၂၈  ဇွန်

 

ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ တွမ်ဟာဒီကို တစ်ချိန်က ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသားကြီး ပီယပ်ဘရော့စ်နန်က လာမယ့်ရုပ်ရှင်သစ်မှာ ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် မျက်စိကျနေကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းမှာ ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

 

လတ်တလောမှာ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပီယပ်ဘရော့စ်နန်က ရုပ်ရှင်တစ်ကားကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် သရုပ်ဆောင်တစ်ဦးကို လိုအပ်နေတယ်ဆိုပါက ယင်းသရုပ်ဆောင်မှာ တွမ်ဟာဒီသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက တွမ်ဟာဒီအနေနဲ့ ဂျိမ်းစ်ဘွန်းမင်းသားသစ် ဖြစ်သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

 

ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရက်ဂျ်ကလည်း ဘွန်းမင်းသားအဖြစ်မှ အနားယူတော့မှာဖြစ်တာကြောင့် ပီယပ်ဘရော့စ်နန်က တွမ်ဟာဒီကို နာမည်ကျော် အထူးစုံထောက်ဇာတ်ကောင် ဂျိမ်းစ်ဘွန်းအသစ် ဖြစ်လာရေး စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ပီယပ်ဘရော့စ်နန်က တွမ်ဟာဒီဟာ တကယ့်ကို ကောင်းမွန်တဲ့ ဘွန်းမင်းသား တစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ သူဟာရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့အပြင် ရုပ်ရည်ဟာလည်း လူသတ်နိုင်တဲ့သူတစ်ဦး ပုံပေါ်ကြောင်း၊ သူဟာ ပင်ကိုက လူတစ်ဦးကိုသတ်နိုင်တဲ့သူရဲ့ပုံပေါ်နေကြောင်း မေးလ်အွန်ဆန်းဒေးအီးဗန့် မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဘွန်းမင်းသားဟောင်းက တွမ်ဟာဒီကို ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် မြင်တွေ့ခွင့်ရပါက အလွန်ပျော်ရွှင်မိမှာ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်