ရန်ကုန် ၂၄ ဇွန်     

      

နိုင်ငံလုံးဆိုင်ရာ မြန်မာ့ဂီတနေ့ကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)အနေဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၌ ကျင်းပသော မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ခြောက်ကြိမ်မြောက် အကြိုမြန်မာ့ဂီတနေ့ အခမ်းအနားမှသိရသည်။

 

" မြန်မာနိုင်ငံမှာ နေ့ကြီး/ရက်ကြီးတွေ/အထိမ်းအမှတ်နေ့တွေ/တိုင်းရင်းသား ညီအကိုမောင်နှမတွေနဲ့ပတ်သက်တဲ့နေ့တွေ အများကြီးရှိတာပေါ့။ ဒီအပေါ်မှာ အနုပညာနဲ့ပတ်သက်ပြီး စာဆိုတော်နေ့/ရုပ်ရှင်နေ့/ ဆိုတာတွေရှိတယ်။ အနုပညာစွမ်းအားရှိတဲ့ ဂီတကျတော့ အထိမ်းအမှတ်နေ့ မရှိဘူးဖြစ်နေတယ်။ ဒါကို အသိအမှတ်ပြုစေဖို့ပေါ့  ဂီတပညာရှင်တွေ စုရုံးပြီးတိုင်ပင်ခဲ့တယ်။ အဲ့ဒီမှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တမျိုးသား လုံးစည်းလုံးညီညွှတ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေးကို အကြောင်းပြုပြီး နိုင်ငံတော်သီချင်းအစ အမျိုးသားသီချင်း ဒို့ဗမာအစည်းအရုံးကနေ ဒိုဗမာသီချင်းက ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီသီချင်းကို YMBA ဆရာတင်ရေးသားခဲ့တာပါ။ ၁၉၃၆ ခုနှစ် ဇွန် လ ၂၇ ရက်နေ့ မှာ ဒီသီချင်းကို နိုင်ငံတော်သီချင်းအဖြစ် ဆုံးဖြတ်ခဲ့တယ်။အဲ့လို ဂီတပညာရှင်ကြီးတွေရဲ့အမွေကိုယူတဲ့အနေနဲ့ ဂီတပညာရှင်တွေရဲ့ အကြံဉာဏ်ကိုရယူပြီး ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်နေ့ကနေစပြီး မြန်မာ့ဂီတနေ့အဖြစ် ဆောင်ရွက်ခဲ့တာ အခုဆို ခြောက်နှစ်ရှိလာပြီပေါ့။ ဂီတသမားတွေအနေနဲ့ ကိုယ့်ဂီတ ကိုယ့်နေ့ကိုကိုယ်ရေးနေတယ်ဆိုတာ အများပြည်သူသူစေဖို့ နိုင်ငံတော်ကလည်း သိစေဖို့ဆောင်ရွက်နေခြင်းလဲဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။

 

ယခုအခါတွင် ၂၀၁၃ ခုနှစ် မှစတင်ကာ မြန်မာ့ဂီတနေ့အခမ်းအနားများကို  ရန်ကုန်တိုင်းဒေသကြီးအပါဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့နယ်များအလိုက် ဇွန် ၁၆ မှ ၃၀ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ မြို့နယ်အဆင့် မြန်မာ့ဂီတနေ့ အခမ်းအနားများတွင် နာမည်ကြီးဂီတ ပညာရှင်များ၏ အဆို/အက /တေးသရုပ်ဖော် များ/မြန်မာ့ဂီတ သီချင်းများ ကို ယိမ်းအကများဖြင့် တွဲဖက်ကာဖျော်ဖြေတင်ဆက်ကြောင်း သိရသည်။ ထိုဂီတနေ့အခမ်းအနားများ တွင်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏  မြန်မာသံစဉ် တေးသီချင်းများကို ဦးစားပေး သီဆိုဖျော်ဖြေကြကြောင်း သိရသည်။ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)အနေဖြင့် ဇွန် ၂၇ ရက်နေ့တွင် နိုင်ငံတော်အဆင့်အနေဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရသည်။ 

 

မျိုးမင်းသိန်း(မရမ်းကုန်း)