၂၁ ဇွန်
ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာဟာ အချစ်ဟောင်းတစ်ဦးဖြစ်တဲ့ ဟေးလေးဘော်ဝင်နဲ့ ဇာတ်လမ်းတွေပြန်စရင်း မီဒီယာစာမျက်နှာတွေပေါ်မှာ နေရာယူထားခဲ့ချိန်မှာတော့ ဆယ်လီနာဂိုမက်ဇ်ဟာ အီတလီကို ရောက်ရှိနေပြီး တစ်ကိုယ်တည်းသမားတစ်ဦးရဲ့ဘဝကို အကောင်းဆုံးပုံစံမျိုးနဲ့ ဖြစ်သန်းနေတာ ဖြစ်တယ်လို့ ကော်စမိုပိုလီတန် ဒေါ့ကွန်းမှာ ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
လတ်တလောမှာ ဆယ်လီနာဂိုမက်ဇ်ဟာ ရောမကို ရောက်ရှိနေပြီး “Wizards of Waverly Place” မှာ သူ့ရဲ့အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားဒေးဗစ်ဟင်နရီနဲ့ အတူတွဲဖက်ကာ ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရပါတယ်။ ဇွန် ၁၈ ရက်မှာ ဆယ်လီနာဂိုမက်ဇ်ဟာ ရောမကို ရောက်ရှိနေပြီးယခုလို ဓာတ်ပုံရိုက်ခဲ့ကြောင်း ပရိသတ်တွေက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆယ်လီနာဂိုမက်ဇ်ဟာ ယင်းခရီးစဉ်အတွင်း ပရိသတ်တွေနဲ့ တွဲဖက်ကာ ဓာတ်ပုံတွေ ရိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
ဆယ်လီနာဂိုမက်ဇ်နဲ့ ဒေးဗစ်တို့ဟာ အလွန်ခင်မင်ကြသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကလေးဘဝကတည်းက ဒစ်စနေရဲ့ သရုပ်ဆောင်တွေအဖြစ် အတူထွန်းတောက် လာခဲ့ကြသူတွေပါ။ ဆယ်လီနာဂိုမက်ဇ်ဟာ ဒေးဗစ်ရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့ပြီး မင်္ဂလာမောင်နှံအတွက် အမှတ်တရ ဆုတောင်းစကားတွေကိုလည်း သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
သတင်းရင်းမြစ်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ ဆယ်လီနာဂိုမက်ဇ်နဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ အချစ်ဇာတ်လမ်းဟာ တကယ့်ကို ပြီးဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ ဆယ်လီနာဂိုမက်ဇ်ဟာ ဂျက်စတင်ဘီဘာကို လူသားတစ်ဦးအနေနဲ့ လေးစားပေမယ့် သူနှစ်သက်တဲ့အရာတွေကို လုပ်ဆောင်နေရတာကိုသာ ကြိုက်တာကြောင့် ဂျက်စတင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်လီနာဂိုမက်ဇ်ဟာ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လုံးဝပြောကြားခြင်း မရှိတော့တဲ့အပြင် အဆက်အသွယ်လည်း လုံးလုံးပြတ်တောက်သွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်