ရန်ကုန် ၂၉ ဇွန်
၂၀၁၈ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စီစဉ်တင်ဆက်သည့် “တင့်တယ်လှပမှုပုံရိပ်များ ပြန်လည်ရှင်သန်ခြင်းပြပွဲနှင့် အမျိုးသမီးရေးရာအငြိမ့်” ဖျော်ဖြေပွဲကြီးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည်။
အဆိုပါ ဖျော်ဖြေမှု အစီအစဉ်တွင် တေးသီချင်းများ ဖျော်ဖြေခြင်း၊ ဒီဇိုင်နာ မေမြတ်ဝါဆို၏ မဒီဟန်ချီ ဆေးရေးပန်းချီ၊ ဒီဇိုင်နာမျိုးမင်းစိုး၏ ခေတ်များအလိုက် သူတို့အကြိုက်၊ ဒီဇိုင်နာ မေသဉ္ဇာသိမ့်၏ တိုင်းရင်းစုံလင် ရိုးရာအဆင်၊ ပြင်ဆင်ခြယ်သ ရှုမဝ စသည့် ဝတ်စားဆင်ယင် ပြင်ဆင်ခြယ်သမှုများဖြင့် ပြသဖျော်ဖြေကြောင်း သိရသည်။
ထို့ပြင် တေးသီချင်းများကို အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်ကာ သီဆိုသည့် “သွေးသားရင်းခြာ အနုပညာ လက်ဆင့်သယ်ကမ်းဂီတပန်း” အစီအစဉ်တို့အပြင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရန် “အကြမ်းဖတ်ဆူးမှ ဝေးစေချင်” တစ်ခန်းရပ် ပြဇာတ်ဖြင့် ဖျော်ဖြေခဲ့သည်။
“အမျိုးသမီးရေးရာ အငြိမ့်” ကဏ္ဍကို ဆက်လက်ဖျော်ဖြေရာ အနုပညာရှင်များဖြစ်ကြသည့် ကျော်ရဲအောင်၊ ဝေဠုကျော်၊ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ကြက်ဖတို့မှ လူရွှင်တော်များအဖြစ် ဆောင်ရွက်ကာ ဂျင်းနီနှင့် ငြိမ်းချမ်းခိုင်တို့က ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲကို ဒါရိုက်တာ ဒေါ်မြတ်မြတ်ဦး၏ စိတ်ကူးပုံဖော်မှုကို ဒေါ်ခင်လှမြင့် (ခင်မေခ)မှ အားဖြည့်ကူညီကာ၊ John Lwin (Star Event Production) မှ ပံ့ပိုးကူညီကာ နိုင်ငံကျော်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ Stars & Models Int'l မှ မော်ဒယ်များနှင့် အနုပညာရှင်မြောက်မြားစွာက အားဖြည့်ကူညီပါဝင် ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကများနှင့် ဥက္ကဋ္ဌတို့က ပွဲစီစဉ်သူနှင့် ပါဝင်ကူညီခဲ့သူများကို ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့သည်။
အဆိုပါဖျော်ဖြေပွဲကြီးကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က (၁၅)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အများပြည်သူ ကြည့်ရှုနိုင်ရန် ဇွန် ၃၀ ရက် ည ၇ နာ၇ီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်
သတင်း-အေကေလင်း
ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)