ရန်ကုန် ၂၉ ဇွန်

အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်သည့် “ငဒူ” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း အကြိုမိတ်ဆက်ပွဲကို ယနေ့ နံနက် ၇နာရီ ခွဲက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ ကျင်းပခဲ့ပြီး ယနေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ရုံတင် ပြသလျက်ရှိသည်။

“ငဒူ” ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ်ဆောင်များဖြစ်သည့် မြင့်မြတ်၊ မင်းဦး၊ ရွှေမှုန်ရတီ၊ နန်းဆုဦးတို့နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က “ငဒူ မြင့်မြတ် ဆိုတဲ့ ကောင်လေးက ကျပ်မပြည့်ဘူးဆိုပေမယ့် လူကိုကူညီချင်တဲ့ စိတ်ရှိတယ်။ တစ်ရွာလုံးမှာ သူရှိမှဖြစ်မယ့်ပုံစံမျိုး သူကူညီတယ်။ ဒါပေမယ့် သူ ကူညီလိုက်တိုင်း တလွဲတွေဖြစ်တယ်၊ ရယ်စရာ လေးတွေပေါ့။ ဒီနေ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ကျွန်တော်ကိုယ်တိုင် ကြည့်လိုက်တော့ မျက်ရည်ကျခဲ့ရတယ်။ လူ့ဘဝမှာ ချမ်းသာပြီးတော့ လောကကြီးအတွက် အသုံးမကျရင် အဓိပ္ပါယ်မရှိဘူး၊ ငဒူ ဆိုရင် မချမ်းသာဘူး၊ ဒါပေမယ့် လူ့ဘဝမှာ အကျိုးပြုတဲ့ သူတစ်ယောက်ဖြစ်တယ်။ အဲဒါလေးကို မက်ဆေ့ ပေးချင်ပါတယ်။ အပြင်မှာဖြစ်နေတာကို ရုပ်ရှင်က ဖန်တီးပေးတာပါ။ ထုတ်လုပ်သူတွေက ဒီဇာတ်ကားရဲ့ ဝင်ငွေ တစ်စိတ် တစ်ဒေသကို မိဘမဲ့ကျောင်းတွေကို သွားလှူမှာပါ။ ဒီမှာရုပ်ရှင်လာကြည့်ကြတဲ့ ပရိသတ်တွေအားလုံး အလှူရှင်တွေပါပဲ။ အလှူလည်းလုပ်ရင်း ရုပ်ရှင်ကို အားပေးကြပါ”ဟု ပြောသည်။

ဇာတ်လမ်း-ဓနုတ်ကိုကိုဇော်က “ဒီဇာတ်လမ်းလေး ရေးဖြစ်တာက မိဘမဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး မက်ဆေ့လေးပေးချင်တာနဲ့ ရေးဖြစ်ခဲ့တယ်။ ငဒူ ဆိုတဲ့ ပုံစံလေးကို အပြင်မှာလည်း ကြုံဖူးတာရှိတယ်။ ကြုံဖူးတာနဲ့ လက်ရှိစိတ်ကူးနဲ့ ပေါင်းစပ်ပြီး လက်ရှိဖြစ်နေတာနဲ့ လျော်ညီအောင် မိဘမဲ့ကလေးတွေ အကြောင်း ဖန်တီး ဖြစ်ခဲ့တာပါ။ လူတိုင်းမလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို ဉာဏ်ရည်မမီတဲ့သူက အသက်ပေး ပြီးတော့ ကာကွယ်ပေးနိုင်တာကို ဒီဇာတ်ကားမှာ အဓိက ပြသထားပါတယ်။ ဇာတ်လမ်းလေးကိုကြည့်ရတာ ကျေနပ်အားရမှုလည်း ရှိပါတယ်။ ဒီဇာတ်လမ်းလေးက မိဘမဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး အဓိကပုံဖော်ပေးတဲ့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ ဇာတ်လမ်းဆရာ တစ်ယောက်အနေနဲ့ အားလုံးကို ကျေနပ်ပါတယ်” ဟု ပြောသည်။

သရုပ်ဆောင်ရွှေမှုန်ရတီက “ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သိပ်ပြီးအထွေအထူး ပြင်ဆင်ရတာမျိုး မရှိပါဘူး။ အဓိကကတော့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး လမ်းကြောင်း မလွဲအောင် သတိထားပြီး သရုပ်ဆောင်ရတာပဲ ရှိတာပါ။ လုပ်ယူပြီး ရယ်ရတဲ့ ဟာသမျိုး မဟုတ်ဘဲ အင်မတန် ချစ်စရာကောင်းပြီး ရယ်ရတဲ့ ဟာသမျိုးလေး ဖြစ်သွားတာပေါ့။ ပရိသတ်ရဲ့ လက်ခုပ်သံ၊ ပရိသတ်သဘောကျလို့ ရယ်တဲ့ အသံတွေဟာ ရွှေမှုန်တို့အတွက် အားဖြစ်စေပါတယ်။ ပြီးတော့ စိတ်မကောင်းဖြစ်လို့ ပရိသတ် အားလုံး ငြိမ်ကျသွားတဲ့ အချိန်ဟာ ရွှေမှုန်တို့အတွက် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားတွေဖြစ်စေပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ ကိုမြင့်မြတ် သရုပ်ဆောင်သွားတဲ့အပေါ်မှာ အင်မတန်မှ ရင်ထဲကိုထိပါတယ်။

