ဇွန် ၂၇
Miss Now How 2016 တွင် Popular Award ဆုကို ရရှိခဲ့ပြီး အမေရိကန်နိုင်ငံတွင် ကျင်းပသည့် Miss Grand International 2016 Beauty Pageant သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် နန္ဒာလွင်မှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝါသနာပါသည့် သရုပ်ဆောင်လုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် K Miss Grand International Myanmar အဖြစ် ရွေးချယ်မှုကို သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ “သူတို့ရဲ့ Organization နဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေနဲ့အတူ လေ့ကျင့်ကြရတယ်၊ လေ့လာရေးခရီးတွေ သွားကြရတယ်” ဟု အလှမယ် နန္ဒာလွင်က ပြောသည်။
အလှမယ်လမ်းကို လျှောက်လှမ်းခဲ့ရသည့် အဓိက မျှော်လင့်ချက်မှာ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လိုခြင်းကြောင့်ဟု နန္ဒာလွင်က ပြောကြားပြီး လက်ရှိ သင်ယူနေဆဲ ကာလတွင်ကြိုးစား၍ အနုပညာ ဆရာသမားများထံက သင်ယူလေ့လာလျက်ရှိကြောင်း သူကပြောသည်။မြဝတီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့် “ချစ်ခြင်း စတုဂံ” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်နေပြီး ယင်း ဇာတ်လမ်းတွဲကို ဒါရိုက်တာ လွင်ဗိုရိုက်ကူးခြင်းဖြစ်သည်။ ခါရာ၊ မင်းမြတ်စိုးစံတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားပြီး အချစ်၊ အက်ရှင်၊ ဒရာမာ ရသမျိုးစုံပါဝင်မည့် ဇာတ်ကားဖြစ်သည်။
“ချစ်ခြင်းစတုဂံ” ရုပ်သံဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံတွင် သွားရောက်ရိုက်ကူးထားခြင်း ဖြစ်သည်။ “ ဇာတ်လမ်းထဲမှာ ဆိုးတဲ့ဇာတ်ရုပ်ကနေ သရုပ်ဆောင်ရပါတယ်။ မိဘကလည်း အလိုလိုက်ထားပြီး ဆိုးသွမ်းတဲ့ ဇာတ်ရုပ်ပါ။ နောက်ကားတွေကတော့ ကားကြီးလေးကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတဲ့ကားတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုပြေတီဦးနဲ့ မစမိုင်းလ်တို့နဲ့ တွဲဖက် သရုပ်ဆောင်ခွင့် ရပါတယ်။ မင်းသမီးတစ်ယောက်ဖြစ်ချင်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားပါတယ်။ ဟာသဇာတ်လမ်း သဘောမျိုးပေါ့။ အားလုံးကိုလည်း အားပေးပါလို့ ပြောချင်ပါတယ်”ဟု နန္ဒာလွင်က ပြောသည်။
ကိုလင်း