၂၁ ဇွန်

တေးရေး ဆရာ ဟင်္သာတမြင့်ငွေ  သားလည်းဖြစ် အဆိုတော် ရှင်ဖုန်း၏ အစ်ကိုဖြစ်သူ အဆိုတော်ဖြိုးကြီးမှာ " အထည်ကြီးပျက်" ဟုအမည်ရသည့် သီချင်းကြောင့် ပရိသတ်များ သတိထားမိလာခဲ့ရာမှ ယနေ့ထိတိုင် ဖြိုးကြီး သီချင်းများကို ပရိသတ်များက အားပေးနားဆင်နေဆဲဖြစ်သည်ကို မြင်တွေ့ရသည်။

"ကျွန်တော် ဇွန်၂၃ ရက်မှာ သီချင်းတစ်ပုဒ်ကို အွန်လိုင်းမှာ တင်ပါမယ်။ လာမယ့် တစ်လ၊ နှစ်လဝန်းကျင် အတွင်းမှာ တစ်ကိုယ်တော်စီးရီးသစ်ထွက်မယ်။သီချင်းစုစုပေါင်း  ၁၃ ပုဒ်ထည့်ထားပါတယ်။ အမှန်က သီချင်းအသစ် ၁၁ပုဒ်သာပါဝင်ပြီး ဗားရှင်းပြောင်းပြီး သီဆိုထားတာက တစ်ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ Instrumentအနေနဲ့က တစ်ပုဒ်ပါတယ်။ ကိုမောင်မော်ဇော်လတ် ရေးထားပေးတဲ့ ရက်စက်လိုက်တာ သီချင်းကိုတော့ Myanmar Music Storeနဲ့ Myanmar Music Network ကနေ တင်မယ်။ Download လုပ်လို့ ရမယ့် Link တွေ လွယ်အောင်လို့ပါ။ Music Video MTV လေးလည်းပါပါမယ်။၁၃ပုဒ်ပါမယ့် အယ်လ်ဘမ် ကတော့ "ငါ့ရဲ့အရာရာ"လို့ပေးထားပါတယ်။"ငါ့ရဲ့အရာရာ" သီချင်းက အောင်လ ရေးပေးထားတာပါ။ သီချင်း ကတော့ အချစ်သီချင်းလေးပါ။ တစ်ခွေလုံးအတွက်စဉ်းစားတော့ ကျွန်တော်လုပ်နေတဲ့ အနုပညာနဲ့ ကျွန်တော့် ဘဝမှာ ခံစားလို့ရသမျှအနုပညာအားလုံးပေါ့  အခုချိန်အထိ ခံစားရသမျှကို ပရိတ်သတ်အတွက် ပေးချင် တယ်။ကျွန်တော့်အတွက် အရာရာဆိုပြီးတော့ပေါ့။ ဒါကြောင့် အခွေနာမည်ကို အဲဒီလိုပေးဖြစ်တာ”ဟု ဖြိုးကြီးက ပြောကြားသည်။

သီချင်းအများစုမှာ အချစ်သီချင်းများဖြစ်ပြီး ပရိသတ်နှင့် ဝေးချိန်များတွင် အခွေထုတ်ဖြစ်ရန်အတွက် ကြိုးစားခြင်း ဖြစ်ကြောင်း၊ နားထောင်ဝေဖန်ပေးကြရန်နှင့် အခွေအတွင်း ဂီတမျိုးစုံပါဝင်ကြောင်း၊ အများစုမှာ ဖြိုးကြီးသီဆိုနေကျ ပုံစံများပင်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းတွင် စုစုပေါင်း နှစ်ပုဒ်ခန့် တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါအယ်လ်ဘမ်တွင် တေးရေးဆရာ ရှစ်ဦး၏ သီချင်းများပါဝင်ပြီး ဖြိုးကြီးကိုယ်တိုင်လည်း တေးသီချင်းများ ရေးသားထားကြောင်း သိရသည်။ “ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့လေ။ ကျွန်တော်က ကိုယ်မလုပ်တတ်တဲ့ အနုပညာဆိုရင် လုံးဝမလုပ်ပါဘူး။ အွန်လိုင်းမှာတင်ပေးရတာကလည်း အပြောင်းအလဲ တစ်ခုဖြစ်အောင်ပါ”ဟု ဖြိုးကြီးကပြောကြားသည်။

ကိုလင်း