၂၁ ဇွန်

 

" နေရယ် လရယ် အမှန် တရားရယ်" ဟုအမည်ရသည့်  ရုပ်သံဇာတ်လမ်းတွဲတွင် ရှေ့နေမလေး တစ်ဦး အဖြစ် မြင်တွေ့ခဲ့ရသည့် သရုပ်ဆောင် ဆုပန်ထွာက အနုပညာ လုပ်ငန်းများကို ပုံမှန်လုပ်ကိုင်ဖြစ်နေကြောင်း သိရသည်။ လတ်တလော ဖြစ်ပေါ်ခံစားနေရသော အနုပညာအပေါ် ထားရှိသည့် ခံစားမှုများကို မြန်မာ့အလင်းသို့ ယခုကဲ့သို့ ပြောကြားသည်။

 

“ ဇာတ်လမ်းတွဲတွေ ပေါ်လာတော့ ပိုကောင်းတာလို့ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်တွေကလည်း ကိုယ်ဝါသနာပါတာလေးကို အချိန်စောင့်စရာမလိုဘဲ ရိုက်ရတာပေါ့။ ဗီဒီယိုဈေးကွက်က နည်းနည်း လျော့ကျလာတယ်ဆိုတော့  ဒီလိုလေးတွေရှိတော့ အဆင်ပြေပါတယ်။

 

ဗီဒီယို ဈေးကွက်က ပျက်တယ်လို့သာဆိုပေမယ့် ကျွန်မတို့ ကွက်တိကွက်ကျားတော့ရိုက်ဖြစ်နေတယ်။ အရင်ကလောက်တော့ မရိုက်ရတော့ဘူးပေါ့။ ဇာတ်လမ်းတွဲလေးတွေရိုက်ဖို့တော့ ခဏခဏ လာငှားကြပါတယ်။ အဲဒီလို လာတဲ့အခါ ကျွန်မကတော့ ဇာတ်လမ်းကိုကြည့်တယ်၊ ကိုယ့်အတွက် လုပ်ကွက် ဘယ်လောက်ကျန်မလဲ၊ ပရိသတ်အတွက်ရော ဘယ်လိုအကျိုးဖြစ်စေမလဲ  ဆိုတာကိုလည်း သတိထားတယ်။ "မနေ့ကဖြစ်သည်" (၂) တို့ " နေရယ်လရယ်အမှန်တရားရယ်" စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကိုယ်က အဓိကနေရာကနေ လုပ်ရတာလေ နောက်ပိုင်းလာငှားတာတွေက ကိုယ့်အတွက်လုပ်ကွက်လည်း နည်းတာကြောင့် မရိုက်ဖြစ်တာပါ " ဟု ဆိုသည်။

 

ဇာတ်လမ်းရိုက်ကူးမူပိုင်းတွင် သရုပ်ဆောင် တက်သစ်စလူငယ်များထံကလည်း ပညာသစ်များ ကြုံတွေ့ခဲ့ရကြောင်း၊ လူငယ်သရုပ်ဆောင်များသည်လည်း   လေးစားလောက်စရာ အနုပညာ အရည်အချင်းများ ရှိနေကြောင်း၊ မိမိအနေဖြင့်တော့ ဇာတ်အိမ်ကောင်း၍ လုပ်ကွက်ရသည့် ဇာတ်ကားများဆိုပါက ရိုက်ကူးလိုကြောင်း ဆုပန်ထွာက ပြောကြားသည်။

 

ကိုလင်း