၊ နောက်ပိုင်းတော့ ကြီးကြပ်ရုံပဲ လုပ်မှာပါ၊ ဇူလိုင် ၄ ရက်မှာ ရှူးရှဲရောသမနှပ်နဲ့ မိတ်ဆက်ပေးဖို့ရှိပါတယ်''ဟု သားစိုးက ပြောသည်။
လူတန်းစားမရွေးစားသုံးနိုင်ရန် ငွေကျပ် ၅ဝ၊ ငွေကျပ် ၅ဝဝ နှင့် ငွေကျပ် ၅ဝဝဝ တန် လက်ဖက်များကို ရောင်းချပေးမည် ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဖက်ကို အခြားနိုင်ငံများအထိ တင်ပို့ ရောင်းချရန်လည်း သားစိုးက စိတ်ကူးထားသည်။
''အွန်လိုင်းကနေ လက်ဖက်ကို နိုင်ငံခြားပို့ကုန်အထိ ဖြစ်အောင် ကျွန်တော်ကြိုးစားမယ်၊ စံချိန်စံòန်းကိုလည်း သတိထားပြီး သတ်မှတ်ထားတဲ့ စံချိန်စံòန်းနဲ့အညီ လုပ်နေ တယ်''ဟု သားစိုးကပြောကြားပြီး ''လက်ရှိ အနုပညာလှုပ်ရှားမှု အတွက်လည်း ''ရောသမဂိုဏ်းချုပ်''ဆိုပြီး စီးရီးတစ်ခုလုပ်နေ ပါတယ်၊ ဂျပန်မှာ ဖြန့်နိုင်မယ့်ရက်ကို ရွေးချယ်နေတယ်၊ နိုင်ငံ ရပ်ခြားမှာ ဖြန့်မှာဆိုတော့ အခက်အခဲတွေကတော့ အများကြီး ပဲ၊ ဂျပန်ပရိုဂျူဆာကလည်း မြန်မာအနုပညာသမားနဲ့ တွေ့ရတာ ဆိုတော့ပြောရ၊ ဆိုရ၊ ညှိရတာ သူလည်းပင်ပန်းရှာတယ်၊ ဒါကြောင့် နည်းနည်းကြာနေတယ်၊ ဒီဇိုင်းတော့ပြီးသွားပြီ၊ အခွေကူးတာလည်းပြီးပြီ၊ ဖြန့်ချိဖို့တစ်ခုပဲ ကျန်တော့တာမို့ အားပေးကြစေချင်တယ်''ဟု၎င်းက ဆက်လက် ပြောကြားသည်။
ကိုလင်း