ဇွန် ၂၇

တေးရေး စည်သူမင်း ရေးသားထားသည့် “လရိပ်” ဟုအမည်ပေးထားသော တေးသီချင်းပိုင်ရှင်၊ “သံစဉ်များနဲ့ ကမ္ဘာ”သီချင်းဆိုပြိုင်ပွဲတွင် Winner   တစ်ယောက်ဖြစ်ခဲ့ပြီး ဂီတလောကတွင် ရပ်တည်နေနိုင်ခဲ့သူ အဆိုတော် ဖြိုးပြည့်စုံ က သူ၏ ပထမဆုံး တစ်ကိုယ်တော်ခွေ ဖြစ်သည့် “မျှော်နိုင်သမျှ” တေးစီးရီးကို Audio CD အဖြစ် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး MTV  အဖြစ် ယခုလ ၂၉ ရက်တွင် The Sun Music တေးထုတ်လုပ်ရေးမှ ဖြန့်ချိသွားမည်ဟု သိရသည်။

“ အခုဆို အားလုံးမျှော်လင့်ထားတဲ့အတိုင်း ပရိသတ်ဆီကို ပို့ပေးနိုင်ပါပြီ။ ကျွန်တော့်ကိုအချိန်ပေးပြီး အားပေးကြတာတွေကို အစဉ်အမြဲလေးစား အသိအမှတ်ပြုလျက်ပါ။ သီချင်းလေးတွေကကြာပြီ၊ ပရိသတ်လည်း ရိုးပြီး အီနေလောက်မယ်လို့ထင်ပေမယ့် ရုပ်ပိုင်းကို ခံစားစေချင်တဲ့ဆန္ဒကြောင့် အခုလိုထွက်ရှိလာရခြင်း ဖြစ်ပါတယ်။ ကျွန်တော် ရိုက်ကူးမှုပိုင်းမှာဆို မကြည်ဖြူသျှင်က ဒါရိုက်တာအဖြစ် မေတ္တာနဲ့ ပါဝင်ကူညီရိုက်ကူးပေးကြတယ်။ အဲဒီလိုပဲ အနုပညာရှင်တွေအကုန်လုံးနီးပါး မေတ္တာနဲ့ ပါဝင်ပေးကြတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော့် MTV  ကို ၂၀၁၆ ခုနှစ် ၅ လပိုင်းလောက်မှာ စရိုက်တာဆိုတော့ အခုဆို နှစ်နှစ်နီးပါးလောက်တော့ ရှိပါပြီ။

“အချစ်ဦး”  သီချင်းလေးကိုလည်း ပရိသတ်တွေ ရသတစ်မျိုး ခံစားရအောင် ရုပ်ပိုင်းကို သေချာဖန်တီးထားပါတယ်။ ဒီအခွေလေးကို ကျွန်တော် အများကြီး ကြိုးစားထားပါတယ်။ ကြိုးစားမှုလေးကိုလည်း ပရိသတ်အသိအမှတ်ပြုစေချင်ပါတယ်။ ပထမ Audio CD တုန်းကလိုပဲ အခုအခွေလေးကိုလည်း အားပေးစေချင်ပါတယ်။ ပရိသတ်က အဲဒီတုန်းက အားပေးခဲ့တာကြောင့် ဖြိုးပြည့်စုံဆိုပြီး ဒီသုံးနှစ်အတွင်းမှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပရိသတ်ရဲ့ အားပေးမှုကြောင့်ပေါ့နော်” ဟု အဆိုတော် ဖြိုးပြည့်စုံက ပြောသည်။

အဆိုပါ တေးစီးရီးတွင် တေးရေး ဝင်းမင်းထွေး၊ မင်းချစ်သူ၊ ကေအေတီ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ စနေကျော်၊ အငဲ၊ နေထိုက်စိုး၊ စည်သူမင်း၊ ဖြိုးပြည့်စုံ၊ ဝေကြီး တို့ ရေးသားထားသည့်သီချင်း ၁၁ ပုဒ်ပါဝင်ပြီး ဖြိုးပြည့်စုံသည် လက်ရှိတွင် သင်္ကြန်လေညှင်းလုလင်နှင့် အခြားတေးစီးရီးများထွက်ရှိထားသော်လည်း အမ်တီဗီမှာ ပထမဆုံးအကြိမ်အဖြစ် ထွက်ရှိခြင်းဖြစ်သည်။ အခွေတွင် ဒါရိုက်တာ ကြည်ဖြူသျှင်၊ အောင်မြတ်၊နေဟိန်း၊ စိုင်းအောင်ထွန်းနှင့် ဖြိုးပြည့်စုံ တို့က ရိုက်ကူးထားပြီးနေတိုး၊ အောင်ရဲလင်း၊ ထွန်းထွန်း၊ ထွန်းကိုကို၊ ဝိုင်းစုခိုင်သိန်းနှင့် မိုးစက်ဝိုင်စသည့် နာမည်ကျော်သရုပ်ဆောင်များက ပါဝင် အားဖြည့်ထားကြသည်။

ကိုလင်း