ရင်ထဲနင့် နေအောင်ခံစားရပါတယ်။ ရွှေမှုန်ဒီလိုရုပ်ရှင် ဇာတ်ကားကောင်းတစ်ကားကို တစ်ဖက် တစ်လမ်းကနေ ပါဝင်ကူညီခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ရွှေမှုန်က ဘယ်နေရာကနေ ပါဝင်ရ ပါဝင်ရဆိုပြီး စိတ်နဲ့အမြဲလုပ်ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ရွှေမှုန် ကံကောင်းတယ်လို့ ပြောရမှာပါ။ ဒီလိုရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားမှာ ပါဝင်ခွင့်ရတာကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ပရိတ်သတ်ကြီး ဒီရုပ်ရှင် ဇာတ်ကားကို လာကြည့်မယ်ဆိုရင် အရှုံးမရှိဘူးလို့ ထင်ပါတယ်။ ရင်ထဲမှာ တစ်ခုခု ကျန်ပြီး အနုပညာ ရသတစ်ခုခုကို ခံစားသွားရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

“ငဒူ” ရုပ်ရှင်ဇာတ်ကားမှ ဦးဖိုးကင်း (ခေါ်) သရုပ်ဆောင် ကျော်ဇေယျက ပရိသတ်တစ်ယောက်အနေနဲ့ “ငဒူ” ရုပ်ရှင်ဇာတ်ကား ကြည့်တဲ့အခါမှာ ရှေ့ပိုင်းမှာတော့ ပျော်စရာလေးတွေကို ခံစားရပြီး နောက်ပိုင်းမှာတော့ ရင်ထဲနစ်နေအောင် ခံစားရပါတယ်။ သူကြိုးကြိုးစားစားနဲ့ တကယ်လေးလေးနက်နက် လုပ်ထားတာပါ။ တစ်ချို့ စကားလုံးလေးတွေက ဇာတ်ညွှန်းမရေးဘဲနဲ့ ပြောတာလေးတွေက ပရိသတ်ရင်ထဲမှာ ထိသွားတာ တော်တော်ကောင်းပါတယ်။ ပရိသတ်ရင်ထဲကို ထူးခြားတဲ့ ရသတစ်ခု ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်က “ပရိသတ်ကြည့်တဲ့အခါမှာ စိုးထိတ်စရာတွေ ဖြစ်ပြီး ရင်ထဲကို ပို့ပေးတာရောက်တယ်လို့ ကြားရတော့ ဝမ်းသာပါတယ်။ “ငဒူ” ရုပ်ရှင် ဇာတ်ကားထဲက “နှလုံးသားကြီးပြီး ဦးနှောက်သေးတယ်”ဆိုတဲ့ စကားလေးက ကျွန်တော့်ရင်ထဲကို ထိစေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ရယ်ရတဲ့ဟာသ အပိုင်းမှာ ဒါရိုက်တာပိုင်းရော၊ ဇာတ်ညွှန်း၊ ဇာတ်လမ်းရော၊ ကိုမြင့်မြတ်သရုပ်ဆောင်တဲ့ အပိုင်းမှာရော အားလုံး ကောင်းကြပါတယ်။ ကောင်းတယ်ဆိုတာက ညစ်ညမ်းတဲ့ ဟာသတစ်ခုမှ မပါဘဲ ချစ်စရာ ဟာသလေးဖြစ်သွားတယ်။ ဒီလို အကွက်မျိုးလေးတွေ တီထွင်နိုင်တာ အရမ်းပီတိဖြစ်ပါတယ်။ ဇာတ်ကားကို လာရောက်ပြီး အားပေးကြပါ။ ကြည့်တဲ့ပရိသတ်တွေလည်း လာကြည့်ရတာ တန်မှာပါ” ဟု ပြောသည်။

ဇာတ်ပို့သရုပ်ဆောင် ဟိန်းမင်း က “ဒီဇာတ်ကားမှာ ကပ္ပိယ နေရာကနေ ပါဝင်ရတယ်။ ငဒူ အဖြစ်သရုပ်ဆောင် မြင့်မြတ်ကို လမ်းမှန်ရောက်အောင် သူမသိတာကို သိအောင် ကပ္ပိယက ညွှန်ပြပေးရတာပေါ့။ ဒီဇာတ်ကားကို ရိုက်ကတည်းက အားရ ကျေနပ်ပါတယ်။ ကိုယ့်ကို တာဝန်ပေးတဲ့နေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အခါ ရင်ထဲမှာ တကယ်စိတ်မ ကောင်းဖြစ်မိတယ်၊ ဇာတ်လမ်း ဇာတ်ညွှန်းကအစ အားလုံး ပြည့်စုံတဲ့ ဇာတ်ကားလေးဖြစ်တယ်။ တကယ် လည်း ရင်ထဲကိုထိတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်။ ရွှေတောင်ယံရွာမှာ ရုပ်ရှင်ကားတစ်ကားမှ မရိုက်ကူးခဲ့ကြဘူး။ ရွာသူရွာသားတွေကလည်း အားလုံးကူညီပေးကြတယ်။ ငဒူ ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်ကား တစ်ကားလို့ ထင်မိပါတယ်”ဟုပြောသည်။

သတင်း- ဥမ္မာသန့်၊ မီမီဖြိုး၊ 

ဓာတ်ပုံ-ဇော်မင်းလတ်